【 အားကစား 】 ပရီးမီးယားလိဂ်ကို ပြန်လာဖွယ်ရှိနေတဲ့ အဲရစ်ဆန်

【 အားကစား 】 ပရီးမီးယားလိဂ်ကို ပြန်လာဖွယ်ရှိနေတဲ့ အဲရစ်ဆန်

ဒိန်းမတ်လက်ရွေးစင်ဟောင်းနဲ့ စပါး၊ အင်တာအသင်းတို့မှာ ကစားခဲ့သူဖူးသူ ကွင်းလယ်ကစားသမား ခရစ်ရှန် အဲရစ်ဆန်ဟာ ဘောလုံးကွင်းထဲကို ပြန်လည်ခြေချဖို့ နီးစပ်လာပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိနေပါတယ်။

အဲရစ်ဆန်ဟာ ဒိန်းမတ်လက်ရွေးစင်အသင်းအတွက် ယူရို ၂၀၂၀ ပြိုင်ပွဲကို ဝင်ရောက်ကစားပေးခဲ့ရာမှာ ကွင်းအတွင်း နှလုံးရပ်တန့်ပြီး လဲကျခဲ့တာကြောင့် ဆေးဝါးကုသမှုများခံယူပြီး လက်ရှိအချိန်အထိ အနားယူနေခဲ့ရတာဖြစ်ပါတယ်။

အင်္ဂလန် ပရီးမီယားလိဂ် ကလပ်အသင်း တော့တင်ဟမ်ဟော့စပါးရဲ့ ကွင်းလယ်ကစားသမားဟောင်းဖြစ်သူ ခရစ်ရှန် အဲရစ်ဆန်အနေနဲ့ လာမယ့်ရက်သတ္တပတ်အကုန်မှာ အင်္ဂလန် ပရီးမီးယားလိဂ်ကို ပြန်လာဖွယ်ရှိနေကြောင်း သတင်းဖော်ပြမှုတွေအရ သိရပါတယ်။လက်ရှိအချိန်မှာ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဲရစ်ဆန်အနေနဲ့ နှလုံးရပ်တန့်ပြီးကတည်းက အနားယူနေခဲ့ရတာဖြစ်ပေမယ့် သူ့အနေနဲ့ ဘောလုံးပြန်လည်ကစားနိုင်စွမ်းရှိသေးကြောင်းကို သက်သေထူဖို့ အင်္ဂလန်သို့ ပြန်လာဖွယ်ရှိနေတာဖြစ်ပါတယ်။

အဲရစ်ဆန်ဟာ ဒိန်းမတ်နဲ့ ဖင်လန်တို့ ယှဉ်ပြိုင်တဲ့ပွဲစဉ်မှာ ရုတ်တရက် နှလုံးရပ်တန့်သွားပြီး ကွင်းအတွင်း လဲကျခဲ့တာဖြစ်ပါတယ်။ထိုသို့ လဲကျအပြီး ကုသမှုများခံယူပြီးနောက်မှာ နှလုံးအားဖြည့်စက်များကို တပ်ဆင်ခဲ့ရတာဖြစ်ပါတယ်။အီတလီကလပ် အင်တာအသင်းနဲ့ စာချုပ်သက်တမ်းကျန်ရှိနေသေးပေမယ့် နှလုံးအားဖြည့်စက် တပ်ဆင်ထားတဲ့ ကစားသမားတွေကို ကစားခွင့်မပြုတဲ့ အီတလီရဲ့ စည်းမျဉ်းတွေကြောင့် အဲရစ်ဆန်ဟာ အင်တာအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။

အဲရစ်ဆန်အနေနဲ့ ကြောက်လန့်ဖွယ်ရာ ဖြစ်ရပ်ကနေ ၇ လကြာအပြီးမှာတော့ ကမ္ဘာ့အကောင်းဆုံး လိဂ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ အင်္ဂလန် ပရီးမီးယားလိဂ်မှာ ဘောလုံးပြန်ကစားဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ သတင်းများက ဖော်ပြနေကြပါတယ်။

The Times ရဲ့ ဖော်ပြမှုအရတော့ အဲရစ်ဆန်ဟာ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်းတစ်ခုထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ စာချုပ်ဖို့ နီးစပ်နေပြီဖြစ်ပြီး လာမယ့် ရက်သတ္တပတ်အကုန်မှာပဲ အပြောင်းအရွှေ့ကို အတည်ပြုသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

Linko
ဇန်နဝါရီ - ၁၇