【 အားကစား 】 နည်းပြ ကိုးမန်း ကို ထုတ်ပယ်အပြီး ဘာစီလိုနာအသင်း နည်းပြသစ် ဘယ်သူဖြစ်လာမလဲ

【 အားကစား 】 နည်းပြ ကိုးမန်း ကို ထုတ်ပယ်အပြီး ဘာစီလိုနာအသင်း နည်းပြသစ် ဘယ်သူဖြစ်လာမလဲ

ဗက်လက်ကာနိုအသင်းကို တစ်ဂိုး-ဂိုးမရှိ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့အပြီးမှာတော့ ကိုးမန်းရဲ့ ဘာစီလိုနာအသင်း နည်းပြဘဝဟာ အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။
 
ဘာစီလိုနာအသင်းရဲ့ တာဝန်ရှိသူတွေအနေနဲ့ ခါးသီးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းကို ရှုံးနိမ့်အပြီး ဗက်လက်ကာနိုအသင်းကို ထပ်မံရှုံးနိမ့်ခဲ့တဲ့အခါမှာတော့ နည်းပြ ကိုးမန်း ကို ချက်ချင်းဆိုသလို ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။
 
လက်ရှိထွက်ပေါ်နေတဲ့ မေးခွန်းကတော့ ဘာစီလိုနာအသင်းရဲ့ လစ်လပ်နေတဲ့ နည်းပြရာထူးကို ဘယ်သူက တာဝန်ယူထမ်းဆောင်မလဲဆိုတာပါပဲ။
 
သတင်းထွက်ပေါ်မှုတွေအရ ဘာစီလိုနာအသင်းရဲ့ နည်းပြရာထူးကို တာဝန်ယူဖို့ ထိပ်ဆုံးကနေ ရေပန်းစားနေသူကတော့ ဘာစီလိုနာအသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဇာဗီ ဟာနန်ဒက်ဇ် ဖြစ်ပါတယ်။အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဇာဗီဟာ ဘာစီလိုနာအသင်းမှာ ကစားခဲ့စဉ်က အောင်မြင်တွေ စိုက်ထူနိုင်ခဲ့သူတစ်ဦးဖြစ်ပြီး၊ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းက ဂန္တဝင်ကစားသမား ဇီဒန်း ကို နည်းပြအဖြစ် ခန့်အပ်ပြီး အောင်မြင်မှုတွေရယူနိုင်ခဲ့သလိုမျိုး ဘာစီလိုနာအသင်းကလည်း ဂန္တဝင်ကစားသမား ဇာဗီ ကို ခန့်အပ်လာဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြလျက်လည်းရှိနေပါတယ်။ဇာဗီအနေနဲ့လည်း ဘာစီလိုနာအသင်းကို နောင်တစ်ချိန်မှာ နည်းပြလုပ်ရန် ကြိုးပမ်းသွားမယ်လို့ ဆိုခဲ့ဖူးတဲ့အတွက် ဘာစီလိုနာအသင်းနဲ့ ဇာဗီတို့ ပြန်လည်ပေါင်းစည်းမှုကို မြင်တွေ့ရမလားဆိုတာ ဆက်လက်စောင့်ကြည့်ရဖို့ရှိနေပါတယ်။
 
ဇာဗီ‌ရဲ့ နောက်မှာ ရေပန်းစားလာတဲ့ နည်းပြနှစ်ဦးကတော့ ဘယ်လ်ဂျီယံလက်ရွေးစင်နည်းပြ မာတီနက်ဇ်နဲ့ အေဂျက်အသင်းနည်းပြ တန်ဟက်တို့ဖြစ်ပါတယ်။မာတီနက်ဇ်ကတော့ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းကို ကမ္ဘာ့အဆင့် နံပါတ် ၁ ရောက်အောင် စွမ်း‌ဆောင်ပေးခဲ့သူဖြစ်ပြီး၊ အေဂျက်နည်းပြ တန်ဟက်ကတော့ အေဂျက်ကို အောင်မြင်မှုတွေရရှိအောင် စွမ်းဆောင်ပေးနေသူဖြစ်ပါတယ်။ဒါ့အပြင် အီတလီ ဂန္တဝင် ကွင်းလယ်ကစားသမားကြီး ပီယာလိုလည်း ရေပန်းစားနေပါသေးတယ်။ဒါပေမယ့် ဘာစီလိုနာအသင်းရဲ့ နည်းပြရာထူးကို ရေပန်းစားမှုမှာတော့ ဇာဗီရဲ့ နောက်မှာသာရှိနေပါတယ်။
 
လက်ရှိ သတင်းထွက်ပေါ်မှုတွေအရ ဘာစီလိုနာအသင်း နည်းပြရာထူးအတွက် အသင်းတာဝန်ရှိသူများ၊ ပရိတ်သတ်များနဲ့ ဂန္တဝင်ကစားသမားကြီးတွေ ထောက်ခံပေးနေတဲ့ ဇာဗီ ကို ခန့်အပ်ဖို့ ရာခိုင်နှုန်းများနေပြီး၊ နိုင်ငံ့လက်ရွေးစင်ပွဲစဉ်တွေအပြီးမှာ ဘာစီလိုနာအသင်းမှ လစ်လပ်နေတဲ့ နည်းပြရာထူးကို ခန့်အပ်သွားဖွယ်ရှိ‌နေပါတယ်။
 
Linko
ဘာစီလိုနာ၊ အောက်တိုဘာ - ၂၈