【 အားကစား 】 ကိုဗစ်ကာကွယ်ဖို့ နှာခေါင်းစည်းဝတ်ဆင်ရန် ဂွာဒီယိုလာ တိုက်တွန်း

【 အားကစား 】 ကိုဗစ်ကာကွယ်ဖို့ နှာခေါင်းစည်းဝတ်ဆင်ရန် ဂွာဒီယိုလာ တိုက်တွန်း

"အားကစားကွင်းတွေအတွင်းမှာ နှာခေါင်းစည်း ဝတ်ဆင်ခြင်းမရှိတဲ့သူတွေရှိတယ်၊ ဒါဟာ ကျနော့်အတွက် တော်တော်အံ့သြဖို့ကောင်းတယ်ဗျ၊ လမ်းပေါ်မှာ လူတွေသွားလာနေတယ်၊ ကုန်တိုက်ကြီးတွေကို လူတွေသွားကြတယ်၊ မိသားစုအတွက် လက်ဆောင်ဝယ်ရမယ့်နေရာတွေကို လူတွေသွားကြတယ်၊ ဘယ်သူမှ နှာခေါင်းစည်း မဝတ်ကြဘူး" ဟု မန်စီးတီးအသင်း နည်းပြကြီး ဂွာဒီယိုလာ က ပြောကြားခဲ့ပါတယ်။

မကြာသေးမီက ဗြိတိန်အစိုးရထုတ်ပြန်ထားတဲ့ Plan B စည်းမျဉ်းများအရ ပရိသတ်များဟာ အားကစားကွင်းများသို့ ဝင်ရောက်ခွင့်ရရန် ကိုဗစ်ကာကွယ်ဆေး နှစ်ခါထိုးနှံပြီးစီးကြောင်း ဒါမှမဟုတ် ကိုဗစ်ကင်းစင်ကြောင်း အထောက်အထားတွေကို ပြသဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

ယမန်နှစ်က ကိုဗစ်ကပ်ရောဂါကြောင့် မိခင်ကို ဆုံးရှုံးခဲ့ရတဲ့ ဂွာဒီယိုလာဟာ ဒီလိုအဖြစ်မျိုးတွေကို ထပ်မမြင်တွေ့လိုတော့ပါဘူး။

ဗြိတိန်မှာ ကူးစက်မှုမြင့်တက်နေတဲ့ အိုမီခရွန်မျိုးကွဲကြောင့် ဘောလုံးပွဲတွေအတွင်း ပရိသတ်မပါဘဲ ကစားရမယ့်အလားအလာအပေါ် မေးမြန်းတဲ့အခါမှာ "ကျနော်မကြိုက်ပါဘူး" လို့ ဂွာဒီယိုလာ က ပြန်ဖြေခဲ့ပါတယ်။

အာဏာပိုင်တွေဘက်က ပြီးခဲ့သောနှစ်ကအတိုင်း ဘောလုံးပွဲစဉ်တွေကို ပရိသတ်များမပါဘဲ ဆက်လက်ကစားရန် စဉ်းစားနေတယ်လို့ ထင်ကြေးပေးမှုများလည်းရှိနေပါတယ်။

"ပရိသတ်တွေရဲ့ ရှေ့မှာ ကစားရတာနဲ့၊ ပရိသတ်တွေမပါဘဲ ကစားရတာ ဘယ်လောက်ကွာခြားတယ်ဆိုတာကို တွေးကြည့်လို့ကိုမရဘူး၊ အဲဒါ နှိုင်းယှဉ်စရာမဟုတ်ဘူး" လို့ ဂွာဒီယိုလာ က ဆိုပါတယ်။

"နောက်ဆုံးမှာ ကျနော်တို့ တံခါးပိတ်ပြီး ပရိသတ်တွေမပါဘဲ ပွဲစဉ်တွေကို ကစားခဲ့ရတယ်၊ ကမ္ဘာ့ဘောလုံးလောကရဲ့ စီးပွားရေးရှင်သန်စေဖို့၊ ရုပ်သံထုတ်လွှင့်သူတွေကို ကျနော် ကျေးဇူးတင်ပါတယ်၊ အဲဒီအတွက်ကြောင့် ကျနော်တို့ရဲ့ လစာငွေတွေကို ဆက်လက်ရယူနိုင်ခဲ့ပြီး ပရိသတ်တွေအတွက် ဘောလုံးဆက်ကစားနိုင်ခဲ့တယ်" လို့ ဂွာဒီယိုလာ က ပြောပါတယ်။

"နောက်တစ်ခါ ထပ်မဖြစ်တော့ဘူးလို့ မျှော်လင့်ပေမယ့်၊ တစ်ကမ္ဘာလုံးမှာ ကူးစက်မှုတွေ ပြန်ဖြစ်လာခဲ့တယ်၊  ဒီဖြစ်ရပ်ကြောင့် ကစားပွဲတွေကို ထိခိုက်စေပါလိမ့်မယ်၊ လူတွေက နှာခေါင်းစည်း မသုံးကြဘူး၊ ကျနော် အတော်အံ့သြမိတယ်၊ ကျနော်တို့ရဲ့ မိသားစုတွေနဲ့ ကျ‌န်တဲ့လူတွေကို ကာကွယ်နိုင်ဖို့နည်းလမ်းက လက်သန့်ဆေးရည်နဲ့ လက်ဆေးခြင်း၊ ခပ်ခွာခွာနေခြင်းနဲ့ နှာခေါင်းစည်း ဝတ်ဆင်ခြင်းတို့ပါပဲ၊ ဒါအကောင်းဆုံးနည်းလမ်းပဲ၊ နောက်ထပ်ပြောလိုတာက ကာကွယ်ဆေးထိုးကြပါ၊ ဘေးအကင်းဆုံးနည်းလမ်းကတော့ ကာကွယ်ဆေးပါပဲ" လို့ ဂွာဒီယိုလာ က ဆက်လက်ပြောကြားပါတယ်။

ဂွာဒီယိုလာ ပြောကြားခဲ့သလိုပဲ၊ လီဗာပူးလ်အသင်း နည်းပြကြီး ယာဂန် ကလော့ပ်ကလည်း ကစားသမားတွေ ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းမှုရှိခဲ့ပြီး၊ ကာကွယ်ဆေးမထိုးထားသော မည်သည့်ကစားသမားမဆို လီဗာပူးလ်အသင်းမှာ ကစားခွင့်ရမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

Linko
မန်ချက်စတာ၊ ဒီဇင်ဘာ - ၂၇