【 အားကစား 】 မီထရိုဗစ်ရဲ့ နောက်ကျအနိုင်ဂိုးနဲ့ ကမ္ဘာ့ဖလားဝင်ခွင့်ရခဲ့တဲ့ ဆားဘီးယား

【 အားကစား 】 မီထရိုဗစ်ရဲ့ နောက်ကျအနိုင်ဂိုးနဲ့ ကမ္ဘာ့ဖလားဝင်ခွင့်ရခဲ့တဲ့ ဆားဘီးယား

စီရော်နယ်လ်ဒို ပါဝင်တဲ့ ပေါ်တူဂီအသင်းနဲ့ ကမ္ဘာ့ဖလားဝင်ခွင့်အတွက် အကြိတ်အနယ်ယှဉ်ပြိုင်ဖို့ ဆားဘီးယားအသင်းအနေနဲ့ ကြိုးပမ်းရတော့မှာဖြစ်ပါတယ်။

ပွဲချိန်အတွင်း သရေကျခဲ့ရင်တောင် ပေါ်တူဂီအသင်းအတွက် ကမ္ဘာ့ဖလားဝင်ခွင့်ကိုရရှိသွားမှာဖြစ်တဲ့အတွက် ဆားဘီးယားအသင်းအနေနဲ့ ပေါ်တူဂီအသင်းကို အနိုင်ကစားရုံမှတပါး အခြားရွေးချယ်စရာမရှိခဲ့ပါဘူး။

စီရော်နယ်လ်ဒို၊ ဂျိုတာ၊ ဂျာအိုဖိလစ်၊ ရီနာတို ဆန်းချက်စ်၊ ဘာနာဒို ဆေးလ်ဗား၊ ရူဘင် ဒီယက်စ်နဲ့ ကန်ဆယ်လိုတို့လို ကမ္ဘာ့အဆင့် ကစားသမားတွေပါဝင်တဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းကို တာဒစ်နဲ့ မီထရိုဗစ်တို့ ဦးဆောင်တဲ့ ဆားဘီးယားအသင်းက အနိုင်ကစားဖို့ ကြိုးပမ်းရတော့မှာပါ။

ပထမပိုင်းပွဲချိန် အစပိုင်း ၂ မိနစ်မှာပဲ ပေါ်တူဂီအသင်းအတွက် ဦးဆောင်ဂိုးကို ရီနာတို ဆန်းချက်စ် က သွင်းယူပေးခဲ့ပါတယ်၊ သာမန်အချိန်မှာဆိုရင်တော့ အသင်းကြီးတစ်သင်းကို ဂိုးပေးလိုက်ရတဲ့အတွက် စိတ်ဓာတ်ရေးရာအရ ပျက်ပြားသွားမှာပါ၊ ဒါပေမယ့် ဆားဘီးယားအသင်းကတော့ ချက်ခြင်းဆိုသလို ပြန်လည်တိုက်စစ်ဆင်ခဲ့ပါတယ်။ဆက်တိုက်ဆိုသလို ပေါ်တူဂီအသင်းဘက်ကို တိုက်စစ်ဆင်ကစားရင်း ပွဲချိန် ၃၃ မိနစ်အရောက်မှာတော့ တာဒစ် က ဆားဘီးယားအသင်းအတွက် ချေပဂိုးကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

ပွဲချိန်ဒုတိယပိုင်းမှာတော့ ပေါ်တူဂီအသင်းဘက်က သရေ ရလဒ်ကို ဦးတည်ပြီး ထိန်းကစားလာခဲ့ပြီး၊ ဆားဘီးယားအသင်းဘက်ကတော့ ပေါ်တူဂီအသင်းရဲ့ အမှားကိုစောင့်ပြီး အနိုင်ဂိုးကိုရယူနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ပွဲပြီးဆုံးခါနီး နောက်ဆုံးမိနစ်အရောက်မှာတော့ ဖူလ်ဟမ်အသင်း တိုက်စစ်မှူး မီထရိုဗစ် က ဆားဘီးယားအသင်းအတွက် အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူပြီး ဆားဘီယားအသင်းကို ကမ္ဘာ့ဖလားဆီ ပို့ဆောင်ပေးခဲ့ပါတယ်။

စီရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီအသင်းကတော့ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိဖို့အတွက် play-offs ကစားရဖို့ရှိနေပြီး အဆိုပါပွဲတွေမှာ ယခုပွဲစဉ်ကဲ့သို့ ခြေချော်ရှုံးနိမ့်ပါက ပေါ်တူဂီအသင်းအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အိပ်မက်ဟာ ပျက်ဆီးသွားနိုင်ပါတယ်။

ဆားဘီယား လက်ရွေးစင် နည်းပြ စတို့ခ်ျ ကိုဗစ်ကတော့ "ကျနော်တို့ ဒီကို ဘောလုံးကစားဖို့လာခဲ့တာပါ၊ ကျနော်တို့ ပိုမိုကောင်းမွန်ခဲ့လို့ အရာအားလုံးကို ရယူနိုင်ခဲ့ပါတယ်၊ ကျနော်တို့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ကျနော်တို့လိုအပ်တာ ရရှိခဲ့ပါပြီ၊ ပေါ်တူဂီကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ပြိုင်ဘက်တွေကို ကျနော်တို့အနိုင်ယူနိုင်စွမ်းရှိတယ်လို့ ယုံကြည်ပါတယ်၊ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် ကျနော်တို့ ဝမ်းသာမိပါတယ်" လို့ ဆိုပါတယ်။

"ကျနော်တို့ အနိုင်ရဖို့ ထိုက်တန်ပါတယ်၊ ဒီနိုင်ပွဲက ဆားဘီယားဘောလုံးလောကအတွက် ကြီးမားတဲ့ အောင်မြင်မှုပါ၊ အသင်းက အပြင်းထန်ဆုံး ဖိအားတွေအောက်မှာ ရင့်ကျက်မှုနဲ့ တည်ငြိမ်မှုကို ပြသခဲ့ပါတယ်၊ အကယ်၍ ၁-၁ ဂိုးရလဒ်နဲ့သာ ပွဲပြီးသွားမယ်ဆိုရင် ကျနော်တို့လဲ ရှုံးထွက်အဆင့်ကို ကစားခွင့်ရမှာပါ" လို့ ဆားဘီယား နည်းပြ စတို့ခ်ျ ကိုဗစ် က ဆ‌က်ပြောပါတယ်။

ပေါ်တူဂီအသင်းက အနိုင်ရယူဖို့ မကြိုးစားဘဲ သရေပွဲဆီကို ဦးတည်ကစားခဲ့တာက အမှားကြီးကြီးမားမားဖြစ်သွားခဲ့ရကာ ကမ္ဘာ့ဖလားဝင်ခွင့်ကို လက်လွှတ်ခဲ့ရပြီး၊ စိတ်ဓာတ်မာကြောစွာနဲ့ အနိုင်ရယူဖို့ ကြိုးပမ်းခဲ့တဲ့ ဆားဘီးယားအသင်းကတော့ ကြိုးစားမှုရဲ့ ရလဒ်ကို အကျိုးခံစားခဲ့ရပြီး ကမ္ဘာ့ဖလားဝင်ခွင့်ကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။

Linko
ပေါ်တူဂီ၊ နိုဝင်ဘာ - ၁၅