【 အားကစား 】 ဘောလုံးလောက၏အထင်ကရ လိင်ပိုင်းကျူးလွန်မှုများ

【 အားကစား 】 ဘောလုံးလောက၏အထင်ကရ လိင်ပိုင်းကျူးလွန်မှုများ

ရီးရဲလ်မက်ဒရစ်၊ မန်စီးတီးနဲ့ အေစီမီလန်အသင်းတို့မှာ ကစားခဲ့ဖူးပြီး ဘရာဇီးလက်ရွေးစင်ကစားသမားတစ်ဦးလည်းဖြစ်ခဲ့သူ ရော်ဘင်ဟိုကတော့ မုဒိန်းမှုကျူးလွန်မှုနဲ့ ထောင်ဒဏ် ၉ နှစ် ချမှတ်ခံလိုက်ရတယ်လို့ သတင်းများက ဖော်ပြခဲ့ပါတယ်။

ရော်ဘင်ဟိုနဲ့ အပေါင်းအပါတွေဟာ အသက်မပြည့်သေးတဲ့ အယ်လ်ဘေးနီးယား အမျိုးသမီးငယ်တစ်ဦးကို လွန်ခဲ့သော ၂၀၁၃ ခုနှစ်က အုပ်စုဖွဲ့မိဒိန်းကျင့်ခဲ့တဲ့ ဖြစ်ရပ်ကို ရောမမြို့တရားရုံးက စစ်ဆေးရာမှာ ပြစ်မှုထင်ရှားကြောင်းတွေ့ရှိရတဲ့အတွက် ရော်ဘင်ဟိုရဲ့ အယူခံဝင်မှုကို ပယ်ချပြီး ထောင်ဒဏ်ပြစ်ဒဏ်ကို ချမှတ်လိုက်တာဖြစ်ပါတယ်။

‌ရော်ဘင်ဟိုရဲ့ သတင်းပြီးနောက်မှာ နောက်ထပ်ထွက်ပေါ်လာခဲ့တဲ့ ဘောလုံးလောကမှ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတစ်ခုကတော့ အင်္ဂလန် ပရီးမီးယားလိဂ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဥပဒေအရ အမည်ဖော်ပြထားခြင်းမရှိသေးတဲ့ အဲဗာတန်အသင်းရဲ့ ကစားသမားဟာ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုနဲ့ စုံစမ်းစစ်ဆေးခံရလျက်ရှိနေပါတယ်။အဲဗာတန်ကစားသမားကို  ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ပြီး ထို့နောက်မှာတော့ အာမခံနဲ့ လွှတ်ပေးထားတယ်လို့ သတင်းတွေအရ သိရပါတယ်။အဲဗာတန်အသင်းဘက်လည်း ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေစဉ်အတွင်း ၎င်းကစားသမားကို အဲဗာတန်ကစားသမားအဖြစ်မှ ဆိုင်းငံ့ထားမှာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

နောက်ထပ် နာမည်ကျော် ဘောလုံး‌လောကအတွင်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ သတင်းကတော့ ပြင်သစ်လက်ရွေးစင်ဟောင်း မန်စီးတီး ဘယ်နောက်ခံကစားသမား ဘန်ဂျမင် မန်ဒီရဲ့ သတင်းပဲဖြစ်ပါတယ်။

ဘန်ဂျမင် မန်ဒီကတော့ မုဒိန်းမှု ၇ မှု၊ လိင်ပိုင်းဆိုင်ရာ‌စော်ကားမှု ၁ မှု စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။လတ်တလောမှာတော့ တရားရုံးဘက်က မန်ဒီ ကို အာမခံခွင့်ပြုထားတယ်လို့ သတင်းတွေအရ သိပါတယ်။

Linko
ဇန်နဝါရီ - ၂၁