【 နိုင်ငံတကာဆောင်းပါး 】တရုတ်ပြည်က မှန်တံတားတစ်စင်း

【 နိုင်ငံတကာဆောင်းပါး 】တရုတ်ပြည်က မှန်တံတားတစ်စင်း

ကမ္ဘာ့ပေါ်မှာရှိတဲ့နိုင်ငံတိုင်းမှာ ကမ္ဘာလှည့်ခရီးသွားတွေကို စွဲဆောင်ထားတဲ့ မတူညီတဲ့လည်ပတ်စရာနေရာတွေ အများကြီးရှိလို့နေပါတယ်။ ကမ္ဘာ့လှည့်ခရီးသွားတွေဝင်ရောက်မှုက တိုင်းပြည်ရဲ့ဝင်ငွေကိုတိုးတက်စေတဲ့ အတွက် နိုင်ငံတိုင်းက သူထက်ငါအပြိုင် ကမ္ဘာ့လှည့်ခရီးသည်တွေ ဆွဲဆောင်နိုင်ဖို့အတွက် ခရီးသွားလည်ပတ်နိုင်မယ့်နေရာကို ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ဖန်တီးလာကြပါတယ်။

အခုနောက်ပိုင်းမှာတော့ ကမ္ဘာ့လှည့်ခရီးသွားတွေကိုစွဲဆောင်နိုင်ဖို့ လည်ပတ်စရာနေရာတွေဖန်တီးရာမှာ နိုင်ငံအလိုက်ရှိနေပြီးသာဖြစ်တဲ့  ရိုးရာယဉ်ကျေးမှုတွေ၊ သမိုင်းဝင်ရှေ့ဟောင်းအနုပညာလက်ရာတွေ၊ အပန်းဖြေ စရာကမ်းခြေနေရာတွေအပြင် မှန်တံတားတွေဆောက်လုပ်ပြီး ခရီးသွားတွေလာရောက်လည်ပတ်အောင်လို့ ဆွဲဆောင်မှုတွေလည်း လုပ်ဆောင်လာကြပါတယ်။

အဲ့ဒီလိုမှန်တံတားတွေဆောက်လုပ်ပြီး ပြည်တွင်းခရီးသွားတွေကိုသာမက ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့အတွက် မှန်တံတားတွေဆောက်လုပ်ရာမှာ တရုတ်နိုင်ငံဟာလည်း အပါအဝင်ဖြစ်ပါတယ်။တရုတ်နိုင်ငံမှာတော့ အခုနောက်ပိုင်း မှန်တံတားတွေကို တောင်အမြင့်ရှိတဲ့နေရာတွေမှာ ဆောက်လုပ်ပြီး  ခရီးသွားတွေကို ဆွဲဆောင်နိုင်အောင် ဆောက်လုပ်လာတာကိုတွေ့ ရပါတယ်။

ဒါကြောင့် တောင်အမြင့်မှာဆောက်လုပ်ထားတဲ့ မှန်တံတားကို သွားရောက် စိတ်အပန်းဖြေချင်သူတွေ၊ တောင်တက်တာကို ဝါသနာပါတဲ့သူတွေ၊ အသစ်အဆန်းတွေကို လေ့လာစူးစမ်းချင်သူတွေအတွက်တော့ တရုတ်နိုင်ငံရဲ့ မြို့တော် ပေကျင်းမြို့ကိုရောက်ရင် ကမ္ဘာ့လှည့်ခရီးသွားတွေကိုဆွဲဆောင်နိုင်ဖို့အတွက် တည်ဆောက်ထားတဲ့ ထရန်ယွင်းရှန်းမှန်တံတားဟာ  သွားရောက်လည်ပတ်သင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်။

ထရန်ယွင်းရှန်းတောင် မှန်တံတားက တောင်အမြင့် ၁၁၄၉ ပေ မှာ တည်ဆောက်ထားတာဖြစ်ပြီး  ကြိုးမှန်တံတား အရှည်ကလည်း မီတာ ၁၆၀ လောက် ထိရှိပါတယ်။  ရိုးရိုးပြုလုပ်ထားတဲ့ မှန်တံတား အကျယ်ဆုံး နေရာက မီတာ ၁၀ဝ ရှိပြီး  နာမည်ကျော် အခြေခံသဘာဝပတ်ဝန်းကျင်တည်ရှိရာ ကျန်းကျားကျဲ့ လို သဘာဝရှုခင်းသာနေရာတစ်ခု ဖြစ်တယ်လို့ သိရတယ်။

ထရန်ယွင်းရှန်းတောင်မှန်တံတားဆောက်ထားတဲ့ တောင်ပေါ်မှာတော့  တစ်နေ့ကို ခရီးသွားဧည့်သည်  ၆သောင်းကျော်ထိ လာရောက်လည်ပတ်နိုင်အောင်ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။ ရွှေကြက်ဖဆုရရှိခဲ့တဲ့ ၁၉၅၀ ပြည့်နှစ် မှာရိုက်ကူးခဲ့တဲ့ နောက်ခံတရုတ်ဇာတ်ကားတစ်ကားကြောင့် အဆိုပါ မှန်တံတားတည်ဆောက်ထားတဲ့ ထရန်ယွင်းရှန်းတောင်ကို   လူသိများလာခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ထရန်ယွင်းရှန်းတောင် မှန်တံတားက ဘင်ကူခရိုင်ထဲမှာရှိပြီး ပေကျင်းကနေ နေ့ချင်းပြန်သွားလို့ရပြီး  ပေကျင်းကနေ ၂ နာရီလောက်ပဲ သွားရတယ်လို့ သိရပါတယ်။

