【 အားကစား 】 မက်ဆီ ကို ကြိုဆိုဖို့ PSG ပြင်ဆင်နေ

【 အားကစား 】 မက်ဆီ ကို ကြိုဆိုဖို့ PSG ပြင်ဆင်နေ

ဘာစီလိုနာအသင်းတွင် ၂၁ နှစ်ကြာ ကစားခဲ့ပြီးနောက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ၆ ကြိမ်ရထားတဲ့  လီယွန်နယ် မက်ဆီဟာ အသင်းကနေ နှုတ်ဆက်ထွက်ခွာခဲ့ပြီဖြစ်ပါတယ်။

ထို့နောက်မှာတော့ မက်ဆီ ပြောင်းရွှေ့ကစားမယ့် နောက်ထပ်ကလပ်အသင်းဟာ PSG ဖြစ်တယ်ဆိုတဲ့ အသံတွေ ပိုမိုကျယ်လောင်လာခဲ့ပြီဖြစ်ပါတယ်။

ပြင်သစ်ကလပ် PSG အသင်းဟာ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီ ကို လစာငွေအမြောက်အမြားနဲ့ ကမ်းလှမ်းသွားမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြလျက်ရှိနေပါတယ်။တနင်္ဂနွေနေ့ ညပိုင်းက PSG အသင်းရဲ့ ပရိတ်သတ်တွေဟာ မက်ဆီ ဆိုက်ရောက်ဖွယ်ရှိတယ်လို့ သတင်းထွက်ပေါ်နေတဲ့ ပဲရစ်မြို့ မြောက်ပိုင်းက Le Bourget လေဆိပ်မှာ စောင့်ဆိုင်းနေခဲ့ကြပါတယ်။ဒါပေမယ့် PSG ပရိတ်သတ်များ စောင့်ဆိုင်းမှုဟာ အချည်းနှီးဖြစ်ခဲ့ရပါတယ်။လက်ရှိသတင်းထွက်ပေါ်မှုတွေအရတော့ မက်ဆီဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို တနင်္လာနေ့မှာ ရောက်ရှိလာဖွယ်ရှိနေတယ်လို့ သိရပါတယ်။

မက်ဆီကတော့ ဘာစီလိုနာအသင်းနဲ့ နှုတ်ဆက်ပွဲမှာ PSG အသင်းကို ပြောင်းရွှေ့မှုဟာ ဖြစ်နိုင်ခြေရှိတယ်လို့ပဲ ဆိုခဲ့ပြီး မည်သည့်အပြောင်းအ‌ရွှေ့ကိစ္စမျှ ဆွေးနွေးပြီးဆုံးခြင်း မရှိသေးဘူးလို့လည်း ဆိုခဲ့ပါတယ်။ဒါပေမယ့် PSG အသင်းဟာ မက်ဆီအတွက် တစ်နှစ် ယူရို ၃၅ သန်းနဲ့ စာချုပ်နိုင်မယ့် တစ်ခုတည်းသော ကလပ်အသင်းဖြစ်နေပြီး၊ မက်ဆီရဲ့ နိုင်ငံအသင်း‌ဖော်တွေဖြစ်တဲ့ ဒီမာရီယာနဲ့ ပါရီဒက်စ်၊ ဘာစီလိုနာမှာ အတူတွဲကစားခဲ့ဖူးတဲ့ နေမာတို့ ရှိနေပါတယ်။ PSG အသင်းကတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရဲ့ ကမ္ဘာကျော် အီဖယ်လ်တာဝါကိုတောင် ငှားရမ်းထားပြီလို့ သိရပြီး၊ နေမာ ကို မိတ်ဆက်ကြိုဆိုတုန်းကလည်း အီဖယ်လ်တာဝါကို ငှားရမ်းခဲ့ပါသေးတယ်။

လီယွန်နယ် မက်ဆီအနေနဲ့ PSG အသင်းကိုရောက်ရှိဖို့ဟာ သေချာသလောက်ရှိနေပြီလို့ သတင်းတွေကဖော်ပြလျက်ရှိနေပြီး၊ PSG အသင်းအနေနဲ့ ရာမို့စ် ကို ခေါ်ယူခဲ့ပြီဖြစ်ပြီး၊ မက်ဆီ ကို ထပ်မံခေါ်ယူနိုင်ခဲ့ပါက စပိန်အင်အားကြီးနှစ်သင်းဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ အသင်းခေါင်းဆောင်တွေကို ခေါ်ယူစာချုပ်နိုင်တဲ့အသင်းဖြစ်လာတော့မှာ ဖြစ်ပါတယ်။

Linko
ပဲရစ်၊ သြဂုတ် - ၉