【 အားကစား 】 အနာဂတ်မှာ ဘာစီလိုနာကို ပြန်ဖွယ်ရှိတဲ့ မက်ဆီ

【 အားကစား 】 အနာဂတ်မှာ ဘာစီလိုနာကို ပြန်ဖွယ်ရှိတဲ့ မက်ဆီ

စပိန်သတင်းစာ SPORT နဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ၆ ကြိမ်ရရှိထားတဲ့ အာဂျင်တီးနားလက်ရွေးစင်နဲ့ PSG ကစားသမား လီယွန်နယ် မက်ဆီတို့ဟာ အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါအင်တာဗျူးမှာ မက်ဆီမှ ၎င်း ၂၁ နှစ်ကြာ ကစားပေးခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ပတ်သက်ပြီး ဖြေကြားသွားခဲ့ပါတယ်။

"ကျနော် အမြဲပြောခဲ့ပါတယ်၊ ကျနော် အသင်းကိုချစ်ပြီး ကူညီချင်တယ်၊ ကျနော်ဟာ အသင်းအတွက် အသုံးဝင်တယ်လို့ပေါ့၊ ကျနော် တစ်နေ့နေ့မှာ အားကစားဒါရိုက်တာအဖြစ်ဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်၊ ဘာစီလိုနာအသင်းမှာဆောင်ရွက်ဖို့ အခွင့်အရေးရမလားဆိုတာတော့ ကျနော်မသိသေးပါဘူး" လို့ မက်ဆီ က SPORT သတင်းစာနဲ့ အင်တာ‌‌ဗျူးမှာ ဖြေကြားခဲ့ပါတယ်။

"ကျနော့မှာ အခွင့်အရေးရှိခဲ့ရင်တော့ အနာဂတ်မှာ ဘာစီလိုနာအသင်းဆီကို ပြန်သွားပြီး ကျနော်တတ်နိုင်သလောက် ပံ့ပိုးပေးချင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဘာစီလိုနာဟာ ကျနော်ချစ်တဲ့ ကလပ်အသင်းဖြစ်ပြီး ဘာစီလိုနာအသင်း ပိုမိုတိုးတက်ကောင်းမွန်အောင်၊ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်လာအောင် ကျနော်ပံ့ပိုးပေးချင်ပါတယ်" လို့ မက်ဆီ က ဆက်လက်ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ ဘာစီလိုနာအသင်းမှာ ၂၁ နှစ်အတွင်း ပွဲပေါင်း ၇၇၈ ပွဲ ကစားပေးခဲ့ကာ ၆၇၂ ဂိုး သွင်းယူပြီး ဖန်တီးမှု ၃၀၁ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာအသင်းမှာ ကစားခဲ့စဉ်က ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၆ ကြိမ်ကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။နွေရာသီအပြောင်းအရွှေ့မှာတော့‌ ငွေကြေးဆိုင်ရာ အခက်အခဲများဖြစ်ပေါ်နေတဲ့ ဘာစီလိုနာအသင်းကို မဖြစ်မနေ စွန့်ခွာခဲ့ရပြီး PSG အသင်းထံသို့ ပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။ဘာစီလိုနာအသင်းရဲ့ ငွေကြေးဆိုင်ရာအခက်အခဲများ ပြေလည်စေရန်အတွက် မက်ဆီဘက်က လစာငွေလျှော့ယူခဲ့ပေမယ့်လည်း အဆင်မပြေခဲ့တာကြောင့် ဘာစီလိုနာအသင်းကနေ မက်ဆီဟာ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ မက်ဆီအတွက် ဘာစီလိုနာအသင်းဟာ အတိတ်ဖြစ်သွားခဲ့ပြီဖြစ်ပြီး၊ PSG အသင်းမှာ စွန့်စားခန်းသစ်ရှာဖွေနေပြီဖြစ်ပါတယ်။ဒါပေမယ့် အနာဂတ်မှာ မက်ဆီနဲ့ ဘာစီလိုနာတို့ ပြန်လည်ပေါင်းစည်းမှုကို မြင်တွေ့ရဖို့ရှိနေပြီး ဘာစီလိုနာအသင်းမှာ ကစားသမားတစ်ဦးမဟုတ်တဲ့ အသွင်သစ်နဲ့ မက်ဆီ ကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။

Linko
ပဲရစ်၊ နိုဝင်ဘာ - ၂