【 အားကစား 】 ချဲလ်ဆီးအသင်းရဲ့ လမ်းစဉ်ကို မန်ယူလိုက်တော့မလား

【 အားကစား 】 ချဲလ်ဆီးအသင်းရဲ့ လမ်းစဉ်ကို မန်ယူလိုက်တော့မလား

မန်ယူအသင်းကတော့ စနေနေ့ညက ကစားခဲ့တဲ့ လက်စတာအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း ၄-၂ ဂိုးရလဒ်နဲ့ အရှက်တကွဲ အရှုံးပေးခဲ့ရပြန်ပါတယ်။
 
လက်စတာအသင်းကို ရှုံးနိမ့်တဲ့ ပွဲအပြီးမှာတော့ မန်ယူနည်းပြ ဆိုးလ်ရှား ကို နောက်ထပ် ၃ ပွဲသာ စောင့်ကြည့်ပြီး ရလဒ်မကောင်းပါက ထုတ်ပယ်သွားဖို့ ပြင်‌ဆင်နေပြီဆိုတဲ့ သတင်းများလည်း ထွက်ပေါ်လာခဲ့ပါတယ်။
 
တကယ်တော့ လက်ရှိ မန်ယူအသင်းဖြစ်နေတဲ့ အဖြစ်အပျက်ဟာ ချဲလ်ဆီးအသင်း ဖြစ်ပျက်‌ခဲ့တာနဲ့ တူညီလျက်ရှိနေပါတယ်။မန်ယူနဲ့ ချဲလ်ဆီးအသင်းဟာ အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းတွေဖြစ်တဲ့ ဆိုးလ်ရှားနဲ့ လမ်းပတ်တို့ကို နည်းပြအဖြစ် ခန့်အပ်ခဲ့ကြတာဖြစ်ပါတယ်။ချဲလ်ဆီးအသင်းကတော့ လမ်းပတ် လက်ထက် ရလဒ်ဆိုးတွေကြုံတွေ့လာချိန်မှာ ချက်ချင်းဆိုသလို ထုတ်ပယ်ခဲ့ပြီး တူချယ်လ် ကို အစားထိုးခဲ့တဲ့အတွက် ရာသီကုန်မှာ ဥရောပ ချန်ပီယံလိဂ်ဖလားကြီးကို ရယူနိုင်ခဲ့ပြီး အောင်မြင်မှု စိုက်ထူနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပါိတယ်။လတ်တလောမှာလည်း ချဲလ်ဆီးအသင်းဟာ ကစားပုံတည်ငြိမ်နေပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားလျက်ရှိနေပါတယ်။
 
ယခုနှစ်မှာ မန်ယူအသင်းထံသို့ စီရော်နယ်လ်ဒို၊ ‌ဆန်ချိုနဲ့ ဗာရာနီတို့ ရောက်ရှိလာခဲ့ပေမယ့် ထူးထူးခြားခြား ကစားပုံတိုးတက်လာခြင်းမရှိတာကို မြင်တွေ့ရပါတယ်။အထူးသဖြင့် နည်းပြ ဆိုးလ်ရှားရဲ့ အသင်းရှုံးနေချိန်မှာ ကစားကွက်အပြောင်းအလဲ မဖော်ဆောင်နိုင်မှုက မန်ယူအသင်းရဲ့ ရလဒ်တွေကို ဆိုးရွားစေခဲ့တယ်လို့ မန်ယူပရိတ်သတ်တွေက ယုံကြည်နေပြီး ဆိုးလ်ရှား ကို ထုတ်ပယ်ဖို့ တောင်းဆိုနေကြပြီလည်းဖြစ်ပါတယ်။
 
မန်ယူအသင်းရဲ့ ရှေ့လာမယ့် ပွဲစဉ် ၃ ပွဲဟာ ပွဲကျပ်တယ်လို့ ဆိုရမှာဖြစ်ပြီး ခြေစွမ်းမာကျောတဲ့ အတ္တလန်တာ၊ ခြေစွမ်းတည်ငြိမ်နေတဲ့ လီဗာပူးလ်နဲ့ ခြေစွမ်းပြန်တက်လာတဲ့ စပါးအသင်းတို့နဲ့ ကစားရမှာဖြစ်တဲ့အတွက် အဆိုပါ ၃ ပွဲမှာ ရလဒ်မကောင်းပါက နည်းပြ ဆိုးလ်ရှားရဲ့ အနာဂတ်ဟာ ဆိုးရွားသွားနိုင်ပါတယ်။
 
မန်ယူအသင်းရဲ့ တာဝန်ရှိသူတွေအနေနဲ့ ချဲလ်ဆီးအသင်းရဲ့ လမ်းစဉ်ကိုလိုက်ပြီး နည်းပြ ဆိုးလ်ရှား ကို ခပ်မြန်မြန်ထုတ်ပယ်ကာ အသင်းကို ပြုပြင်ပြောင်းလဲမှုလုပ်မလား ဒါမှမဟုတ် ဆိုးလ်ရှား ကို သည်းခံစောင့်ကြည့်ပေးဦးမလားဆိုတာကတော့ ရှေ့လာမယ့် မန်ယူအသင်းရဲ့ ပွဲကျပ်ကာလမှာ အဖြေပေါ်ဖွယ်ရှိနေပါတယ်။
 
Linko
မန်ချက်စတာ၊ အောက်တိုဘာ - ၁၉