【 အားကစား 】 အသင်းမပြောင်းရလို့ စိတ်ပျက်နေတဲ့ အမ်ဘတ်ပီ

【 အားကစား 】 အသင်းမပြောင်းရလို့ စိတ်ပျက်နေတဲ့ အမ်ဘတ်ပီ

ပြင်သစ်လက်‌ရွေးစင် PSG တိုက်စစ်မှူး ကိုင်လီယန် အမ်ဘတ်ပီ ကို လူအများက ပြင်သစ်နှင့် အာဆင်နယ် ဂန္တဝင်တိုက်စစ်မှူးကြီး သီယာရီ အွန်နရီနဲ့ ခိုင်နှိုင်းကြလေ့ရှိပါတယ်။

နှစ်ဦးစလုံးဟာ ‌တိုက်စစ်မှူးအပြင် တောင်ပံကစားသမားအဖြစ်လည်း ကစားနိုင်ကြသူတွေဖြစ်ပြီး၊ အွန်နရီရော အမ်ဘတ်ပီပါ ‌မြန်နှုန်းမြှင့်ကစားဟန်နဲ့ ကစားသူတွေဖြစ်ပါတယ်။

Amazon Prime နဲ့ အင်တာဗျူးမှာတော့ အွန်နရီဟာ အမ်ဘတ်ပီ ကို ‌ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ခြင်း မအောင်မမြင်ဖြစ်ခဲ့ခြင်းအပါအဝင် မေးခွန်းများကို မေးမြန်းခဲ့ပါတယ်။

အမ်ဘတ်ပီ က စတင်ပြီး "ယူရိုပြိုင်ပွဲအတွင်းမှာ လူတွေက ကျနော့်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းတွေအများကြီး မေးခဲ့ကြတယ်၊ ကျနော့်မိဘတွေနဲ့ စကားတွေအများကြီးပြောခဲ့ပြီးနောက် ကျနော်ထွက်သွားချင်တယ်ဆိုတာ သိလာခဲ့တယ်၊ ကျနော့်မိဘတွေကတော့ ပြိုင်ပွဲကိုပဲ အာရုံစိုက်ဖို့ ပြောခဲ့ပါတယ်။နောက်ကြောင်းကို ပြန်ကြည့်လိုက်ရင် ကျနော်ဟာ အခြားအရာတွေအပေါ်မှာ ခွန်အားတွေအများကြီးထည့်ထားတာ ဖြစ်နိုင်ပါတယ်" ပြောကြားခဲ့ပါတယ်။

အွန်နရီ က အမ်ဘတ်ပီ ကို လွန်ခဲ့တဲ့ နွေအပြောင်းအရွှေ့တုန်းက အသင်းပြောင်းခွင့်မရလို့ စိတ်ပျက်မိလားလို့ မေးမြန်းတဲ့အခါ "ကျနော် နည်းနည်းစိတ်ပျက်မိသွားတယ်၊ မလွယ်ပေမယ့် ဘာပဲဖြစ်ဖြစ် ကျနော်ဟာ ကြီးကျယ်ခမ်းနားတဲ့ ကလပ်အသင်းတစ်ခုအတွက် ကစားရမယ်ဆိုတာ သိပါတယ်၊ ကျနော့်အနေနဲ့ မတူညီတဲ့ အရာတစ်ခုကို ရှာတွေ့ချင်တယ်" လို့ အမ်ဘတ်ပီမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အင်တာဗျူးအပြီးမှာတော့ အွန်နရီမှ အမ်ဘတ်ပီ ကို စပိန်စကားပြောတတ်လား မေးမြန်းတဲ့အခါ "ကျနော် ကောင်းကောင်းပြောတတ်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျနော်က ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဖြစ်ချင်ပြီး၊ အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ချင်လို့ပါ၊ ကစားသမားတစ်ဦးဟာ နိုင်ငံတကာကြယ်ပွင့်ဖြစ်လိုပြီး ပြင်သစ်စကားကိုပဲ ပြောဆိုနိုင်တယ်ဆိုတာ အဓိပ္ပါယ်မရှိပါဘူး၊ အခြေအနေတိုင်းကို လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိရပါမယ်" လို့ ပြောကြားခဲ့ပါတယ်။

အင်တာဗျူးအပြီး အွန်နရီမှ စပိန်ဘာသာဖြင့် "Hasta luego" (နောက်မှတွေ့ကြမယ်) ဟု ဆိုပြီး နှစ်ဦးသား နှုတ်ဆက်ရယ်မောကာ အဆုံးသတ်ခဲ့ပါတယ်။

တစ်လမပြည့်တော့မယ့် အချိန်အတွင်းမှာပဲ ကိုင်လီယန် အမ်ဘတ်ပီဟာ PSG အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး၊ သူ့ရဲ့ငယ်ဘဝအိပ်မက်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားခွင့်ရရေးကို အကောင်အထည်ဖော်နိုင်တော့မှာဖြစ်ပါတယ်။

Linko
ပဲရစ်၊ ဒီဇင်ဘာ - ၇