【 အားကစား 】 ပြိုင်ဘက်ဟောင်းတွေ ဆုံတွေ့နေတဲ့ ဥရောပ ချန်ပီယံလိဂ် အုပ်စုမဲခွဲမှုများ

【 အားကစား 】 ပြိုင်ဘက်ဟောင်းတွေ ဆုံတွေ့နေတဲ့ ဥရောပ ချန်ပီယံလိဂ် အုပ်စုမဲခွဲမှုများ

ဘောလုံးပရိတ်သတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးရဲ့ အုပ်စုမဲခွဲမှုတွေကတော့ ပေါ်ထွက်လာခဲ့ပါပြီ။

ယခုနှစ်ရဲ့ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုမဲခွဲမှုမှာတော့ ပြိုင်ဘက်ဟောင်းတွေ ပြန်လည်တွေ့ဆုံမှုတွေနဲ့အတူ အသင်းကြီးအချို့ အုပ်စုကြပ်အတွင်းကျရောက်နေတာကို မြင်တွေ့ရပါတယ်။

အုပ်စု (A) မှာတော့ မန်စီးတီး၊ PSG ၊ လိုက်ပ်ဇစ်နဲ့ ဘရုဂျက်တို့ ပါဝင်နေတာကို မြင်တွေ့ရပါတယ်။အဆိုပါအုပ်စုမှာတော့ မန်စီးတီးနဲ့ PSG အသင်းတို့က နောက်တစ်ဆင့်ကိုတက်ရောက်ဖို့ သေချာသလောက်ဖြစ်နေပြီး လိုက်ပ်ဇစ်နဲ့ ဘရုဂျက်တို့ကတော့ အုပ်စုတတိယနေရာကို အပြိုင်လုရဖွယ်ရှိနေပါတယ်။

အုပ်စု (B) ကိုတော့ မရဏအုပ်စုလို့ ခေါ်ရမယ့်ပုံပါပဲ အက်သလက်တီကိုမက်ဒရစ်၊ လီဗာပူးလ်၊ ပေါ်တိုနဲ့ အေစီမီလန်တို့ ပါဝင်နေပြီး၊ အမှားအနည်းဆုံး အသင်းနှစ်သင်းသာ အုပ်စုအဆင့်ကနေ လွန်မြောက်မှာဖြစ်ပါတယ်။အုပ်စုတွင်း လီဗာပူးလ်အသင်းက အင်အားအကြီးဆုံးလို့ ဆိုရမှာဖြစ်ပေမယ့် ဥရောပအတွေ့အကြုံရင့်တဲ့ အက်သလက်တီကိုမက်ဒရစ်၊ ပေါ်တိုနဲ့ အေစီမီလန်တို့က ကောင်းကောင်းဒုက္ခပေးလာဖို့ရှိနေပါတယ်။ဒါ့အပြင် ၂၀၁၉-၂၀၂၀ ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်း ရှုံးထွက်အဆင့်မှာတွေ့ဆုံပြီး အရှုံးပေးခဲ့ရတဲ့ လီဗာပူးလ်အသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ယခုနှစ် ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုတွင်းမှာ ရှုံး‌ကြွေးဆပ်နိုင်မလားဆိုတာလည်း စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အုပ်စု (C) မှာတော့ စပို့တင်းလစ္စဘွန်း၊ ဒေါ့မွန်၊ အေဂျက်ဇ်နဲ့ ဘက်ဆစ်တက်တို့ ပါဝင်နေပါတယ်။ဘက်ဆစ်တက်ကတော့ အုပ်စုတွင်း အိမ်ဖြည့်အသင်းသာ ဖြစ်လာဖို့ရှိပြီး ဒေါ့မွန်ကတော့ အုပ်စုတွင်း အင်အားအကြီးဆုံးဖြစ်ပါတယ်။အုပ်စု ဒုတိယနေရာကိုတော့ စပို့တင်းလစ္စဘွန်းနဲ့ အေဂျက်ဇ်တို့သာ လုရဖွယ်ရှိနေပါတယ်။

အုပ်စု (D) မှာတော့ အင်တာမီလန်၊ ရီးရဲလ်မက်ဒရစ်၊ ရှက်တာဒိုးနက်နဲ့ ရှရစ်ဖ်တီရာစပေါလ်တို့ ပါဝင်နေပါတယ်။ထုံးစံအတိုင်း ချန်ပီယံလိဂ်မှာ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကတော့ အုပ်စုဗိုလ်ဖြစ်သွားဖို့ရှိနေပြီး၊ အင်တာမီလန်အသင်းကတော့ အုပ်စုဒုတိယအနေနဲ့ တက်ရောက်လာဖို့ရှိနေပါတယ်။ရှက်တာဒိုးနက်အသင်းကတော့ အုပ်စုတတိယနဲ့ ယူရိုပါလိဂ်ကို ဆင်းကစားရဖွယ်ရှိနေပါတယ်။

အုပ်စု (E) မှာတော့ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ ဘင်ဖီကာနဲ့ ဒိုင်နမိုကိဗ်တို့ ကျရောက်နေပါတယ်။အဆိုပါအုပ်စုမှာတော့ ဘာစီလိုနာအသင်းက ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးကြွေးဆပ်ဖို့ ကြိုးပမ်းလာမှာဖြစ်ပြီး၊ ၁၆ သင်းအဆင့်ကိုလည်း ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့သာ တက်ရောက်သွားဖွယ်ရှိနေပါတယ်။

အုပ်စု (F) ကတော့ ဗီလာရီးရဲလ်၊ မန်ယူ၊ အတ္တလန်တာနဲ့ ယန်းဘွိုင်းစ်တို့ပဲဖြစ်ပါတယ်။မန်ယူအသင်းနဲ့ ယူရိုပါလိဂ်ချန်ပီယံ ဗီလာရီးရဲလ်သင်းတို့ကတော့ အုပ်စုကနေ လွတ်မြောက်သွားဖို့ရှိနေပြီး၊ အတ္တလန်တာအသင်းကတော့ မန်ယူနဲ့ ဗီလာရီးရဲလ်အသင်းတို့ကို အန္တရာယ်ပေးမယ့် ဖျက်မြင်းအသင်းဖြစ်လာဖို့ရှိပါတယ်။

အုပ်စု (G) မှာတော့ လိုင်လီ၊ ဆီဗီးလား၊ ဆဲလ်ဘတ်နဲ့ ဝုဖ်ဘတ်တို့ ပါဝင်နေပါတယ်။ဥရောပအတွေ့အကြုံရင့်တဲ့ ဆီဗီးလားကတော့ အုပ်စုကနေ လွတ်မြောက်ဖွယ်ရှိနေပြီး၊ ခြေစွမ်းသိပ်မကွာတဲ့ ကျန် ၃ သင်းကတော့ အုပ်စုဒုတိယနေရာကို အပြိုင်လုဖွယ်ရှိနေပါတယ်။

အုပ်စု (H) မှာတော့ လက်ရှိချန်ပီယံ ချဲလ်ဆီး၊ ဂျူဗင်တပ်၊ ဇင်းနစ်နဲ့ မယ်လ်မိုတို့ ပါဝင်နေပါတယ်။လက်ရှိ ဥရောပချန်ပီယံ ချဲလ်ဆီးနဲ့ ဂျူဗင်တပ်တို့သာ အုပ်စုအဆင့်ကနေ တက်ရောက်သွားမှာဖြစ်ပါတယ်။

Linko
အစ္စတန်ဘူလ်၊ သြဂုတ် - ၂၇