【 အားကစား 】 ဂျာမန် ကမ္ဘာ့ဖလားသူရဲကောင်း ဂဒ် မူလာ ကွယ်လွန်

【 အားကစား 】 ဂျာမန် ကမ္ဘာ့ဖလားသူရဲကောင်း ဂဒ် မူလာ ကွယ်လွန်

အနောက်ဂျာမဏီလက်ရွေးစင် ဘောလုံးအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ကို ၁၉၇၀ ခုနှစ်အတွင်း ကမ္ဘာ့ဘောလုံးလောကမှာ ထိပ်ဆုံးရောက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ ဂန္တဝင်ကစားသမားကြီး ဂဒ် မူလာဟာ အသက် ၇၅ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။

‘Der Bomber’ လို့ အမည်ပြောင်တွင်ထားတဲ့ ဂန္တဝင်တိုက်စစ်မှူးကြီးဟာ နိုင်ငံ့လက်ရွေးစင်ဘောလုံးအသင်းအတွက် ၁၉၇၄ ကမ္ဘာ့ဖလား ဗိုလ်စွဲနိုင်အောင် ကူညီပေးခဲ့ပြီး၊ ၁၉၇၄ ခုနှစ်နဲ့ ၁၉၇၆ ခုနှစ်အတွင်းမှာ ဥရောပကလပ်ဖလားသုံးလုံးကိုလည်း ရရှိခဲ့ပါတယ်။

ဂဒ် မူလာရဲ့ သူငယ်ချင်းဖြစ်သူ ဂန္တဝင်ကစားသမားကြီးတစ်ဦးဖြစ်တဲ့ ဖရန့်ဇ် ဘက်ကင်ဘောင်ဝါကတော့ "လူတွေ နှစ်ပေါင်း ၁၀၀ အတွင်း သူ့ (မူလာ) အကြောင်းကို ပြောနေကြမယ် သတိ‌ရနေကြမယ်လို့ ယုံကြည်တယ်" ဟု ပြောကြားခဲ့ပါတယ်။

"ကျနော့်ရဲ့ မျက်လုံးထဲမှာ သူ (မူလာ) ဟာ ဘိုင်ယန်အသင်းရဲ့ သမိုင်းမှာ အရေးအကြီးဆုံးကစားသမားပဲ၊ သူ့ (မူလာ) ရဲ့ ဂိုးတွေအတွက် ဘိုင်ယန်အသင်းဟာ ကျေးဇူးတင်ရမှာပါ မူလာကြောင့်ပဲ လက်ရှိအချိန်ထိ ထိပ်တန်းအသင်းအဖြစ် ရပ်တည်နေနိုင်တာပါ" လို့ ဘက်ကင်ဘောင်ဝါ က ပြောကြားခဲ့ပါသေးတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ လက်ရှိနည်းပြဖြစ်သူ ရူမန်နီဂစ်ကတော့ "ရှေ့တန်းတိုက်စစ်မှူးတွေထဲမှာ ဂဒ် မူလာ က အကောင်းဆုံးပါပဲ" လို့ ဆိုခဲ့ပြီး၊ ဂျာမဏီအသင်းကို ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့သူ နည်းပြကြီး ဂျိုအာချင်လိုးကတော့ "ဂဒ် မူလာလို တိုက်စစ်မှူးမျိုး မော်ဒန်ဘောလုံးလောကမှာ နောက်တစ်ယောက်ထပ်တွေ့ဖို့ မရှိနိုင်တော့ဘူး" လို့ အမှတ်တရပြောကြားခဲ့ကြပါတယ်။

ဂန္တဝင်တိုက်စစ်မှူးကြီး ဂဒ် မူလာဟာ ၎င်းရဲ့ကစားသမားဘဝတလျှောက် ဂိုးပေါင်း ၇၀၀ ကျော်ခန့် သွင်းယူခဲ့ပြီး၊ ၁၉၇၂ ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲနဲ့ ၁၉၇၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတို့မှာ နှစ်ဂိုးစီသွင်းယူခဲ့ပြီး နိုင်ငံ့လက်ရွေးစင်ဘောလုံးအသင်းအတွက် ဆုဖလားတွေရရှိအောင် စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ဂဒ် မူလာရဲ့ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ဂိုးသွင်းစံချိန်ကိုတော့ လက်ရှိ ကစားသမားဘဝက‌နေ အနားယူသွားပြီဖြစ်တဲ့ ဂျာမဏီလက်ရွေးစင်တိုက်စစ်မှူး မီရိုဆလပ်ဗ် ကလိုဆေး က ချိုးဖျက်ခဲ့ပါတယ်။

ဘိုင်ယန်အသင်းက ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ ၎င်းတို့အသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူးကြီး ဂဒ် မူလာဟာ အယ်လ်ဇိုင်းမားရောဂါကို ခံစားနေရတယ်လို့ ကြေညာခဲ့ပြီးနောက် ဂဒ် မူလာနဲ့ မိသားစုတို့အတွက် ထောက်ပံ့မှုများ ပေးအပ်ခဲ့ပါတယ်။

Linko
မြူးနစ်၊ ဩဂုတ် - ၁၆