【 အားကစား 】 ပွဲထွက်ကစားရန် စီရော်နယ်လ်ဒို ငြင်းဆိုခဲ့ခြင်းမရှိဟု အယ်လီဂရီ ဆို

【 အားကစား 】 ပွဲထွက်ကစားရန် စီရော်နယ်လ်ဒို ငြင်းဆိုခဲ့ခြင်းမရှိဟု အယ်လီဂရီ ဆို

သတင်းထွက်ပေါ်မှုတွေအရ စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်အသင်းနည်းပြ အယ်လီဂရီ ကို ၎င်းအနေနဲ့ အီတလီ စီးရီအေ အဖွင့်ပွဲစဉ်ကို ကစားလိုခြင်းမရှိဘူးလို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် စီရော်နယ်လ်ဒိုဟာ ယခုနွေအပြောင်းအရွှေ့မှာပဲ ဂျူဗင်တပ်အသင်းက ထွက်ခွာဖို့ ယုံကြည်နေတယ်လို့ သတင်းတွေက ဖော်ပြလျက်ရှိနေပါတယ်။

စီရော်နယ်လ်ဒိုရဲ့ ဂျူဗင်တပ်အသင်းကနေထွက်ခွာမယ့် သတင်းတွေပေါ်ထွက်နေပေမယ့်လည်း ဂျူဗင်တပ်အသင်း နည်းပြကြီး အယ်လီဂရီကတော့ စီရော်နယ်လ်ဒို အသင်းမှာဆက်ရှိနေမယ်လို့ ယုံကြည်လျက်ရှိနေပါတယ်။

"ရော်နယ်လ်ဒိုရဲ့ အခြေအနေက ကောင်းပါတယ်၊ ပွဲမတိုင်ခင် ကျနော် သူ (ရော်နယ်လ်ဒို) နဲ့ စကားပြောခဲ့တယ်၊ ကျနော် သူ့ကို ဒီပွဲမှာ အရန်အဖြစ်ထားရှိမယ်လို့ ပြောခဲ့တယ် ဒါကို သူလက်ခံခဲ့တယ်၊ သူကွင်းထဲရောက်တဲ့အခါမှာလည်း ‌ကောင်းကောင်းကစားနိုင်ခဲ့တယ်" လို့ အယ်လီဂရီ က DAZN သို့ ပြောကြားခဲ့ပါတယ်။

အူဒီးနိစ်အသင်းနဲ့ သရေကျခဲ့တဲ့ပွဲမှာ စီရော်နယ်လ်ဒိုဟာ ပွဲချိန် မိနစ် ၆၀ ခန့်မှာ လူစားဝင်ပြီးနောက် အချိန်ပိုမှာ ခေါင်းတိုက်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း စီရော်နယ်လ်ဒိုရဲ့ ခေါင်းတိုက်ဂိုးကို VAR နဲ့ စစ်ဆေးရာမှာ လူကျွံနေတဲ့အတွက် ပယ်ဖျက်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ၅ ကြိမ်ရယူထားနိုင်တဲ့ စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်ရှိတော့တာဖြစ်ပြီး၊ စီရော်နယ်လ်ဒို ကို မန်စီးတီး၊ မန်ယူနဲ့ PSG အသင်းတို့က ခေါ်ယူရေး ချိတ်ဆက်လျက်ရှိနေပါတယ်။

ဒါ့အပြင် အီတလီ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုကတော့ စီရော်နယ်လ်ဒိုရဲ့ ငယ်ဘဝအသင်းဖြစ်တဲ့ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းကတော့ ဂျူဗင်တပ်အသင်းထံ စီရော်နယ်လ်ဒို ကို‌ ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ ဖော်ပြထားပါတယ်။

Linko
တူရင်၊ ဩဂုတ် - ၂၃