【 အားကစား 】 နယူးကာဆယ်အသင်း နည်းပြသစ်အဖြစ် အက်ဒီ ဟိုဝီ ကို ခန့်အပ်ပြီ

【 အားကစား 】 နယူးကာဆယ်အသင်း နည်းပြသစ်အဖြစ် အက်ဒီ ဟိုဝီ ကို ခန့်အပ်ပြီ

ဆော်ဒီလုပ်ငန်းစုက ဝယ်ယူပြီးနောက် အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အချမ်းသာဆုံး ကလပ်အသင်းဖြစ်လာတဲ့ နယူးကာဆယ်အသင်းဟာ နည်းပြသစ် ရှာပုံတော်ဖွင့်နေမှုကို အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။

နယူးကာဆယ်အသင်းဟာ နည်းပြ စတိဗ် ဘရုစ်နဲ့ လမ်းခွဲပြီးနောက် ဘုန်းမောက်အသင်းရဲ့ နည်းပြဖြစ်သူ အက်ဒီ ဟိုဝီ ကို အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်လိုက်တာလည်းဖြစ်ပါတယ်။

နယူးကာဆယ်အသင်းဟာ ချဲလ်ဆီးအသင်း နည်းပြဟောင်း ဖရန့်လမ်းပတ်၊ ချဲလ်ဆီးအသင်း ဂန္တဝင်ကစားသမား ဂျွန်တယ်ရီတို့နဲ့ သတင်းထွက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဘုန်းမောက်အသင်းရဲ့ နည်းပြ အက်ဒီ ဟိုဝီ ကို ခန့်အပ်ခဲ့ပါတယ်။အက်ဒီ ဟိုဝီဟာ ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်းဖြစ်လာတဲ့ နယူးကာဆယ်အသင်းကို ကိုင်တွယ်ရတော့မှာဖြစ်ပြီး၊ ပိုင်ရှင်သစ်တွေဖြစ်တဲ့ ဆော်ဒီလုပ်ငန်းစုကို စိတ်ကျေနပ်မှုရရှိအောင် စွမ်း‌ဆောင်ပြရတော့မှာဖြစ်ပါတယ်။

"သမိုင်းကြောင်း‌ ကောင်းမွန်တဲ့ နယူးကာဆယ်အသင်းကို ကိုင်တွယ်ရတော့မယ့်အတွက် ဝမ်းသာမိပါတယ်၊ ဒီကနေ့ဟာ ကျနော်နဲ့ ကျနော့်မိသားစုအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာနေ့ပါ" လို့ ဟိုဝီ က ဆိုပါတယ်။

"နယူးကာဆယ်အသင်းကို ကိုင်တွယ်ခွင့်ရတာ အံ့ဩစရာကောင်းတဲ့ အခွင့်အလမ်းတစ်ခုပါ၊ ကျနော်တို့မှာ အလုပ်လုပ်စရာ အများကြီးရှိပါတယ်၊ နယူးကာဆယ် ကစားသမားတွေနဲ့ လေ့ကျင့်ရေးကွင်းမှာ စတင်အလုပ်လုပ်ဖို့ စိတ်အားထက်သန်နေပါပြီ" လို့ ဟိုဝီ က ဆက်ပြောပါတယ်။

"ကျနော့်ကို အခွင့်အရေးပေးတဲ့အတွက် ကလပ်အသင်းပိုင်ရှင်တွေကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပြီး၊ ကျနော့်ကို မယုံနိုင်လောက်အောင် လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှုတွေအတွက် နယူးကာဆယ်အသင်း ပရိတ်သတ်တွေကိုလည်း ကျနော်အထူးကျေးဇူးတင်ပါတယ်၊ အတူတူ ခရီးစတင်ဖို့ ကျနော်စိတ်လှုပ်ရှားမိပါတယ်" လို့ ဟိုဝီ က ပြောကြားခဲ့ပါတယ်။

နယူးကာဆယ်အသင်းရဲ့ ပူးတွဲပိုင်ရှင် အမန်ဒါ စတာဗီလေးကတော့ "အက်ဒီ ကို ၎င်းရဲ့ တင်းကြပ်တဲ့လုပ်ငန်းစဉ်တွေကနေတဆင့် ကျနော်တို့ သဘောကျခဲ့ပါတယ်၊ သူဟာ စိတ်ဓာတ်ပြင်းပြပြီး သွက်လက်တဲ့ နည်းပြဖြစ်ပါတယ်၊ အက်ဒီနဲ့ သူ့ဝန်ထမ်းတွေကို စိန့် ဂျိမ်းစ် ပါ့ခ်မှာ ကြိုဆိုခွင့်ရရှိတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပြီး၊ ကျနော်တို့ရဲ့ စုပေါင်းမျှော်လင့်ချက်တွေအတွက် လက်တွဲလုပ်ဆောင်ဖို့ မျှော်လင့်နေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

နယူးကာဆယ်အသင်းဟာ အက်ဒီ ဟိုဝီ ကို ဇန်နဝါရီလအပြောင်းအရွှေ့အတွက် ‌အသုံးစရိတ် ပေါင် သန်း ၅၀ ထုတ်ပေးသွားမှာဖြစ်ပြီး၊ ပေါ်တိုကစားသမား လူးဝစ် ဒီယက်ဇ်နဲ့ လာဇီယိုအသင်း ဂိုးသမား သောမတ်စ် စထရာကိုရှာတို့ကို ခေါ်ယူရေး ချိတ်ဆက်လျက်ရှိနေပါတယ်။

Linko
နယူးကာဆယ်၊ နိုဝင်ဘာ - ၉