【 အားကစား 】 ဘာနေဗျူးမှာ ဥရောပဘုရင်ကို အနိုင်ယူခဲ့တဲ့ ရှရစ်

【 အားကစား 】 ဘာနေဗျူးမှာ ဥရောပဘုရင်ကို အနိုင်ယူခဲ့တဲ့ ရှရစ်

အက်ဖ်စီ ရှရစ် တီယာစပေါလ်ဆိုတဲ့ ကလပ်အသင်းငယ်လေးရဲ့ အမည်ဟာ ဘောလုံးပရိတ်သတ်တွေနဲ့ ရင်းနှီးမှာတော့ မဟုတ်ပါဘူး။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ ရှရစ်အသင်းဟာ ဥရောပရဲ့ အမြင့်မားဆုံးသော ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဘုရင်လို့ဆိုရမယ့် ရီးရဲလ်မက်ဒရစ်အသင်းကို အဝေးကွင်းဖြစ်တဲ့ ဘာနေဗျူးမှာ အိပ်မက်ဆန်ဆန် အနိုင်ယူပြီး ဘောလုံးပရိတ်သတ်တွေရင်ထဲကို ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။

တကယ်တော့ ရှရစ်အသင်းဟာ ယခုနှစ်မှာမှ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို ခြေစစ်ပွဲအောင်မြင်ပြီး ပထမဆုံးဝင်ရောက်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ်တွေစတင်ချိန်မှာတော့ အုပ်စု (D) အတွင်း ဥရောပအတွေ့အကြုံရင့်တဲ့ အင်အားကြီးအသင်းတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ အင်တာ၊ ရှက်တာဒိုးနက်အသင်းတို့နဲ့အတူ ကျရောက်ခဲ့ပါတယ်။ရှရစ်အသင်းကို ဘယ်သူကမှ အရေးတယူလုပ်ပြီး အထင်မကြီးခဲ့ပေမယ့် လက်ရှိအချိန်မှာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၂ ပွဲကစားအပြီး ၂ ပွဲအနိုင်ယူကာ အုပ်စု (D) ကို ဦးဆောင်နေခဲ့ပြီဖြစ်ပါတယ်။

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အဖွင့်ပွဲမှာ ဥရောပအတွေ့အကြုံရင့်တဲ့ ရှက်တာဒိုးနက်အသင်းကို ၂-၀ ဂိုးရလဒ်နဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပြီး၊ ဒုတိယမြောက် အုပ်စုပွဲစဉ်မှာတော့ အစဉ်အလာကြီးမားလွန်းတဲ့ ဘာနေဗျူးကွင်းမှာ ဥရောပရဲ့ဘုရင် ရီးရဲလ်မက်ဒရစ်အသင်းကို ၁-၂ ဂိုးရလဒ်နဲ့ အိပ်မက်ဆန်ဆန်ပဲ အနိုင်ယူခဲ့ပါတယ်။

 

မော်လ်ဒိုဗာ ကလပ်အသင်းငယ်လေးဖြစ်တဲ့ အက်ဖ်စီ ရှရစ် တီယာစပေါလ်ကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပထမဆုံးစတင်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရပြီးနောက်မှာ ဥရောပရဲ့ဘုရင်ကို အနိုင်ယူပြီး တောက်ပနေခဲ့ပါပြီ။လက်ကျန်အုပ်စုပွဲစဉ်တွေမှာ ဆက်လက်တောက်ပ ခြေစွမ်းပြပြီး ရှရစ်အသင်းအနေနဲ့ ချန်ပီယံလိဂ်အုပ်စုကနေ လွတ်မြောက်နိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Linko
မက်ဒရစ်၊ စက်တင်ဘာ - ၂၉