【 အားကစား 】 ဆေးစစ်မှုပြုလုပ်ရန် အဂူရို ဆေးရုံတွင် ဆက်လက်နေထိုင်မည်

【 အားကစား 】 ဆေးစစ်မှုပြုလုပ်ရန် အဂူရို ဆေးရုံတွင် ဆက်လက်နေထိုင်မည်

ဘာစီလိုနာအသင်း တိုက်စစ်မှူး ဆာဂျီအို အဂူရိုဟာ စစနေနေ့က ကစားခဲ့သည့် အလာဗက်စ်အသင်းနဲ့ ပွဲစဉ်မှာ အသက်ရှုကြပ်သည့်ဝေဒနာကို ခံစားရပြီးနောက် လူစားလဲကာ ဆေးရုံသို့ ချက်ချင်းသွားရောက် ကုသမှုခံယူခဲ့ရပါတယ်။

တနင်္ဂနွေနေ့မှာ ပေါ်ထွက်လာတဲ့ သတင်းတွေအရ အဂူရိုမှာ နှလုံးခုန်နှုန်းမမှန်ကြောင်း တွေ့ရှိရပြီးတဲ့နောက်မှာ နောက်ထပ်စစ်ဆေးမှု လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

အာဂျင်တီးနား တိုက်စစ်မှူးကို အလာဗက်စ်အသင်းနဲ့ ပွဲချိန်ပထမပိုင်းမှာ လူစားလဲလှယ်ပြီးနောက် နှလုံးနှင့်ပတ်သက်သည့် ရောဂါများ စစ်ဆေးရန်အတွက် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဘာစီလိုနာအသင်းဘက်က အတည်ပြုခဲ့ပါတယ်။ဘာစီလိုနာအသင်းဘက်က ၎င်းရဲ့ တိုက်စစ်မှူးဟာ အခြေအနေတည်ငြိမ်အောင် ကြိုးစားနေပြီး အနည်းငယ်စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေသေးတယ်လို့ ဆိုပါတယ်။လောလောဆယ်တော့ အဂူရိုအနေနဲ့ ဆေးရုံကနေ ဘယ်အချိန်ဆင်းခွင့်ရမယ်ဆိုတာ မသိရသေးပါဘူး။

 

စပိန်သတင်းဌာန Mundo Deportivo ရဲ့ ဖော်ပြချက်အရ အဂူရိုရဲ့ မိခင်၊ အစ်ကိုနဲ့ ချစ်သူတို့ဟာ ဆေးရုံသို့ သွားရောက်ခဲ့ပြီး "အခြေအနေများ ကောင်းမွန်လာကြောင်း လက္ခဏာအဖြစ် လက်မထောင်ပြခဲ့တယ်" လို့ သိရပါတယ်။

ရလဒ်တွေဆိုးရွားနေတဲ့ ဘာစီလိုနာအသင်းအတွက် အဂူရိုရဲ့ ဖြစ်ရပ်ကြောင့် တိုက်စစ်ပိုင်းမှာ ပိုမိုအားနည်းလာဖွယ်ရှိနေပြီဖြစ်ပါတယ်။

ဒိန်းမတ်လက်ရွေးစင် အင်တာအသင်း ကွင်းလယ်ကစားသမား အဲရစ်ဆင်ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲအတွင်း ကွင်းအတွင်း မေ့လဲကျခဲ့ပြီးနောက် ယခုအခါ ဘောလုံးဆက်ကစားဖို့ မသေချာတဲ့ အခြေအနေမျိုးဖြစ်နေတဲ့အတွက် အဂူရိုရဲ့ အခြေအနေကိုလည်း ဆေးရုံက သေချာစမ်းသပ်စစ်ဆေးပြီးမှသာ ဘောလုံးဆက်ကစားနိုင်ဖွယ်ရှိနေပါတယ်။

Linko
ဘာစီလိုနာ၊ နိုဝင်ဘာ - ၁