【 အားကစား 】 စီရော်နယ်လ်ဒို ပြဿနာ‌ကိုဖြေရှင်းဖို့ တူချယ်လ်ရဲ့ လမ်းစဉ်ကျင့်သုံးရတော့မယ့် မန်ယူ

【 အားကစား 】 စီရော်နယ်လ်ဒို ပြဿနာ‌ကိုဖြေရှင်းဖို့ တူချယ်လ်ရဲ့ လမ်းစဉ်ကျင့်သုံးရတော့မယ့် မန်ယူ

မန်ယူအသင်းအနေနဲ့ ဝုဗ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းတွင်း ပြဿနာများဖြစ်ပေါ်နေကြောင်း သတင်းများက ဖော်ပြလျက်ရှိပါတယ်။

သတင်းတွေအရ မန်ယူအသင်း အဝတ်လဲခန်းအတွင်း စီရော်နယ်လ်ဒိုနဲ့ မန်ယူကစားသမားအချို့ကြား ပြဿနာတွေဖြစ်ပေါ်နေတယ်လို့ သိရပြီး ယာယီနည်းပြ ရန်နစ်ခ်အနေနဲ့လည်း အဆိုပါပြဿနာကို ဖြေရှင်းဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုအနေနဲ့ မန်ယူအသင်းရဲ့ အစောပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပြသပြီး အနိုင်ဂိုးတွေ သွင်းယူပေးခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာတော့ ခြေစွမ်းကျဆင်းလာခဲ့တာဖြစ်ပါတယ်။ယာယီနည်းပြ ရန်နစ်ခ်အနေနဲ့လည်း စီရော်နယ်လ်ဒိုလို ပုံရိပ်ကြီးမားတဲ့ ကစားသမားကို ခြေစွမ်းမပြသပေမယ့် ပွဲထွက်ခွင့်ပေးထားပြီး ဘရူနို ဖာနန်ဒက်စ်၊ မေဆန် ဂရင်းဝုဒ်တို့ကို ချန်လှပ်ထားတဲ့ အချိန်မှာတော့ အသင်းတွင်း အက်ကြောင်းထင်လာခဲ့တာဖြစ်ပါတယ်။မန်ယူကစားသမားအချို့ကတော့ စီရော်နယ်လ်ဒိုရဲ့ အသင်းအဝတ်လဲခန်းအတွင်း လွှမ်းမိုးနေမှုကို နှစ်သက်ခြင်းမရှိတော့ဘူးလို့လည်း သိရပါတယ်။

အဝတ်လဲခန်းအတွင်း ပြဿနာများဖြစ်ပေါ်မှုကို ယာယီနည်းပြ ရန်နစ်ခ်အနေနဲ့ တည်တည်ငြိမ်ငြိမ် ကိုင်တွယ်ဖို့ ချဲလ်ဆီး နည်းပြ တူချယ်လ်ရဲ့ ပြဿနာဖြေရှင်းပုံ နည်းလမ်းကို ကျင့်သုံးရဖွယ်ရှိနေပါတယ်။ချဲလ်ဆီး နည်းပြ တူချယ်လ်အနေနဲ့ လူကာကူရဲ့ ပြဿနာမှာ အသင်းတွင်း စီနီယာကစားသမားအချို့နဲ့ တိုင်ပင်ခဲ့ပြီးနောက် လူကာကူနဲ့ အစည်းအဝေးပြုလုပ်ကာ ပြဿနာကို တည်ငြိမ်စွာဖြေရှင်းနိုင်ခဲ့ပါတယ်။မန်ယူအသင်းရဲ့ ပြဿနာကိုလည်း ယာယီနည်းပြ ရန်နစ်ခ်အနေနဲ့ စီရော်နယ်လ်ဒို အပါအဝင် မတူကွဲပြားသူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးပြီး အသင်းနဲ့အကိုက်ညီဆုံးဖြစ်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ရဖို့ ရှိနေပါတယ်။

လူကာကူရဲ့ ပြဿနာနဲ့ စီရော်နယ်လ်ဒိုရဲ့ ပြဿနာဟာ ကွဲပြားချက်တွေရှိနေပေမယ့် ယာယီနည်းပြ ရန်နစ်ခ်အနေနဲ့တော့ တူချယ်လ်ရဲ့ ပြဿနာဖြေရှင်းပုံကို အတုယူရမှာဖြစ်ပါတယ်။ဒါပေမဲ့ ချဲလ်ဆီးနည်းပြကို‌တော့ အသင်းပိုင်ရှင်နဲ့ ပရိသတ်များက တခဲနက်ထောက်ခံခဲ့ကြပြီး၊ မန်ယူအသင်းရဲ့ ယာယီနည်းပြ ရန်နစ်ခ်ကိုလည်း အသင်းပိုင်ရှင်နဲ့ ပရိတ်သတ်များက စီရော်နယ်လ်ဒို ပြဿနာမှာ ရပ်တည်ထောက်ခံပေးမလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Linko
မန်ချက်စတာ၊ ဇန်နဝါရီ - ၆