【 အားကစား 】 သမိုင်းတလျှောက် ဂိုးအများဆုံးသွင်းသူဖြစ်လာတဲ့ စီရော်နယ်လ်ဒို

【 အားကစား 】 သမိုင်းတလျှောက် ဂိုးအများဆုံးသွင်းသူဖြစ်လာတဲ့ စီရော်နယ်လ်ဒို

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီကစားသမားကြီးဟာ ဂိုးသွင်းစံချိန်သစ်တွေကို ယူဆောင်နေတုန်းပါပဲ။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အာဆင်နယ်အသင်းကို ၃-၂ ဂိုးရလဒ်နဲ့ အနိုင်ရှိခဲ့တဲ့ ပွဲစဉ်မှာ ၂ ဂိုးသွင်းယူပြီးနောက် တရားဝင်ပြိုင်ပွဲများမှာ ဂိုးပေါင်း ၈၀၀ ပြည့်မြောက်အောင် သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

စီရော်နယ်လ်ဒိုအနေနဲ့ မန်ယူအသင်း နည်းပြသစ်ဖြစ်လာမယ့် ရစ်ဖ် ရန်နစ်ခ် လက်အောက်မှာ ၎င်းရဲ့ကစားပုံနဲ့ ကိုက်ညီဖွယ်မရှိနိုင်ကြောင်း ဝေဖန်အကြံပြုတဲ့သတင်းများ ထွက်ပေါ်ခဲ့ဖူးပါတယ်။ဒါပေမယ့် စီရော်နယ်လ်ဒိုကတော့ ဝေဖန်မှုတွေကို သွင်းဂိုးတွေနဲ့ တုံ့ပြန်လျက်ရှိပါတယ်။

စီရော်နယ်လ်ဒိုဟာ စပို့တင်းလစ္စဘွန်းအသင်းအတွက် ၅ ဂိုး၊ မန်ယူအသင်းအတွကန ဂိုးပေါင်း ၁၃၀၊ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဂိုးပေါင်း ၄၅၀၊ ဂျူဗင်တပ်အသင်းအတွက် ၁၀၁ ဂိုးနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ၁၁၅ ဂိုးတို့ သွင်းယူပြီး တရားဝင်ပြိုင်ပွဲများတွင် စုစုပေါင်း ၈၀၁ ဂိုးဖြင့် ဂိုးပေါင်း ၈၀၀ သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

တရားဝင်ပြိုင်ပွဲများတွင် ဂိုးပေါင်း ၈၀၀ ပြည့်မြောက်အောင် သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ် စံချိန်တင်နိုင်ခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ အမျိုးသားလက်ရွေးစင်အသင်း၊ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားလည်းဖြစ်ပါတယ်။

အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ နယူးကာဆယ်အသင်း ဂန္တဝင်ကစားသမားကြီး အလန်ရှီးယားကတော့ Amazon Prime Video မှာ "မင်းအဲ့ဒီမှာထိုင်ပြီး 'wow' 'ဝိုး' " လို့ ဟစ်ကြွေးကာ ဒီကောင်လေးကို ချီးကျူးဖို့ပဲလိုတယ်လို့ ဆိုပါတယ်။

စီရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီလက်ရွေးစင်နဲ့ မန်ယူအသင်းဖော် ဘရူနို ဖာနန်ဒက်စ်ကတော့ "မယုံနိုင်စရာပါပဲ၊ သူ (စီရော်နယ်လ်ဒို) က တစ်နှစ်ပြီး တစ်နှစ် ပြိုင်ပွဲတစ်ခုပြီး တစ်ခု တိုးတက်နေတယ်ဆိုတာ ကျနော်တို့အားလုံးသိပါတယ်၊ သူ (စီရော်နယ်လ်ဒို) က အကောင်းဆုံးဖြစ်အောင် ဆက်လုပ်ချင်ပြီး ဒါကိုပဲ တစိုက်မတ်မတ်လုပ်နေခဲ့တာပါ၊ ဖိအားတွေကို ဘယ်လိုရင်ဆိုင်မလဲ၊ သူ့ကိုယ်သူ ဘယ်လိုစိတ်ဓာတ်မြှင့်တင်မလဲဆိုတာ သူကောင်းကောင်းသိပါတယ်" လို့ ချီးကူးပြောဆိုခဲ့ပါတယ်။

Linko
မန်ချက်စတာ၊ ဒီဇင်ဘာ - ၃