【 အားကစား 】 ချဲလ်ဆီးအသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တဲ့ ထိုင်းနွယ်ဖွား လူငယ်တိုက်စစ်မှူး

【 အားကစား 】 ချဲလ်ဆီးအသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တဲ့ ထိုင်းနွယ်ဖွား လူငယ်တိုက်စစ်မှူး

ချဲလ်ဆီးအသင်းအတွင်း ကိုဗစ်ကူးစက်မှုတွေ မြင့်တက်လာပြီးတဲ့နောက် ဘရန့်ဖို့ဒ်အသင်းနဲ့ ကစားရမယ့် ကာရာဘောင်ဖလား ရှုံးထွက်အဆင့် ပွဲစဉ်အတွက် လေ့ကျင့်ရေးအစီအစဉ်မှာ အကယ်ဒမီမှ လူငယ်ကစားများကို ခေါ်ယူခဲ့ရပါတယ်။

ထို့နောက်မှာတော့ ဘရန့်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်အတွက် ပထမလူစာရင်းမှာ မျက်နှာသစ် လူငယ်ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူး ဂျုဒ် စွန်းစ်အပ်-ဘဲလ်၊ တိုက်စစ်မှူး ဟာဗေး ဗေးလ်နဲ့ ညာနောက်ခံကစားသမား ဇာဗီယား ဆိုင်မွန်စ်တို့ကို ချဲလ်ဆီးနည်းပြကြီး တူချယ်လ်မှ ရွေးချယ်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းကြီးနဲ့ ပထမဆုံးပွဲထွက်ခွင့်ရခဲ့တဲ့ မျက်နှာသစ် လူငယ်ကစားသမား ၃ ဦးထဲ ထူးခြားသူကတော့ တိုက်စစ်မှူး ဂျုဒ် စွန်းစ်အပ်-ဘဲလ် ဖြစ်ပါတယ်။တိုက်စစ်မှူး ဂျုဒ်ဟာ ထိုင်းနွယ်ဖွား ကစားသမားတစ်ဦးဖြစ်ပြီး အင်္ဂလန်နိုင်ငံသားအဖြစ် ခံယူထားသူဖြစ်ပါတယ်။ထိုင်းလူမျိုးတွေကတော့ ထိုင်းလူမျိုး ကစားသမားတစ်ဦး ချဲလ်ဆီးအသင်းအတွက် ပထမဆုံးပွဲထွက်ခွင့်ရခဲ့ပြီဟုဆိုကာ တခဲနက်အားပေးကြလျက်ရှိပါတယ်။

ဂျုဒ် မိခင်ရဲ့ အဘိုးဖြစ်သူမှာ ထိုင်းလူမျိုးတစ်ဦးဖြစ်တဲ့အတွက် ထိုင်းလူမျိုးသွေးများ စီးဆင်းနေတဲ့ ဂျုဒ် ကို ထိုင်းလူမျိုး ကစားသမားတစ်ဦးအဖြစ် ထိုင်းပရိသတ်များစွာက ပထမဆုံး ချဲလ်ဆီးအသင်းရဲ့ ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရမှုအပေါ် ဂုဏ်ယူဝမ်းမြောက်နေကြတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအတွက် ပထမဆုံး‌ ထိုင်းနွယ်ဖွား ကစားသမားတစ်ဦးအဖြစ် ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ဂျုဒ် စွန်းစ်အပ်-ဘဲလ်ဟာ အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ လူငယ်ကစားသမားလေးဖြစ်ပြီး၊ အသက် ၁၆ နှစ်အရွယ်ကတည်းက ချဲလ်ဆီး ယူ ၂၃ အသင်းမှာ ပုံမှန်ကစားခွင့်ရရှိနေတဲ့ ချဲလ်ဆီး အကယ်ဒမီရဲ့ အကောင်းဆုံးလူငယ်ကစားများထဲက တစ်ဦးဖြစ်ပါတယ်။ဇန်နဝါရီလ ၂၀၂၁ ခုနှစ်မှာတော့ ချဲလ်ဆီးအသင်းနဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် ကစားသမားအဖြစ် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ဂျုဒ်ရဲ့ အတုယူရတဲ့ စံပြကစားသမားကတော့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၅ ကြိမ်ရထားတဲ့ မန်ယူအသင်း တိုက်စစ်မှူးကြီး စီရော်နယ်လ်ဒိုပဲ ဖြစ်ပါတယ်။

ဂျုဒ်အတွက် ဂုဏ်ယူရမယ့် မှတ်တမ်းတစ်ခုကတော့ ၂၀၂၀ ခုနှစ်အတွင်း FA ဖလား လူငယ်ပြိုင်ပွဲမှာ ချဲလ်ဆီး ယူ ၁၈ အတွက် တစ်ဦးတည်း ၄ ဂိုး သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ဂျုဒ် အထူးခြေစွမ်းပြခဲ့တဲ့ ပွဲစဉ်မှာ ချဲလ်ဆီး ယူ ၁၈ အသင်းက ဘန်စလေ ယူ ၁၈ အသင်းကို ၈-၁ ဂိုးရလဒ်နဲ့ အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။ဒီနောက်မှာဝောာ့ ၅၉ နှစ်အတွင်း ချဲလ်ဆီးလူငယ်အသင်းအတွက် FA ဖလား လူငယ်ပြိုင်ပွဲမှာ တစ်ဦးတည်း ၄ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

တကယ်တော့ ထိုင်းနွယ်ဖွား ဂျုဒ် တစ်‌ဦးတည်း သာ အင်္ဂလန်ကလပ်အသင်းမှာ ကစားနေတာမဟုတ်ဘဲ အင်ဒိုနီးရှားနဲ့ နယ်သာလန် ကပြား လိဒ်စ်အသင်း နောက်ခံလူ ပါစကယ်လ် စထရူဂျစ်နဲ့ မလေးရှားနဲ့ အင်္ဂလန် ကပြား ဘရိုက်တန်အသင်းရဲ့ လူငယ်ကစားသမား ဂျာမီ ကျူရက်ရှ်တို့ဟာလည်း အာဆီယံနိုင်ငံတွေအတွင်းမှာ နာမည်ကျော်ကြားလျက်ရှိနေပါတယ်။

Linko
လန်ဒန်၊ ဒီဇင်ဘာ - ၂၈