【 အားကစား 】 ချဲလ်ဆီးကြယ်ပွင့်ကို စိတ်ဝင်စားနေတဲ့ ဘာစီလိုနာ

【 အားကစား 】 ချဲလ်ဆီးကြယ်ပွင့်ကို စိတ်ဝင်စားနေတဲ့ ဘာစီလိုနာ

ရလဒ်ဆိုးတွေ ကြုံတွေ့နေရတဲ့ ဘာစီလိုနာအသင်းဟာ မန်စီးတီးအသင်းကနေ ဖာရန် တောရက်စ် ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိပြီးနောက် ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူးကို ‌ခေါ်ယူရေး ဆက်လက်စိတ်ဝင်စားနေတယ်လို့ စပိန်သတင်းထောက် ပိုလ် အလွန်ဆိုမှ ဖော်ပြခဲ့ပါတယ်။
 
မန်ယူအသင်းရဲ့ ဝါရင့်တိုက်စစ်မှူး အက်ဒီဆင် ကာဗာနီ ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့်လည်း မန်ယူအသင်းဘက်က ရောင်းချဖို့ အစီအစဉ်မရှိတာကြောင့် ချဲလ်ဆီးအသင်း တိုက်စစ်မှူးကို ခေါ်ယူရေး စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။
 
တိုက်စစ်အားနည်းနေတဲ့ ဘာစီလိုနာအသင်းအနေနဲ့ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ချဲလ်ဆီးအသင်း တိုက်စစ်မှူး တီမိုဝါနာ ကို ခေါ်ယူရေး ကြိုးပမ်းသွားဖွယ်ရှိနေတယ်လို့ သတင်းများက ဖော်ပြလျက်ရှိနေပါတယ်။ဂျာမဏီလက်ရွေးစင် တိုက်စစ်မှူး တီမိုဝါနာဟာ လွန်ခဲ့သော ၂၀၂၀ ဇူလိုင်လတုန်းကမှ လိုက်ပ်ဇစ်အသင်းကနေ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့လာသူဖြစ်ပါတယ်။ချဲလ်ဆီးအသင်းကို ရောက်ရှိပြီးနောက်မှာ ခြေစွမ်းပြသနိုင်ခြင်းမရှိပဲ ဂိုးရနိုင်ခြေရှိတဲ့ အပိုင်အခွင့်အရေးများစွာကို လွဲချော်ခဲ့သူဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ တီမိုဝါနာဟာ ချဲလ်ဆီးအသင်းအတွက် ၆၆ ပွဲ ကစားပေးထားပြီး၊ ၁၇ ဂိုး သွင်းယူပေးထားကာ၊ ၁၇ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးထားပါတယ်။
 
ဘာစီလိုနာအသင်းဟာ မန်စီးတီးအသင်းကနေ‌ ခေါ်ယူထားခဲ့တဲ့ တိုက်စစ်မှူး အဂူရို နှလုံးပြဿနာကြောင့် ဘောလုံးလောကကနေ အနားယူပြီးနောက် တိုက်စစ်အားနည်းခဲ့ရတဲ့အတွက် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်း တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။လက်ရှိမှာ နည်းပြ ဇာဗီအတွက် ဘာစီလိုနာမှာ တိုက်စစ်မှူးရွေးချယ်စရာအဖြစ် ဘရိတ်ဝိတ်နဲ့ လုခ် ဒီဂျောင်တို့သာ ရှိနေတာဖြစ်ပါတယ်။
 
ချဲလ်ဆီးအသင်းကတော့ ငွေကြေးများစွာရင်းနှီးပြီး ခေါ်ယူခဲ့ရတဲ့ တီမိုဝါနာ ကို လက်လွှတ်လိုဖွယ်မရှိပဲ အငှားချကာ ၎င်းရဲ့ ခြေစွမ်းအမှန်ကို ပြန်လည်ဖော်ထုတ်လိုနေတယ်လို့ သတင်းများကဆိုပါတယ်။ဘာစီလိုနာအသင်းရဲ့ အပြီးသတ်ခေါ်ယူမှုကို ချဲလ်ဆီးအသင်းဘက်က လက်ခံဖွယ်မရှိဘဲ အငှားစာချုပ်ဖြင့်သာ တီမိုဝါနာ ကို စေလွှတ်ဖွယ်ရှိနေပါတယ်။
 
ဇန်နဝါရီအပြောင်းအရွှေ့ကာလဟာ မကြာမီရောက်ရှိတော့မှာဖြစ်ပြီး၊ ရလဒ်ဆိုးတွေ ကြုံနေရတဲ့ ဘာစီလိုနာအသင်းကို ဘယ်လိုကြယ်ပွင့်ကစားသမားတွေ ထပ်မံရောက်ရှိလာမလဲဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။
 
Linko
ဘာစီလိုနာ၊ ဒီဇင်ဘာ - ၂၄