【 အားကစား 】 စီရော်နယ်လ်ဒိုဆိုတာ ဂိုးသွင်းစံချိန်တွေကို ချိုးဖျက်ဖို့လား

【 အားကစား 】 စီရော်နယ်လ်ဒိုဆိုတာ ဂိုးသွင်းစံချိန်တွေကို ချိုးဖျက်ဖို့လား

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုကတော့ နောက်ကျ ခေါင်းတိုက်ဂိုး ၂ ဂိုးကို သွင်းယူပြီး ပေါ်တူဂီလက်ရွေးစင်အသင်းကို ကယ်တင်ခဲ့ပြန်ပါပြီ။

ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန်အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ပေါ်တူဂီနဲ့ အိုင်ယာလန်တို့ရဲ့ ပွဲစဉ်မှာ ပေါ်တူဂီအသင်းဟာ ပွဲချိန် ၈၈ မိနစ်အထိ ရှုံးနိမ့်နေခဲ့ပြီး စီရော်နယ်လ်ဒိုရဲ့ ၈၉ မိနစ်နဲ့ ၉၀+၆ မိနစ်တို့မှာ သွင်းယူပေးခဲ့တဲ့ ခေါင်းတိုက်ဂိုးတွေကြောင့် နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီလက်ရွေးစင်အသင်းကို ရှုံးနိမ့်ခဲ့ခြင်းမရှိအောင် စီရော်နယ်လ်ဒို စွမ်းဆောင်နိုင်ခဲ့တဲ့အပြင် အဆိုပါပွဲစဉ်မှာ ထူးခြားမှုတစ်ခုလည်း ဖြစ်ပေါ်ခဲ့ပါသေးတယ်။ထူးခြားမှုကတော့ စီရော်နယ်လ်ဒိုဟာ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ဂိုးပေါင်း ၁၁၀ နဲ့ ၁၁၁ ဂိုးမြောက်တို့ကို သွင်းယူပြီး၊ စံချိန်တင် ဂိုးအများဆုံးသွင်းယူထားတဲ့ အလီ ဒါယီရဲ့ နိုင်ငံ့လက်ရွေးစင် ၁၀၉ ဂိုး စံချိန်ကို ချိုးဖျက်လိုက်တာဖြစ်ပါတယ်။အိုင်ယာလန်နဲ့ ပွဲကို မကစားသေးခင်မှာတော့ အလီ ဒါယီနဲ့ စီရော်နယ်လ်ဒိုဟာ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ၁၀၉ ဂိုးစီ သွင်းယူထားပြီး စံချိန်တူညီနေတာဖြစ်ပါတယ်။

"ကျနော်အရမ်းပျော်နေပါတယ်၊ ဂိုးသွင်းစံချိန်ချိုးနိုင်တာကြောင့်တင်မကပဲ ထူးခြားတဲ့ အကောင်းဆုံးအခိုက်အတန့်တွေကို ကျနော်တို့ ပိုင်ဆိုင်ခဲ့ရလို့ဖြစ်ပါတယ်၊ ပွဲအပြီးမှာ ကျနော် ၂ ဂိုးသွင်းနိုင်ခဲ့တယ်၊ ကျနော့်အသင်းလုပ်ခဲ့တာတွေအတွက် ကျနော်ဂုဏ်ယူတယ်၊ ကျနော်အရမ်းပျော်ပါတယ်" လို့ စီရော်နယ်လ်ဒို က RTW သို့ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ စီရော်နယ်လ်ဒိုဟာ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ၁၁၁ ဂိုးသွင်းယူကာ ဂိုးသွင်းစံချိန်သစ် တင်လိုက်ပြီဖြစ်ပြီး စီရော်နယ်လ်ဒို ခေတ်ပြိုင်ကစားသမားလို့ဆိုရမယ့် လီယွန်နယ် မက်ဆီကတော့ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ၇၆ ဂိုး သွင်းယူထားတယ်လို့ သိရပါတယ်။

Linko
ဖာရို၊ စက်တင်ဘာ - ၂