【 ဆောင်းပါး 】 အလုပ်ဒီဇိုင်းကို ဘယ်လိုပုံဖော်မလဲ

【 ဆောင်းပါး 】 အလုပ်ဒီဇိုင်းကို ဘယ်လိုပုံဖော်မလဲ

အလုပ်ဒီဇိုင်း (Job design) ဆိုသည်မှာ အလုပ်များပြီးစီးအောင်မြင်နိုင်ဖို့ စနစ်တကျပုံဖော်တည်ဆောက် ထားသည့် နည်းလမ်းများကို စုစည်းထားမှုများပင်ဖြစ်ပါသည်။၎င်းတွင် "အလုပ်တာဝန်နှင့်လူ" ကိုက်ညီအပ်စပ်စေရန် (တစ်နည်းအားဖြင့်) လူမှန်နေရာမှန်ဖြစ်စေရန် ကြိုးပမ်းမှုများပါဝင်သည်။

ထို့ပြင် လုပ်ငန်းအဖွဲ့အစည်း၏ ရည်ရွယ်ချက်ပန်းတိုင် ရောက်ရှိအောင်မြင်စေဖို့ တာဝန်ယူမှု၊ တာဝန်ခံမှုများ ပါရှိသကဲ့သို့ ဝန်ထမ်းများ၏ စိတ်ကျေနပ်ပျော်ရွှင်မှုရရှိစေရေး စသည်များကိုပါ ထည့်သွင်းစဉ်းစား၍ အလုပ်ဒီဇိုင်းကို ပုံဖော်ရေးဆွဲဆောင်ရွက်ကြရလေ့ရှိပါသည်။

အလုပ်ဒီဇိုင်း (Job design) ကောင်းမွန်လေလေ ဝန်ထမ်းများအတွက် စိတ်ခွန်အားတက်ကြွလေလေဖြစ်ပါသည်။အလုပ်ဒီဇိုင်းကောင်းလေလေ စိတ်ပျော်ရွှင်ချမ်းမြေ့မှုရလေလေဖြစ်ပါသည်။ထို့ပြင် အလုပ်ဒီဇိုင်း ကောင်းလေလေ စွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားလေလေဖြစ်ပါသည်။အလုပ်ဒီဇိုင်းကို စနစ်တကျ ကောင်းကောင်းမွန်မွန် ပုံဖော်ရေးဆွဲထားနိုင်လေလေ ဝန်ထမ်းများ အလုပ်ပျက်ကွက်မှုနည်းလေလေဖြစ်ပါသည်။ဝန်ထမ်းများ အလုပ်ထွက်မှုနည်းလေလေဖြစ်ပါသည်။အလုပ်ဒီဇိုင်း ကောင်းမွန်စွာ ပုံဖော်ရေးဆွဲထားနိုင်မှုသည် အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်ဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်းတစ်ခုတွင် လုပ်ဆောင်ရသောအလုပ်တာဝန်များ အမျိုးမျိုးကွဲပြားနိုင်ပေသည်။ဥပမာ အားဖြင့်ဆိုရသော် လုံခြုံရေးတစ်ဦး၏ အလုပ်တာဝန်နှင့် အရောင်းသမားတစ်ဦး၏ အလုပ်တာဝန်သည် မတူညီနိုင် ပေ။ထို့အတူ စာရင်းကိုင်တစ်ယောက်၏ တာဝန်နှင့် စျေးကွက်ရေးရာသမားတစ်ဦး (Marketing) ၏ တာဝန်တို့ မတူညီနိုင်ပေ။အလုပ်၏သဘောသဘာ၀ ခြားနားသလို တာဝန်၀တ္တရားတို့လည်း ကွဲပြားသည်။မည်သို့ဆိုစေ အလုပ် (Job) ဆိုသည်ကို အဓိကနှင့် ပင်မ ဒိုင်မင်းရှင်းငါးရပ် (Five core Job Dimension) ဖြင့် ဖော်ပြနိုင်ပေသည်။

အဆိုပါ ဒိုင်မင်းရှင်းငါးရပ်မှာ -

     (၁) ကျွမ်းကျင်မှု အရည်အသွေးအမျိုးမျိုး (Skill variety)
     (၂) အလုပ်တာဝန်သတ်မှတ်ချက် (Task Identity)
     (၃) အလုပ်၏အရေးပါမှု (Tesk significance)
     (၄) လုပ်ပိုင်ခွင့် (Autonomy)
     (၅) တုံ့ပြန်ချက် (Feed back) တို့ ဖြစ်ပါသည်။