ထရန်ယွင်းရှန်းတောင်ရဲ့ တရုတ်လို အဓိပ္ပာယ်ကတော့ Tian (ထရန်) မိုး ၊ Yun (ယွင်း) ကောင်းကင်၊ Shan(ရှန်း) တောင်လို့ အဓိပ္ပာယ်ရတဲ့အတွက် မြန်မာလိုဘာသာပြန်လိုက်ရင် မိုးပေါ်မှာရှိသောတောင်လို့ အဓိပ္ပာယ်ရပါတယ် ။ ပေကျင်းကနေ  ထရန်ယွင်းရှန်းတောင်မှန်တံတားကို ရောက်ပြီဆိုတာနဲ့ မှန်တံတားပေါ်ကို  တက်ရောက်ဖို့ လမ်းလျှောက်ပြီးခြေလျင်တက်လို့ရသလို ကေဘယ်ကားစီးပြီးသွားလို့လည်း ရပါတယ်။

ထရန်ယွင်းရှန်းတောင် မှန်တံတားပေါ်ကို တောင်ခြေကနေလမ်းလျှောက်ပြီးသွားမယ်ဆိုရင်‌တော့ တောတောင်ရေမြေသဘာ၀အလှတရားတွေကို တစ်စိမ့်စိမ့်မြင်တွေ့လေ့လာခွင့်ရမှာဖြစ်ပြီး အမှတ်တရ အလှ ဓာတ်ပုံ တွေကိုလည်း တ၀ကြီးရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ တောင်ကြီးကို ပတ်ပြီးတက်နေရတာမို့လမ်းလေးတွေက ကျဉ်းပေမယ့် လူနှစ်ယောက်လောက်တော့ သွားလို့ရအောင် လမ်းတွေကို ဖောက်လုပ်ပေးထားပါတယ်။လမ်းလျှောက်ပြီး တက်မယ်ဆိုရင်တော့ တစ်နာရီလောက် သွားရမှာဖြစ်ပါတယ်။

မှန်တံတားရှိရာနေရာကို ကေဘယ်ကားစီးပြီးသွားမယ်ဆိုရင်လည်း အချိန်ကုန်သက်သာမှာဖြစ်တဲ့အပြင် အပေါ်စီး မြင်ကွင်းကနေ မှန်တံတားတည်ဆောက်ထားပုံကို ခမ်းနားစွာမြင်တွေ့ခွင့်ရမှာဖြစ်ပြီး တောတောင် ရေမြေသဘာ၀အလှတရားကို ကြည့်ရှုခံစားခွင့်ရမှာ ဖြစ်ပါတယ်။

မှန်တံတားပေါ်ရောက်ရင်တော့ ခင်းထားတဲ့မှန်အမျိုးအစား နှစ်မျိုးတွေ့ရပါတယ်။ တစ်ခုကအောက်ခြေကို မြင်ရတဲ့ ကြည်တောက်နေတဲ့မှန် ခင်းထားတာဖြစ်ပြီး နောက်မှန်တစ်မျိုးကကြတော့ ကောင်းကင်က အလှကို မြင်ရအောင်ခင်းထားတဲ့ မှန်ဖြစ်ပါတယ်။ ကောင်းကင်ပေါ်ကို ခေါင်းမော့ပြီး ကြည့်စရာမလိုပဲ မှန်ကိုကြည့်ရုံနဲ့တင် ကောင်းကင်က တိမ်စိုင်တိမ်ခဲတွေရဲ့အလှကို ကြည့်ရှုခံစားနိုင်အောင်ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။

ထရန်ယွင်းရှန်းတောင် မှန်တံတားပေါ်ကိုရောက်ရင် ရိုးရိုးဆောက်လုပ်ထားတဲ့ မှန်တံတားပေါ်မှာ တောင်ရေမြေသဘာ၀အလှတွေနဲ့ပြည်နက်နေတဲ့ ဓာတ်ပုံတွေ ၊မှတ်တမ်းဓာတ်ပုံတွေနဲ့ အလှဓာတ်ပုံ တွေကိုစိတ်ကြိုက်  ရိုက်ကူးအပန်းဖြေနိုင်ပါတယ်။ ဒါ့အပြင်  မီတာ ၁၆၀ရှည်လျားတဲ့ ကြိုးနဲ့ပြုလုပ်ထားတဲ့ မှန်တံတားပေါ်ကိုလည်း စိတ်လှုပ်ရှားမှုပြည့်နက်စွာလမ်းလျှောက်ရင်း အလှဓာတ်ပုံတွေရိုက်ကူးနိုင်ပြီး သဘ၀အလှတရားကို ခံစားခွင့်ရမှာ ဖြစ်ပါတယ်။

ကုန်ကျစရိတ်သက်သာတာကြောင့်လည်း တရုတ်နိုင်ငံ ပေကျင်းမြို့ကို ရောက်ရှိကြတဲ့ ပြည်ပခရီးသည် အများစုက  ထရန်ယွင်းရှန်းတောင် မှန်တံတားရှိရာနေရာကို မဖြစ်မနေသွား ရောက်လှည်ပတ်ကြတယ်လို့ သိရ ပါတယ်။

ကရင်လေး (အိမ်မဲ)