【 အားကစား 】 မျက်ရည်များနဲ့ မြက်ခင်းစိမ်းကို စွန့်ခွာသွားတဲ့ အဂူရို

【 အားကစား 】 မျက်ရည်များနဲ့ မြက်ခင်းစိမ်းကို စွန့်ခွာသွားတဲ့ အဂူရို

လွန်ခဲ့သော ၂၀၁၁ ခုနှစ်တုန်းက လူကောင်ခပ်သေးသေးအရွယ်နဲ့ တိုက်စစ်မှူးလေးတစ်ယောက်ဟာ အင်္ဂလန် ပရီးမီးယားလိဂ်ဆီကို ခြေချခဲ့ပါတယ်။

ထိုအချိန်က အင်္ဂလန် ပရီးမီးယားလိဂ်မှာ လူကောင်ခပ်ကြီးကြီး တိုက်စစ်မှူးတွေ ကြီးစိုးနေတဲ့အတွက် မန်စီးတီးအသင်းရဲ့ လူကောင်ခပ်သေးသေး တိုက်စစ်မှူးလေးကို ခေါ်ယူမှုဟာ ဝေဖန်သံတွေညံခဲ့ပါတယ်။

မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူးလေးဟာ ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ ဂိုးတွေဆက်တိုက်သွင်းယူပြီး မန်စီးတီးအသင်းကို အင်္ဂလန် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့အပြင်၊ ဆုဖလားအောင်မြင်မှုများစွာကိုလည်း ရယူခဲ့ပြီးနောက်မှာ မန်စီးတီးအသင်းအတွက် ဂန္တဝင်ကစားသမားဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့နာမည်ကတော့ ဆာဂျီအို အဂူရို ဖြစ်ပါတယ်။

ယမန်နေ့ ညပိုင်းကပဲ အဂူရိုဟာ သူ့ရဲ့ ၁၈ နှစ်ကြာ ဘောလုံးသမားဘဝကနေ အနားယူပြီလို့ ကြေညာခဲ့ပါတယ်။အဂူရိုဟာ ဘာစီလိုနာအသင်းအတွက် ကစားပေးခဲ့တဲ့ ပွဲစဉ်တစ်ခုမှာ အသက်ရှုကြပ်တဲ့ဝေဒနာကို ခံစားရပြီးနောက်မှာ ဆေးရုံဆီသို့ အလျင်အမြန်တက်ရောက်ကုသခဲ့ရတာဖြစ်ပါတယ်။ယခုတော့ ဆေးပညာရှင်များက အဂူရို ကို ဘောလုံးဆက်ကစားဖို့ မဖြစ်နိုင်တော့ဘူးလို့ အကြံပြုခဲ့ကြတဲ့ အသက် ၃၃ နှစ်အရွယ်မှာပဲ ကစားသမားဘဝကနေ အနားယူခဲ့ရတာဖြစ်ပါတယ်။

မန်စီးတီးအသင်း နည်းပြကြီး ပက် ဂွာဒီယိုလာဟာ ကစားသမားဟောင်း အဂူရိုအတွက် အင်္ဂလန်နိုင်ငံကနေ စပိန်နိုင်ငံ ဘာစီလိုနာမြို့သို့ လာရောက်ခဲ့ပြီး ကစားသမားဘဝ နှုတ်ဆက်ပွဲကို တက်ရောက်ခဲ့ပါတယ်။ "မာရာဒိုနာ က အီတလီမှာ ကျော်ကြားခဲ့တယ်၊ မက်ဆီ က စပိန်မှာ အောင်မြင်ခဲ့တယ်၊ အဂူရိုကတော့ အင်္ဂလန်မှာ အောင်နိုင်ခဲ့တယ်" လို့ ဂွာဒီယိုလာ က ဆိုပါတယ်။

လီဗာပူးလ်အသင်း နည်းပြကြီး ယာဂန် ကလော့ပ်ကတော့ "ပထမဆုံးအနေနဲ့ ဒီကောင်လေးဖြစ်ရပ်ကြောင့် ကျနော်တကယ်ခံစားရပါတယ်၊ သူအရမ်းတုန်လှုပ်နေမှာပါ၊ ပရီးမီးယားလိဂ်မှာ ဒီကောင်လေးရဲ့ ပုံရိပ်က အံ့မခန်းစရာပါပဲ၊ သူဟာ ကြီးကျယ်ခမ်းနားတဲ့ ဂိုးတွေသွင်းယူခဲ့တယ်၊ ကျနော်ကြုံခဲ့ဖူးသမျှ ကစားမားတွေထဲက အကောင်းဆုံးတစ်ဦးပါ" လို့ ပြောကြားခဲ့ပါတယ်။

အာဂျင်တီးနား လက်ရွေးစင်ဖြစ်တဲ့ အဂူရိုဟာ လီယွန်နယ် မက်ဆီနဲ့ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူဖြစ်ပါတယ်။ Ballon d'Or ၇ ကြိမ်မြောက်ဆုကို ရယူထားသူ မက်ဆီကတော့ "ငါတို့ ပြိုင်ပွဲတွေ အတူတူပြိုင်ခဲ့ကြတယ်၊ ငါတို့အတူတူ အရမ်းကောင်း‌တဲ့ အခိုက်အတန့်တွေကြုံခဲ့တယ်၊ အရာအားလုံးက ငါတို့ကို ပိုပိုစည်းလုံးလာစေတယ်၊ အခုတော့ မင်းရဲ့ ဘဝသစ်တစ်ခုကို စတင်ပြီ၊ မင်းပြုံးပြုံးရွှင်ရွှင်နဲ့ နေထိုင်သွားမယ်ဆိုတာ ငါယုံကြည်တယ်" လို့ အင်စတာဂရမ် လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။

အဂူရိုဟာ ၎င်းရဲ့ကစားသမားဘဝနှုတ်ဆက်ပွဲမှာ မျက်ရည်မထိန်းနိုင်ဖြစ်ခဲ့ရပြီး၊ ၎င်းချစ်တဲ့ မြက်ခင်းစိမ်းကို အချိန်မတန်ခင် ခွဲခွာခဲ့ရတာဖြစ်ပါတယ်။

Linko
ဘာစီလိုနာ၊ ဒီဇင်ဘာ - ၁၆