【 အားကစား 】 စိန်ခေါ်မှုအသစ်တွေရှာဖွေမယ့် ရာဟင်း စတာလင်း ဘယ်ကိုသွားမလဲ

【 အားကစား 】 စိန်ခေါ်မှုအသစ်တွေရှာဖွေမယ့် ရာဟင်း စတာလင်း ဘယ်ကိုသွားမလဲ

မန်စီးတီးအသင်းဟာ ဂျက် ဂရေးလစ်ရှ် ကို ခေါ်ယူခဲ့ပြီးနောက်ပိုင်း ပွဲစဉ်တိုင်းမှာ အမြဲလိုလိုအသုံးပြုနေတာကို မြင်တွေ့ရပါတယ်။
 
ဂရေးလစ်ရှ် ရောက်ရှိလာပြီးနောက်ပိုင်း မန်စီးတီးအသင်းရဲ့ အဓိကတောင်ပံကစားသမားဖြစ်တဲ့ ရာဟင်း စတာလင်းဟာ ပွဲများများမကစားရတော့ပဲ ခြေစွမ်းပြသလာတဲ့ ဂရေးလစ်ရှ်ရဲ့ နေရာ‌ခြိမ်းခြောက်မှုကို ခံစားလာခဲ့ရပါတယ်။
 
ယခုတော့ စတာလင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ အကွဲအပြဲဇာတ်လမ်းတွေကတော့ ထပ်မံပေါ်ထွက်လာခဲ့ပါပြီ။စတာလင်း မန်စီးတီးအသင်းက ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေဟာ ယခင်တုန်းကလည်း ပေါ်ထွက်ခဲ့ဖူးပါတယ်။စပါးအသင်းထံကနေ တိုက်စစ်မှူး ဟယ်ရီကိန်း ကို မန်စီးတီးအသင်း‌ ခေါ်ယူဖို့ ကြိုးပမ်းစဉ်က စတာလင်း ကို အလိုက်ပေးပြီး ဝယ်ယူမယ်ဆိုတဲ့ သတင်းတွေကိုလည်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
 
ကမ္ဘာကျော် လောင်းကစားဝက်ဘ်ဆိုက် Betfair ကတော့ မန်စီးတီး တောင်ပံကစားသမား ရာဟင်း စတာလင်း ပြောင်းရွှေ့မယ့် ကလပ်အသင်းတွေကို လောင်းကြေးဖွင့်လိုက်ပြီဖြစ်ပြီး ထိုကလပ်အသင်းတွေထဲမှာ ကမ္ဘာ့အင်အားကြီးကလပ်အသင်းတွေ ပါဝင်နေတာကို မြင်တွေ့ရပါတယ်။
 
ထိပ်ဆုံးက‌နေ စတာလင်း ရောက်ရှိမယ်လို့ အလေးပေးခံထားရတဲ့ ကလပ်အသင်းကတော့ ရီးရဲလ်မက်ဒရစ်အသင်းပါပဲ။မကြာခန ဒဏ်ရာရနေတဲ့ အီဒင် ဟာဇက်နေရာကို စတာလင်းနဲ့ အစားထိုးမယ်‌ဆိုတာ ဖြစ်နိုင်ပါတယ်။ဟာဇက်လို ဂိုးလည်းသွင်းနိုင်သလို ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်တဲ့ စတာလင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ရောက်ရှိသွားမယ်ဆိုရင်တော့ အံ့ဩစရာမရှိဘူးလို့ပဲ ဆိုရမှာဖြစ်ပါတယ်။
 
ဒုတိယနေရာကနေ ရေပန်းစားနေတာကတော့ စပါးအသင်းပါ။စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်း ကို မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာအနေနဲ့ နောင်လာမယ့် အပြောင်းအရွှေ့တွေမှာ ဆက်လက်ကြိုးပမ်းဖွယ်ရှိနေပြီး စတာလင်း ကို အပြောင်းအရွှေ့ရဲ့ တစ်စိတ်တဒေသအဖြစ် အသုံးပြုလာဖွယ်ရှိနေပါတယ်။
 
တတိယရေပန်းစားတာကတော့ ပိုင်ရှင်သစ်နဲ့ နယူးကာဆယ်အသင်းပါ။ဆော်ဒီလုပ်ငန်းစုက ဝယ်ယူခဲ့အပြီးမှာတော့ နယူးကာဆယ်အသင်းဟာ ဘယ်လိုကစားသမားမျိုးကိုမဆို ဝယ်ယူနိုင်ဖွယ်ရှိနေပြီဖြစ်ပါတယ်။ဒါပေမယ့် နယူးကာဆယ်အသင်းကိုတော့ စတာလင်း ငွေ‌ကြေးလိုအပ်မှသာ ပြောင်းရွှေ့နိုင်ဖွယ်ရှိနေပါတယ်။
 
ဘာစီလိုနာအသင်းကတော့ စတာလင်း ကို စိတ်ဝင်စားခဲ့ဖူးပါတယ်။ဒါပေမယ့် လစာငွေမြင့်တဲ့ စတာလင်း ကို ငွေကြေးဆိုင်ရာ ပြဿနာတက်နေတဲ့ ဘာစီလိုနာအသင်းက ခေါ်ယူနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
 
PSG အသင်းကတော့ ကစားသမားခေါ်ယူရာမှာ တော်တော်လေးကို သွက်သွက်လက်လက်ရှိပေမယ့် မက်ဆီ၊ ဒီမာရီယာ၊ နေမာတို့ရှိနေတဲ့အတွက် စတာလင်း ကို ထပ်မံလိုအပ်ဖွယ်တော့ ရှိ‌မနေပါဘူး။
 
စတာလင်း ကို မြေတောင်‌မြှောက်ပေးခဲ့တဲ့ လီဗာပူးလ်အသင်းကတော့ စတာလင်း ကို ပြန်ခေါ်ယူဖို့ဆိုတာ ဖြစ်နိုင်ချေနည်းပါတယ်။လီဗာပူးလ်အသင်းဟာ ငွေသိပ်မသုံးတဲ့အပြင် စတာလင်းထက် ပိုမိုသံယောဇဉ်ကြီးမားတဲ့ ကော်တင်ဟိုကိုတောင် ရောင်းချခဲ့တဲ့ ထက်ဝက်ဈေးနဲ့ ပြန်လည်မခေါ်ယူတာကို ကြည့်မယ်ဆိုရင် စတာလင်း လီဗာပူးလ်ရောက်ဖို့ ဖြစ်နိုင်ချေနည်းပါတယ်။
 
ဖြစ်နိုင်ချေအနည်းဆုံးအသင်းကတော့ အာဆင်နယ်အသင်းပါ မန်စီးတီးအသင်းထက် အစစအရာရာ နိမ့်ကျနေပြီဖြစ်တဲ့ အာဆင်နယ်ထံသို့ စတာလင်း ပြောင်းဖွယ်ရာတော့ မမြင်ပါဘူး။ဥရောပဝင်ခွင့်မရနိုင်တဲ့ အာဆင်နယ်အသင်းထံ စတာလင်း ပြောင်းရွှေ့ဖို့ဆိုတာ ရာခိုင်နှုန်း အင်မတန်နည်းပါတယ်။
 
Linko
မန်ချက်စတာ၊ အောက်တိုဘာ - ၁၈