【 အားကစား 】 အာတီတာအတွက် အချိန်လိုအပ်တယ်လို့ ရွိုင်ကိန်း ဆို

【 အားကစား 】 အာတီတာအတွက် အချိန်လိုအပ်တယ်လို့ ရွိုင်ကိန်း ဆို

အာဆင်နယ်အသင်းကတော့ နည်းပြ အာတီတာ လက်ထက်မှာ အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်နှစ်ပွဲမှာ ဂိုးမသွင်းနိုင်ပဲ နှစ်ပွဲလုံးကိုရှုံးနိမ့်ခဲ့ပြီဖြစ်ပါတယ်။

နည်းပြ အာတီတာအနေနဲ့လည်း ဖိအားတွေကြား ကျရောက်နေပြီဖြစ်ပြီး အာဆင်နယ်အသင်း ပရိတ်သတ်တွေကိုယ်တိုင်ကလည်း နည်းပြ အာတီတာ ကို အသင်းမှထုတ်ပယ်ဖို့ တောင်းဆိုနေကြပြီလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ခါးသီးပြိုင်ဘက်ဖြစ်တဲ့ မန်ယူအသင်းရဲ့ ဂန္တဝင်ကစားသမားကြီး ရွိုင်ကိန်းကတော့ အာဆင်နယ်ပရိတ်သတ်တွေနဲ့ အမြင်မတူပဲ နည်းပြ အာတီတာ ကို အချိန်ပေးသင့်တယ်လို့ ကာကွယ်ပြောဆိုလိုက်ပါတယ်။

ရွိုင်ကိန်းမှ မန်ယူအသင်း နည်းပြ အိုလေ ဂန်နာ ဆိုးလ်ရှားနဲ့ လီဗာပူးလ်အသင်း နည်းပြ ယာဂန် ကလော့ပ်တို့ကို ဥပမာပေးပြီး ၎င်းတို့နှစ်ဦးဟာလည်း အောင်မြင်မှုတွေရရှိဖို့အတွက် အချိန်ယူပြီး ရုန်းကန်ခဲ့ရတယ်လို့ ထောက်ပြခဲ့ပါတယ်။

"ကျနော်ကတော့ သူ့ (အာတီတာ) ကို အချိန်ပေးစေချင်တယ်၊ အာဆင်နယ်ပရိတ်သတ်တွေလည်း သူတို့ရဲ့ မန်နေဂျာကို အချိန်ပေးရမယ်" လို့ ရွိုင်ကိန်း က Sky Sports သို့ ပြောကြားခဲ့ပါတယ်။

"မန်ယူအသင်းဟာ အိုလေ ဂန်နာ ဆိုးလ်ရှား ကို အချိန်ပေးခဲ့တယ်၊ ဆိုးလ်ရှားလည်း အောင်မြင်မှုတွေရယူနိုင်ဖို့အတွက်ဆို ၂ နှစ် သို့မဟုတ် ၃ နှစ်လောက် လိုအပ်တယ်၊ လီဗာပူးလ် နည်းပြ ယာဂန် ကလော့ပ်ဟာ ထိပ်တန်းနည်းပြပါ၊ ဒါပေမယ့် လီ‌ဗာပူးလ်နဲ့ ဆုဖလားတွေဆွတ်ခူးနိုင်ဖို့ ကလော့ပ်လည်း အချိန်ယူခဲ့ရတာပဲ" လို့ ရွိုင်ကိန်းမှ ပြောကြားခဲ့ပါတယ်။

"တကယ်တမ်းက စီနီယာကစားသမားတွေက လူငယ်ကစားသမားလေးတွေကို တိုးတက်အောင် အကူအညီပေးရမယ်၊ ဒါပေမယ့် အာဆင်နယ်မှာ လူငယ်တွေကို ကူညီပေးမယ့် ထိပ်တန်း စီနီယာကစားသမားတွေ မရှိဘူး" လို့ ရွိုင်ကိန်း က ဆိုပါတယ်။

"အာဆင်နယ်အသင်းမှာ လစာအများကြီးရတဲ့ စီနီယာကစားသမားတွေရှိတယ်၊ သူတို့က လန်ဒန်မှာ အခြေကျနေလို့ အာဆင်နယ်ကနေ မထွက်ခွာချင်ကြဘူး၊ ကျနော်တို့ခေတ်တုန်းကဆို ကစားသမားတွေက အောင်မြင်မှုကိုဆာလောင်ကြပြီး ကစားတဲ့ပွဲစဉ်တိုင်းကို အနိုင်ယူလိုစိတ် ပြင်းထန်ကြတယ်" လို့ ရွိုင်ကိန်းမှ ထောက်ပြခဲ့ပါတယ်။

အင်္ဂလန် ပရီးမီးယားလိဂ် အဖွင့်ပွဲတွေဟာ အာဆင်နယ်အသင်းအတွက် ပွဲကြပ်တယ်လို့ ဆိုရမှာဖြစ်ပြီး ပွဲစဉ် (၃) မှာတော့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းရဲ့ အီတီဟတ်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပါတယ်။

Linko
လန်ဒန်၊ ဩဂုတ် - ၂၄