【 အားကစား 】 အမ်ဘတ်ပီ ကို PSG မှာ ဆက်နေစေလိုတဲ့ ရာမို့စ်

【 အားကစား 】 အမ်ဘတ်ပီ ကို PSG မှာ ဆက်နေစေလိုတဲ့ ရာမို့စ်

စပိန်ဝါရင့်နောက်ခံကစားသမားကြီး ဆာဂျီအို ရာမို့စ်ကတော့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲအပြီးမှာ PSG အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။

ရာမို့စ်ဟာ ပြင်သစ်ကလပ်အသင်းနဲ့ ၂ နှစ်စာချုပ် သက်တမ်းကို ချုပ်ဆိုခဲ့ဝာာလည်းဖြစ်ပါတယ်။

PSG အသင်းဟာ ရာမို့စ်၊ ဟာကီမီတို့လို ကစားသမားသစ်တွေ ခေါ်ယူနိုင်ခဲ့ပေမယ့် တစ်ဖက်မှာလည်း အသင်းရဲ့ ကြယ်ပွင့်ကစားသမားကို စာချုပ်သက်တမ်းတိုးရေး ကြိုးစားနေရလျက်ရှိနေပါတယ်။အဓိက ကြယ်ပွင့်နှစ်ဦးအနက် နေမာကိုတော့ စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပြီဖြစ်ပြီး၊ အမ်ဘတ်ပီကိုတော့ စာချုပ်သက်တမ်းတိုးဖို့ ခက်ခက်ခဲခဲကြိုးပမ်းနေတာဖြစ်ပါတယ်။လက်ရှိသတင်းထွက်ပေါ်မှုတွေအရ တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်ရှိတော့တဲ့ အမ်ဘတ်ပီဟာ PSG အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အစီအစဉ်မရှိပဲ အသင်းကနေထွက်ခွာဖို့ ကြိုးပမ်းသွားဖွယ်ရှိတယ်လို့ သိရပါတယ်။အမ်ဘတ်ပီ ပြောင်းရွှေ့လိုတဲ့အသင်းကတော့ ငယ်စဉ်ကတည်းက ပြောင်းရွှေ့ကစားချင်ခဲ့တဲ့ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းပဲဖြစ်ပါတယ်။

PSG အသင်းကို ရောက်ရှိလာတဲ့ ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင်ဟောင်းကြီး ရာမို့စ်ကတော့ အမ်ဘတ်ပီနဲ့ ပတ်သက်ပြီး ၎င်းရဲ့ သဘောထားအမြင်ကို ပြောပြသွားခဲ့ပါတယ်။

"မက်ဒရစ်က ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းတွေထဲက တစ်သင်းပါ၊ ကြီးကျယ်ခမ်းနားတဲ့ သမိုင်းကြောင်းနဲ့ ‌အကောင်းဆုံးအသင်းတစ်သင်းပါ၊ ဒါပေမယ့် အမ်ဘတ်ပီ ကို PSG မှာ ကျနော် ဆက်ပြီးမြင်တွေ့လိုတယ်၊ ကျနော်တို့အနိုင်ရဖို့အတွက် အကောင်းဆုံးကစားသမားတွေလိုအပ်တယ်" လို့ ရာမို့စ် က ပြောကြားခဲ့ပါတယ်။

"ကျနော့်ရဲ့ အတွေ့အကြုံအရ နောက်ပြီး PSG ရဲ့ ကစားသမားတစ်ဦးအမြင်အရ ကျနော် အမ်ဘတ်ပီ ကို PSG မှာ ဆက်ကစားစေလိုတယ်၊ ကျနော်တွဲကစားလိုတဲ့ အကောင်းဆုံးကစားသမားတွေထဲမှာ အမ်ဘတ်ပီလည်း တစ်ဦးအပါအဝင်ပဲ" လို့ ရာမို့စ် က ပြောကြားခဲ့ပါသေးတယ်။

အမ်ဘတ်ပီ ကို PSG မှာ ဆက်နေဖို့ ပြောကြားမှုဟာ ရီးရဲလ်မက်ဒရစ်ကို ‌မပြောင်းဖို့ ဆွဲဆောင်ခြင်းလားဟု မေးခွန်း‌အပေါ် ရာမို့စ် က "ကျနော်မသိပါဘူး၊ သူဆက်နေမလား သူပြောင်းရွှေ့မလားဆိုတာကတော့ သူ့ကိုယ်ရေးကိုယ်တာပါပဲ၊ PSG ကစားသမားတစ်ဦးအ‌နေနဲ့ အမ်ဘတ်ပီ ကို PSG မှာ  ကျနော်ဆက်မြင်တွေ့လိုတယ်" လို့ ဖြေကြားခဲ့ပါတယ်။

အကယ်၍ အမ်ဘတ်ပီသာ PSG အသင်းနဲ့ စာချုပ်ထပ်မချုပ်ဖြစ်ခဲ့ပါက ၂၀၂၂ ခုနှစ်မှာ အမ်ဘတ်ပီအနေနဲ့ အသင်းလက်မဲ့ကစားသမားဖြစ်ပြီး ကြိုက်နှစ်သက်ရာအသင်းကို ပြောင်းရွှေ့နိုင်မှာဖြစ်ပါတယ်။

Linko
ပဲရစ်၊ ဇူလိုင် - ၁၄