【 အားကစား 】 ဖာဂူဆန်ရဲ့ တိုက်တွန်းမှုကြောင့် စီရော်နယ်လ်ဒို မန်ယူကို ပြောင်းရွှေ့ခဲ့

【 အားကစား 】 ဖာဂူဆန်ရဲ့ တိုက်တွန်းမှုကြောင့် စီရော်နယ်လ်ဒို မန်ယူကို ပြောင်းရွှေ့ခဲ့

နွေရာသီအပြောင်းအရွှေ့ဈေးကွက်ရဲ့ နောက်ဆုံးနေ့ရက်တွေမှာ စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်အသင်းကနေ ထွက်ခွာလာတော့မှာဖြစ်ပါတယ်။
 
ဂျူဗင်တပ်အသင်းကနေ ထွက်ခွာလာပြီးနောက် စီရော်နယ်လ်ဒိုဟာ မန်ချက်စတာအသင်းသို့ ပြောင်းရွှေ့မှာဖြစ်တယ်လို့ သတင်းတွေက အပြိုင်အဆိုင်ဖော်ပြလျက်ရှိနေခဲ့ပြီး စီရော်နယ်လ်ဒို ပြောင်းရွှေ့မယ့် မန်ချက်စတာအသင်းဆိုတာ ယူနိုက်တက်မဟုတ်ဘဲ စီးတီးဖြစ်တယ်လို့ သတင်းတွေပျံနှံ့လာခဲ့ပါတယ်။
 
မန်စီးတီးအသင်းက စီရော်နယ်လ်ဒို ကို ခေါ်ယူဖို့ ဆွဲဆောင်နေတဲ့အချိန်မှာ စီရော်နယ်လ်ဒိုရဲ့ အသင်းဟောင်း မန်ယူကတော့ ငြိမ်သက်နေခဲ့ပါတယ်။မန်ယူအသင်းရဲ့ ပရိတ်သတ်တွေကတော့ မန်စီးတီးအသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းကြီးနေတဲ့ စီရော်နယ်လ်ဒို ကို မပြောင်းဖြစ်ဖို့ ဆုတောင်းလျက်ရှိနေကြပါတယ်။ထိုအချိန်မှာ မထင်မှတ်တာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
 
စီရော်နယ်လ်ဒို ကို မန်စီးတီးအသင်းဘက်က ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တဲ့အချိန်မှာ ငြိမ်သက်နေခဲ့တဲ့ မန်ယူအသင်းဟာ ချက်ချင်းဆိုသလို စီရော်နယ်လ်ဒို ကို စာချုပ် ချုပ်ဆိုကာ ခေါ်ယူသွားခဲ့ပါတယ်။စီရော်နယ်လ်ဒို ကို လစာငွေ အမြောက်အမြားပေးပြီး ဆွဲဆောင်ခဲ့တဲ့ မန်စီးတီးအသင်းလည်း မန်ယူအသင်းရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုကို အံ့အားသင့်ခဲ့ရပြီး မန်ယူအသင်းရဲ့ ပရိတ်သတ်တွေကတော့ ကစားသမားဟောင်းကို သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။
 
တကယ်တော့ မန်စီးတီးအသင်းရဲ့ စီရော်နယ်လ်ဒို ကို ခေါ်ယူဖို့ မျှော်လင့်ချက်ကို အဆုံးသတ်စေခဲ့သူကတော့ အခြားသူမဟုတ်ဘဲ မန်ယူအသင်းရဲ့ ဂန္တဝင်နည်းပြကြီး ဆာ အဲလက်စ် ဖာဂူဆန်ပဲဖြစ်ပါတယ်။ဖာဂူဆန်အနေနဲ့ မန်စီးတီးအသင်းကို စီရော်နယ်လ်ဒို မပြောင်းရွှေ့ဘဲ မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ လုပ်ဆောင်ခဲ့တာမှာ စက္ကန့် ၂၀ ပဲ အချိန်ယူခဲ့ရတယ်လို့ သတင်းဖော်ပြမှုတွေအရ သိရပါတယ်။မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ တပည့်ဟောင်း စီရော်နယ်လ်ဒိုဆီကို ဖာဂူဆန်ဟာ "don't join City" "စီးတီးနဲ့ မချိတ်ဆက်ပါနဲ့" ဟူသော စကားလုံး ၃ လုံးကိုသာ ပြောဆိုခဲ့ပြီး၊ ထို့နောက်မှာတော့ စီရော်နယ်လ်ဒိုဟာ မန်ယူအသင်းနဲ့ ချက်ချင်းဆိုသလို စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
 
မန်ယူအသင်းနဲ့ စီရော်နယ်လ်ဒိုတို့ဟာ ၂ နှစ် သက်တမ်းရှိ စာချုပ် ချုပ်ဆိုခဲ့ပြီး၊ စီရော်နယ်လ်ဒိုဟာလည်း အင်္ဂလန် ပရီးမီးယားလိဂ်သမိုင်းမှာ လစာငွေအများဆုံးရရှိတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။
 
လက်ရှိအချိန်မှာ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုဟာ မန်ယူအသင်းအတွက် ၁၁ ပွဲ ကစားပြီးချိန်မှာ ၉ ဂိုး သွင်းယူပေးထားပြီး၊ ဖိအားတွေအောက် ကျရောက်နေတဲ့ မန်ယူနည်းပြ အိုလေ ဂန်နာ ဆိုးလ်ရှား ကို ကယ်တင်လျက်ရှိပါတယ်။
 
ယခုရက်သတ္တပတ်မှာတော့ မန်ယူနဲ့ စီရော်နယ်လ်ဒိုတို့ဟာ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရဖို့ရှိနေပြီး၊ စီရော်နယ်လ်ဒို ခြေစွမ်းပြပြီး မန်စီးတီးအသင်းဘက်ကို ဂိုးတွေသွင်းယူနိုင်မလားဆိုတာတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရမှာဖြစ်ပါတယ်။
 
Linko
မန်ချက်စတာ၊ နိုဝင်ဘာ - ၅