မန်နေဂျာတစ်ဦးအနေဖြင့် မိမိဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို အဆိုပါ ဒိုင်မင်းရှင်းငါးရပ်ကို အသုံးပြု၍ မြှင့်တင်နိုင်ပါသည်။ကျွမ်းကျင်မှုအရည်အသွေး အလုပ်တာဝန်သတ်မှတ်ချက်နှင့် အလုပ်၏ အရေးပါမှုဟူသော ဒိုင်မင်းရှင်းသုံးရပ်၏ ပေါင်းစည်းမှုသည် အဓိပ္ပါယ်ရှိသော အလုပ်တစ်ခုကို ဖန်တီးနိုင်ပေသည်။ဤဝိသေသများရှိသော အလုပ်တစ်ခုသည် အရေးပါသော၊ ထိုက်တန်သော၊ တန်ဖိုးရှိသော၊ ဂုဏ်ရှိသော အလုပ်တစ်ခုဟု နားလည်ခံယူကြသည်။လုပ်ပိုင်ခွင့်ရှိသော အလုပ်ကို လူတို့မက်မောကြသည်။လုပ်ပိုင်ခွင့်မရှိသော အလုပ်ကို လူတို့မလုပ်လိုကြ။တစ်ကယ်တမ်းတွင်မှု လုပ်ပိုင်ခွင့် Autonomy ပေးထားသော အလုပ်တို့သည် မိမိတာဝန်ယူထားသောအလုပ်ပေါ်တွင် တာဝန်ယူမှု၊ တာဝန်ခံမှုဟူသော အသိတရားကို ရည်ညွှန်းသည်။မိမိတာဝန်ယူထားသော အလုပ်ပေါ်တွင် တာဝန်အပြည့်အ၀ယူရပေမည်။တာဝန်ခံနိုင်ရမည်။အကောင်းအဆိုး မည်သည့်ရလဒ်ထွက်ပေါ်လာသည်ဖြစ်စေ ထွက်ပေါ်လာသောရလဒ်အပေါ်တွင် အပြည့်အ၀တာဝန်ရှိသည်။ရလဒ်ကောင်းထွက်လျှင် "ဒါငါလုပ်တာ" ဟု ဂုဏ်ယူပြီး၊ ရလဒ်မကောင်းခဲ့ပါက "အဲဒါသူတို့လုပ်တာ" ဟူ၍ သူတစ်ပါးကိုလွှဲချ၍မဖြစ်ပေ။လုပ်ပိုင်ခွင့်ရှိသကဲ့သို့ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အ၀ရှိရမည်ဖြစ်ပါသည်။

တုံ့ပြန်ချက် (Feedback) ပေးခြင်းဟူသည် ဝန်ထမ်းတို့၏ စွမ်းဆောင်မှုများကို "ထိရောက်မှုရှိသည်"၊ "မရှိသည်"၊ "ဘယ်လိုဆောင်ရွက်လျှင် ပိုမိုထိရောက်သည်"၊ "ပိုမိုအကျိုးရှိသည်" စသည်ဖြင့် တွေ့ရှိချက်များအပေါ် သဘောတုံ့ပြန် သုံးသပ်လမ်းညွှန်မှုများဖြစ်ပါသည်။

ဖော်ပြပါ ဒိုင်မင်းရှင်းငါးရပ်ကို မြှင့်တင်၍ အလုပ်ဒီဇိုင်းကောင်း တည်ဆောက်နိုင်ပါသည်။

     (၁) အလုပ်တာဝန်များကို စနစ်တကျပေါင်းစည်းခြင်း
     (၂) အလုပ်ယူနစ်တစ်ခုအဖြစ် ဖန်တီးခြင်း
     (၃) ခိုင်မာသောဆက်ဆံရေးတည်ဆောက်ခြင်း
     (၄) အလုပ်တာဝန် တိုးမြှင့်အပ်နှံခြင်း
     (၅) တုံ့ပြန်ချက်များစနစ်တကျပေးခြင်း

ပြန့်ကျဲနေသော အလုပ်တာဝန်အမျိုးမျိုးကို စနစ်တကျစုစည်း၍ သဘောတူရာတူရာပေါင်းကာ ပိုမိုကြီးမားသည့် Module အဖြစ် ပေါင်းစည်းရမည်ဖြစ်သည်။မတူညီသော၊ ပြန့်ကျဲနေသော အလုပ်များကို သဘောတရားတူရာ စုစည်းထားသည်ဖြစ်ရာ ကျွမ်းကျင်မှုအမျိုးမျိုးကိုလိုအပ်မည်ဖြစ်သည်။အစုအဖွဲ့အတွင်းရှိ ဝန်ထမ်းတို့ သည်လည်း ကျွမ်းကျင်မှုအမျိုးမျိုး ရရှိနိုင်မည်ဖြစ်သည်။အလုပ်တာဝန်များကိုလည်း စနစ်တကျ သတ်မှတ်ထားနိုင်မည်ဖြစ်သည်။

