【 အားကစား 】 လက်စတာအသင်း မန်နေဂျာကို စိတ်ဝင်စားနေတဲ့ မန်ယူ

【 အားကစား 】 လက်စတာအသင်း မန်နေဂျာကို စိတ်ဝင်စားနေတဲ့ မန်ယူ

မန်ယူအသင်း နည်းပြ ဆိုးလ်ရှားကတော့ အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခံရမှာကို စိတ်မပူဘူးလို့ ဆိုခဲ့ပေမယ့်လည်း မန်ယူအသင်းဘက်က သင့်တော်မယ့် နည်းပြသစ်တစ်ဦးကို ရှာဖွေလျက်ရှိနေကြောင်း သတင်းများက ဖော်ပြလျက်ရှိနေပါတယ်။

Daily Star သတင်းဌာနမှ ဂျရမီ ခရော့စ်ရဲ့ သီးသန့်အစီရင်ခံစာတစ်ခုမှာတော့ အသက် ၄၈ နှစ်အရွယ် လက်စတာအသင်းနည်းပြဟာ အသင်းမှထွက်ခွာရန် စောင့်ဆိုင်းနေကြောင်း မန်ယူအသင်းဘက်ကလည်း နည်းပြသစ်အဖြစ်ခန့်အပ်ရန် စိတ်ဝင်စားနေကြောင်း ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာတော့ ဘောလုံးလောကအတွင်းမှာ ရလဒ်ဆိုးတွေ ကြုံတွေ့နေရတဲ့ မန်ယူအသင်းလို သမိုင်းကြောင်းကြီးကျယ်တဲ့ အသင်းကြီးကို လမ်းကြောင်းမှန်ကို ပြန်လည်တည့်မတ်‌ပေးနိုင်မယ့် အတွေ့အကြုံရင့် နည်းပြတွေဟာ ရှားပါးလာခဲ့ပြီဖြစ်ပါတယ်။လတ်တ‌လောမှာ မန်ယူအသင်းအတွက် အသင့်တော်ဆုံး နည်းပြလို့ဆိုရမယ့် ကွန်တီဟာလည်း စပါးနည်းပြတာဝန်ကို လက်ခံလိုက်တဲ့အတွက် မန်ယူအသင်းအတွက် နည်းပြသစ်ရှာပုံတော်ထွက်ရာမှာ ခက်ခဲလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလော ကောလာဟလထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ မန်ယူအသင်းဟာ လက်စတာစီးတီးအသင်း နည်းပြ ဘရန်ဒန် ရော်ဂျာစ် ကို ခန့်အပ်ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။မန်ယူကဲ့သို့ သမိုင်းအစဉ်အလာကြီးမားတဲ့ လီဗာပူးလ်အသင်းကို ၂၀၁၂ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ကိုင်တွယ်ခဲ့တဲ့ ရော်ဂျာစ်ဟာ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်းအတော်များများကို ကိုင်တွယ်ခဲ့ဖူးသလို၊ စကော့တလန် ကလပ်အသင်းဖြစ်တဲ့ ဆဲလ်တစ်မှာလည်း ဆုဖလားအောင်မြင်မှုတွေရရှိခဲ့သူဖြစ်ပါတယ်။

ဆိုးလ်ရှား ကို အစားထိုးခန့်အပ်မယ့် နည်းပြသစ်ဟာ လေးစားဖွယ်ကောင်းသော နည်းပြမှတ်တမ်းရှိရမည်ဖြစ်ပြီး၊ အကောင်းဆုံးသော အရည်အချင်းတွေကို အိုးထရက်ဖို့ဒ်တွင် ပြသနိုင်ရမယ်လို့ မန်ယူအသင်းရဲ့ စီမံခန့်ခွဲမှုဘက်က ခံယူထားပါတယ်။

ရော်ဂျာစ်ဟာ လီဗာပူးလ်အသင်းကို ကိုင်တွယ်ခဲ့ပြီး အောင်မြင်မှုကြီးကြီးမားမား မရခဲ့ပေမယ့် ဆဲလ်တစ်နဲ့ လက်စတာအသင်းတို့မှာတော့ လေးစားလောက်ဖွယ် နည်းပြအရည်အသွေးကို ပြသနိုင်ခဲ့ပါတယ်။မန်ယူအသင်းရဲ့ ပရိတ်သတ်များကလည်း ဆိုးလ်ရှား ကို ထုတ်ပယ်ပြီး နည်းပြသစ်ခန့်အပ်ဖို့ တောင်းဆိုလျက်ရှိနေပါတယ်။

မန်ယူအသင်းရဲ့ တာဝန်ရှိသူများကတော့ နည်းပြ ဆိုးလ်ရှား ကို နောက်ထပ်အချိန်ပေးလိုနေပေမယ့် လာမယ့် ရက်သတ္တပတ်မှာ ရင်ဆိုင်ရမယ့် တန်းဆင်းဇုံအနီးက ဝက်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်မှာ မန်ယူအသင်း ရလဒ်မကောင်းခဲ့ရင်တော့ ဆိုးလ်ရှားရဲ့ အနာဂတ်ဟာ ဆိုးရွားသွားနိုင်ပါတယ်။အဆိုပါပွဲစဉ်အပြီး ထုတ်ပယ်မခံရရင်တောင် ဗီလာရီးရဲလ်၊ ချဲလ်ဆီး၊ အာဆင်နယ်တို့နဲ့ ဆက်တိုက်ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ဆိုးလ်ရှားအတွက် ဆူးခင်းလမ်းကို ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

မန်ယူအသင်းအတွက် အဆိုးဆုံးအခြေအနေတွေဖြစ်လာခဲ့ရင်တော့ လက်စတာနည်းပြ ရော်ဂျာစ် ကို အိုးထရက်ဖို့ဒ်ဆီ ခေါ်ဆောင်လာဖို့အတွက် တွန်းအားပေးမှုတွေ ဖြစ်ပေါ်လာတော့မှာဖြစ်ပါတယ်။

Linko
မန်ချက်စတာ၊ နိုဝင်ဘာ - ၁၁