【 အားကစား 】 အက်ကြောင်း ပိုမိုကြီးမားလာတဲ့ ချဲလ်ဆီးနဲ့ လူကာကူ

【 အားကစား 】 အက်ကြောင်း ပိုမိုကြီးမားလာတဲ့ ချဲလ်ဆီးနဲ့ လူကာကူ

ချဲလ်ဆီးအသင်းနဲ့ လူကာကူတို့ရဲ့ ပြဿနာကတော့ ပိုမိုကြီးမားလာခဲ့ပြီလို့ ဆိုရမှာပါ။
 
လူကာကူရဲ့ အင်တာဗျူးတစ်ခုမှာ စည်းလွတ်ဘောင်လွတ်ပြောဆိုမှုကြောင့် ယမန်နေ့ညပိုင်းက ကစားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်မှာလည်း အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး၊ ယနေ့ တနင်္လာနေ့မှာတော့ အစည်းအဝေးလုပ်ကာ လူကာကူရဲ့ ပြဿနာကို ဖြေရှင်းသွားမယ်လို့ သိရပါတယ်။
 
လူကာကူကတော့ စကားတွေကို စည်းလွတ်ဝါးလွတ်ဆက်လက်ပြောဆိုလျက်ရှိနေပြီး "ချဲလ်ဆီးအသင်းနဲ့ အမှတ်တရတစ်ခုကို မေးမြန်းရာ ချဲလ်ဆီးနဲ့ အင်တာအသင်း ကစားခဲ့စဉ်က ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူ ဒရော့ဘာ အနီကဒ်နဲ့ အထုတ်ခံရပြီးနောက် အင်တာအသင်း တိုက်စစ်မှူး အီတိုးမှ ချဲလ်ဆီးအသင်းဘက်ကို ဂိုးသွင်းယူလိုက်တဲ့အခါ ဆိုဖာထိုင်ခုံကနေ ထခုန်မိခဲ့တယ်" လို့ ဖြေကြားခဲ့ပါတယ်။
 
ချဲလ်ဆီးအသင်း ဒဏ်ရာပြဿနာများ ကိုဗစ်ပြဿနာများနဲ့ ပွဲရလဒ်များဆိုးရွားမှုနဲ့ ကြုံတွေ့နေချိန်မှာ "အသင်းမှာ မပျော်ပါဘူး၊ ပရော်ဖက်ရှင်နယ်ဆန်ဆန်ပဲ အလုပ်လုပ်ပါမယ်၊ အသင်းဟောင်း အင်တာအသင်းကို ပြန်ကစားချင်ပါတယ်" လို့ အင်တာဗျူး ဖြေကြားတဲ့အတွက် ချဲလ်ဆီးအသင်းဘက်က လူကာကူ ကို ဒေါသထွက်လျက်ရှိနေပြီး၊ ချဲလ်ဆီး ပရိသတ်များကပါ လူကာကူ ကို အလိုမရှိကြောင်း ထုတ်ဖော်ခဲ့ကြပါတယ်။
 
ချဲလ်ဆီးအသင်း နည်းပြကြီး တူချယ်လ်ကတော့ လူကာကူရဲ့ ပြဿနာကို ပါးပါးနပ်နပ်နဲ့ ကိုင်တွယ်လျက်ရှိနေပါတယ်။
 
"တနင်္လာနေ့မှာ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်ကာ ဖော်ပြပေးပါမယ်၊ သူ (လူကာကူ) က ကျနော်တို့ရဲ့ ကစားသမားပါ၊ အမြဲတမ်း နောက်ကြောင်းပြန်လှည့်ဖို့ လမ်းကြောင်းရှိပါတယ်၊ ဒီပြဿနာကို တံခါးပိတ်ပြီး ရှင်းလင်းပါမယ်၊ ဆုံးဖြတ်ချက်ချပြီးတာနဲ့ ရိုမီလူ သိရမယ်၊ ခင်ဗျားတို့လည်းသိရမယ်၊ အခုတော့ ဘာမှမဆုံးဖြတ်ရသေးဘူး" လို့ သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။
 
"အင်တာဗျူးတစ်ခုက မလိုအပ်ဘဲ ဆူညံသွားတာ ဒါပထမဆုံးအကြိမ်မဟုတ်ဘူး၊ ကမ္ဘာ့အဆိုးဆုံးမဟုတ်ဘူး၊ ဒါကို ကျနော်တို့ ကိုင်တွယ်နိုင်တယ်၊ ရိုမီလူဘက်က ကျနော့်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်တယ်လို့ ကျနော်မခံစားရဘူး" လို့ တူချယ်လ် က ဆက်ပြောပါတယ်။
 
"အခုလောလောဆယ်တော့ ကျနော်ဘာမှမပြောနိုင်သေးဘူး၊ အခြေအနေကို ပိုမိုနားလည်သဘောပေါက်ဖို့ လိုနေသေးလို့၊ ပြဿနာရှင်းပြီးသွားရင် သူ (လူကာကူ) က ကျနော်တို့ရဲ့ ကစားသမားအဖြစ် ဆက်ရှိနေမှာပါ၊ ကျနော်တို့ ကစားသမားကို ကျနော်တို့ ကာကွယ်သွားမှာပါ" လို့ ‌အင်တာဗျူးအဆုံးသတ်မှာ ချဲလ်ဆီးအသင်း နည်းပြကြီး တူချယ်လ် က ဖြေကြားခဲ့ပါတယ်။
 
သတင်းတွေအရတော့ ရိုမီလူ လူကာကူဟာ ချဲလ်ဆီးအသင်းကို စတင်ရောက်ရှိစဉ်က အသင်းရဲ့တောင်ပံကစားသမား ပူလီဆစ် ကို အမေရိကန် လေယူလေးသိမ်းနဲ့ စနောက်ခဲ့တဲ့အတွက် ယခုအချိန်ထိ ပူလီဆစ်ဟာ လူကာကူ ကို စကားပြောဆိုခြင်းမရှိဘူးလို့ သိရပါတယ်။
 
Linko
လန်ဒန်၊ ဇန်နဝါရီ - ၃