【 အားကစား 】 ဝုဗ်နဲ့ပွဲမှာ ကွင်းလယ်အသာစီးမရခဲ့တဲ့ အကြောင်းအရင်းကို ရှင်းပြလိုက်တဲ့ ဆိုးလ်ရှား

【 အားကစား 】 ဝုဗ်နဲ့ပွဲမှာ ကွင်းလယ်အသာစီးမရခဲ့တဲ့ အကြောင်းအရင်းကို ရှင်းပြလိုက်တဲ့ ဆိုးလ်ရှား

ယမန်နေ့ညပိုင်းမှာ ကစားခဲ့တဲ့ ဝုဗ်အသင်းကို ၀-၁ ဂိုးရလဒ်နဲ့ အနိုင်ရှိခဲ့တဲ့ပွဲစဉ်မှာ မန်ယူအသင်းဟာ ခြေစွမ်းအတော်လေးကို ဆိုးရွားခဲ့ပြီး ဝုဗ်အသင်းရဲ့ ကွင်းလယ်ပိုင်းကို မစိုးမိုးနိုင်ခဲ့တာကို မြင်တွေ့ရပါတယ်။

ဝုဗ်အသင်းနဲ့ ပွဲစဉ်မှာ မန်ယူအသင်းရဲ့ ဂိုးသမား ဒီဂီယာ လက်စွမ်းပြမှုနဲ့အတူ ဂရင်းဝုဒ်ရဲ့ ‌အနိုင်ဂိုးကြောင့်သာ အနိုင် ၃ မှတ်ရရှိခဲ့တာဖြစ်ပြီး ကံမကောင်းခဲ့ရင်တော့ ဂိုးပြတ်ရှုံးပွဲကိုတောင် ကြုံတွေ့လိုက်ရနိုင်တာဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ ဂန္တဝင်ကစားသမားကြီးဖြစ်သူ ရွိုင်ကိန်းကလည်း ယမန်နေ့ညက ယူနိုက်တက်ရဲ့ ကစားပုံကို ပြင်းပြင်းထန်ထန်ကို ဝေဖန်ခဲ့ပြီး "စီရော်နယ်လ်ဒိုသာ ဝုဗ်‌နဲ့ပွဲကိုကြည့်နေရင် အသင်းပြန်ပြောင်းချင်စိတ် ပေါက်သွားခဲ့လိမ့်မယ်" လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။

မန်ယူအသင်း နည်းပြ ဆိုးလ်ရှားကတော့ ဝုဗ်အသင်းနဲ့ပွဲမှာ မန်ယူအသင်းရဲ့ ကွင်းလယ်ဟာ ယှဉ်ကစားနိုင်ဖို့ ရုန်းကန်နေခဲ့ရတယ်လို့ ဝန်ခံလိုက်ပါတယ်။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ သတင်းထောက်များက "မန်ယူနည်းပြအနေနဲ့ ပွဲအတွင်းမှာ ပေါလ် (ပေါ့ဂ်ဘာ) ဘယ်နေရာမှာကစားနေသလဲဆိုတာ မမြင်ဘူးလား" ဟု မေးမြန်းမှုအပေါ် "ပွဲကို ပြန်ကြည့်လိုက်ပါ၊ ပေါလ် (ပေါ့ဂ်ဘာ) ဘယ်လိုနေရာမှာ ကစားနေသလဲဆိုတာကို မြင်တွေ့ရလိမ့်မယ်၊ ပွဲချိန် ပထမပိုင်းမှာတော့ ငါတို့ ရုန်းကန်ခဲ့ရတယ်လို့ ငါထင်တယ်၊ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ငါတို့ကောင်းကောင်းဖြေရှင်းနိုင်ခဲ့တယ်၊ ပေါလ် (ပေါ့ဂ်ဘာ) က ပွဲကို ထိန်းချုပ်နိုင်ခဲ့တယ်၊ သူ (ပေါ့ဂ်ဘာ) လုပ်ခဲ့တာ အလွန်ကောင်းတယ်၊ တကယ်ကောင်းတယ်" လို့ မန်ယူနည်းပြ ဆိုးလ်ရှား က သတင်းထောက်များ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

မန်ယူနည်းပြ ဆိုးလ်ရှား ပြောကြားခဲ့သလိုပဲ ပေါ့ဂ်ဘာဟာ ဝုဗ်အသင်းနဲ့ပွဲမှာ မန်ယူအသင်းကွင်းလယ်ကို ခြေစွမ်းပြပြီး ထိန်းကျောင်းနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် တွဲဖက် ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်နဲ့ ဖရက်ဒ်တို့ သာမန်သာ ကစားသွားနိုင်ခြင်းက မန်ယူအသင်းကွင်းလယ်ကို အားနည်းသွားစေခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်း ပရိတ်သတ်တွေကတော့ နည်းပြ ဆိုးလ်ရှားရဲ့ နည်းစနစ်များကို ဝေဖန်ကြလျက်ရှိပြီး ညာတောင်ပံကစားသမား ဆန်ချို ကို ဘယ်တောင်ပံပို့ပြီး ကစားစေခြင်းနဲ့ ရုန်းကန်နေရတဲ့ အသင်းရဲ့ကွင်းလယ်ကို ပွဲချိန်အတွင်း နည်းစနစ်အပြောင်းအလဲ မပြုလုပ်ခြင်းတို့ကို ဝေဖန်ပြောဆိုနေကြတာဖြစ်ပါတယ်။

Linko
မန်ချက်စတာ၊ ဩဂုတ် - ၃၀