【 အားကစား 】 မန်ယူအသင်းကို ကိုဗစ်ကူးစက်

【 အားကစား 】 မန်ယူအသင်းကို ကိုဗစ်ကူးစက်

မန်ယူအသင်းရဲ့ လေ့ကျင့်ရေးကွင်းတွင် ကစားသမားများနဲ့ ဝန်ထမ်းများကို ကိုဗစ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ကိုဗစ်ကူးစက်မှုများတွေ့ရှိခဲ့ရတဲ့အတွက် ဘရန့်ဖို့ဒ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်ဟာ ရွှေ့ဆိုင်းရဖွယ်ရှိလာခဲ့ပြီဖြစ်ပါတယ်။

စနေနေ့မှာ နော်ဝစ်ခ်ျအသင်းကို အနိုင်ယူပြီးနောက် မန်ယူအသင်းမှာ ကိုဗစ်ကူးစက်ခံထားရသူများကို စစ်ဆေးတွေ့ရှိခဲ့ရတာဖြစ်ပြီး၊ ကိုဗစ်ကူးစက်ခံထားရသူများကို သီးခြားခွဲခြားထားသည်ဟု သိရပါတယ်။

သတင်းတွေကတော့ ကူးစက်ခံရသူတွေဟာ ကစားသမားအနည်းစုနဲ့ ဝန်ထမ်းအနည်းငယ်သာဖြစ်တယ်လို့ ဖော်ပြထားပြီး၊ လက်ရှိအချိန်ထိတော့ ဘရန့်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်ကို ရွှေ့ဆိုင်းထားခြင်း မရှိသေးပါဘူး။အင်္ဂလန် ပရီးမီယားလိဂ် တာဝန်ရှိသူတွေဘက်ကတော့ မန်ယူအသင်းရဲ့ ကိုဗစ်ကူးစက်မှု အခြေအနေများကို စောင့်ကြည့်လျက်ရှိနေပါတယ်။
အင်္ဂလန်ကလပ်အသင်းဖြစ်တဲ့ စပါးအသင်းဟာလည်း အသင်းတွင်း ကိုဗစ်ကူးစက်မှုများ မြင့်တက်လျက်ရှိနေတာကြောင့် ပွဲစဉ်များကို ရွှေ့ဆိုင်းခဲ့ရပြီးနောက်မှာ မန်ယူအသင်းရဲ့ ကိုဗစ်ကူးစက်မှုပြဿနာ ပေါ်ပေါက်လာခဲ့ဝာာဖြစ်ပါတယ်။

ကိုဗစ်ကူးစက်မှု မြင့်တက်လာမှုကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကတော့ လေ့ကျင့်ရေးကွင်းတွင် လူစုလူဝေးများကို ခပ်ခွာခွာပြုလုပ်ရန်၊ အိမ်တွင်း နှာခေါင်းစည်းတပ်ရန်နှင့် တစ်ပတ်လျှင် သုံးကြိမ်စစ်ဆေးရန်တို့ကို ပရီးမီးယားလိဂ် ကလပ်အသင်းများသို့ တိုက်တွန်းခဲ့ပါတယ်။ဒါ့အပြင် ကစားသမားများကို ကာကွယ်ဆေးထိုးနှံဖို့ ပိုမိုဆောင်ရွက်ရန်လည်း ကြိုးပမ်းလျက်ရှိပါတယ်။

စပါးနဲ့ မန်ယူအသင်းတို့ကဲ့သို့ အင်္ဂလန် ချန်ပီယံရှစ်ပြိုင်ပွဲမှ ကျူပီအာအသင်းဟာလည်း ကိုဗစ်ကူးစက်မှုကြောင့် ပွဲစဉ်များကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

Linko
မန်ချက်စတာ၊ ဒီဇင်ဘာ - ၁၃