ဒုတိယအရေးကြီးသည့်အချက်များမှာ သဘောတူရာတူရာ စုစည်းထားသည့် အလုပ်များကို အလုပ်ယူနစ်တစ်ခုအဖြစ် ပြောင်းလဲသတ်မှတ်ဖန်တီးပြီး ဝန်ထမ်းများကို "ငါနှင့်ဆိုင်တယ် ငါ့အလုပ် ငါ့ဋ္ဌာန" ဟူသော "ပိုင်ဆိုင်မှု" Ownership mindset ရရှိအောင် လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်ပါသည်။

တတိယအရေးကြီးသည့်အချက်မှာ မိမိအလုပ်၏ အရေးပါမှုကို နားလည်တန်ဖိုးထားပြီး ဖောက်သည်များနှင့် ခိုင်မာနွေးထွေးသော ဆက်ဆံရေးကို တည်ဆောက်ဖို့ဖြစ်ပါသည်။ဝန်ထမ်းတို့၏ ကျွမ်းကျင်မှုအရည်အသွေး  အမျိုးမျိုးကို မြှင့်တင်ဆောင်ရွက်နိုင်ပေသည်။လုပ်ပိုင်ခွင့်နှင့် တုန့်ပြန်ချက်များ တိုးမြှင့်ရရှိနိုင်ပေသည်။မိမိလုပ်ကိုင်ဆောင်ရွက်နိုင်သလောက် အခွင့်အရေးများ၊ အခွင့်အလမ်းများ ရရှိနိုင်သည်။

စတုတ္ထအရေးကြီးသည့်အချက်မှာ အလုပ်တာဝန်များကိုတိုးမြှင့်တာဝန်ယူဆောင်ရွက်ခြင်း၊ ဆောင်ရွက်စေခြင်းဖြစ်ပါသည်။ဝန်ထမ်းများသည် အပ်နှင်းထားသောအလုပ်တာဝန်များကို ကျွမ်းကျင်နိုင်နင်းစွာ ဆောင်ရွက် လာနိုင်ပြီဆိုလျှင် ပိုမိုကြီးမားသောတာဝန်များကို တိုးမြှင့်အပ်နှင်းပေးရန် လိုအပ်သည်။ကွပ်ကဲထိန်းချုပ်မှုကဏ္ဍ ကိုလျှော့ချ၍ လမ်းညွှန်မှုကိုတိုးမြှင့်ကာ လုပ်ပိုင်ခွင့်ပိုမိုအပ်နှင်း ဆောင်ရွက်ရမည်ဖြစ်သည်။

ပဉ္စမအရေးကြီးသည့်အချက်မှာ တုံ့ပြန်ချက်များကို အထက်၊ အောက်၊ ဘေး ၃၆၀ ဒီဂရီမှယူ၍ ပြုပြင်သုံး သပ်ရန်ဖြစ်ပါသည်။ဝန်ထမ်းတို့ ဆောင်ရွက်ဖွယ် အလုပ်တာဝန်၀တ္တရားများကို ပြည့်ပြည့်၀၀ မှန်မှန်ကန်ကန် ဆောင်ရွက်ချင်ပါသလား။စွမ်းဆောင်ရည်ကောင်းမွန်မှုရှိရဲ့လား။စွမ်းဆောင်ရည်ကျဆင်းသွားသလား။ပုံမှန်လား။တိုးတက်မှုရှိရဲ့လား။ဖောက်သည်တွေနဲ့ ဆက်ဆံရေးကောင်းမွန်ရဲ့လား။ဝန်ထမ်းအချင်းချင်းအဆင်ပြေရဲ့လား။လုပ်ကိုင်ဆောင်ရွက်ပုံနည်းလမ်း။စဉ်းစားတွေးခေါ်ပုံ မှန်၊ မမှန်။ရလဒ် ကောင်း၊ မကောင်း။တိုးတက်ဖို့လိုအပ်ချက်များ။ပြုပြင်ပြောင်းလဲသင့်သည့်အချက်များ စသည်တို့ကို လုပ်ဆောင်သောအလုပ်မှ တုံ့ပြန်ချက်များ တိုက်ရိုက်ရယူလျှက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုရသော် Job Design ကို ကောင်းမွန်ပြည့်စုံအောင် ရေးဆွဲပုံဖော်ဆောင်ရွက်ထားလျှင် ဝန်ထမ်းများ စိတ်ကျေနပ်ပျော်ရွှင်မှုရမည်ဖြစ်သကဲ့သို့ စွမ်းဆောင်ချက်များကောင်းမွန်ကာ လုပ်ငန်းအဖွဲ့အစည်း ၏ ပန်းတိုင်သို့ ရောက်ရှိအောင်မြင်နိုင်မည်ဖြစ်ပါသည်။

မှူးခန့်စံ
မတ် - ၂