【 ဆောင်းပါး 】 ဆိုလာဓာတ်အားပေးစီမံကိန်းနှင့် မြန်မာ-တရုတ်

【 ဆောင်းပါး 】 ဆိုလာဓာတ်အားပေးစီမံကိန်းနှင့် မြန်မာ-တရုတ်

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြားတွင် ဆိုလာဓာတ်အားပေးစီမံကိန်းနှင့်ပတ်သက်၍ သဘောတူစာချုပ် ချုပ်ဆိုခြင်းများ ရှိလာခဲ့သည်။
 
မကြာသေးမီကာလအတွင်းကပင် ဆိုလာဓာတ်အားပေးစက်ရုံစီမံကိန်းသုံးခုနှင့်ပတ်သက်၍ လျှပ်စစ်ဓာတ်အားဝယ်ယူရေး မြန်မာနှင့် တရုတ် တာဝန်ရှိသူများ လက်မှတ်ရေးထိုးခဲ့ကြသည်။အဆိုပါလက်မှတ်ရေးထိုးသည့် စီမံကိန်းမှာ POWERCHINA Resources Ltd နှင့် မြန်မာနိုင်ငံရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော်နေသော စီမံကိန်းလည်းဖြစ်သည်။
 
ထိုစီမံကိန်းသုံးခုမှာ ကြီးအုံကြီးဝ၊ ကင်းတားနှင့် စေတုတ္ထရာ စသည့် ဒေသများမှ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများလည်းဖြစ်သည်။ထိုစီမံကိန်းများသည် မြန်မာနိုင်ငံအတွင်း မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့အတွင်းတွင်ရှိနေပြီး စုစုပေါင်းစက်တပ်အင်အားမှာ ၉၀ မဂ္ဂါဝပ်ဖြစ်သည့်အတွက် ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပေးနိုင်သော အခြေအနေလည်း
ဖြစ်သည်။
 
တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝန်းလုံး၌ နေရောင်ခြည်စွမ်းအင်ထုတ်လုပ်ရေးနှင့် နည်းပညာကဏ္ဍတွင် ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်ဦးရွက်ပြုနေသည့် နိုင်ငံဖြစ်သည်။ယင်းနိုင်ငံ၏ ပြည်တွင်းသာမက နိုင်ငံတကာ၌ပါ ဆိုလာပရောဂျက်များစွာကို အကောင်အထည်ဖော်နေလျက်ရှိသည်။ထိုပရောဂျက်များအနက်တွင် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆိုလာပြားများ ထုတ်လုပ်ရေးနှင့် နေရောင်ခြည်စွမ်းအင်ဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်လျက်ရှိသည်။
 
ထို့အပြင် နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်းများနှင့်ပတ်သက်၍လည်း စီမံကိန်းများချကာ လုပ်ကိုင်နေလျက်ရှိသည်။ထိုစီမံကိန်းများမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန်နှင့် မိရိုးဖလာ ရုပ်ကြွင်းလောင်စာများအပေါ် အားထားမှုအခြေအနေကို လျှော့ချရန် ကြိုးပမ်းမှုအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာကဏ္ဍကို ယခုလိုတက်ကြွစွာ လုပ်ဆောင်လျက်ရှိသည်။
 
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်းတွင် နေရောင်ခြည်စွမ်းအင်သုံး နည်းပညာများ၌ အဆင့်မြင့်ဆုံးအနေအထားကို ပိုင်ဆိုင်ထားသည့် တရုတ်နိုင်ငံမှာ လက်ရှိတွင် ဂိုဘီသဲကန္တာရအပါအဝင် အခြားကန္တာရဒေသများ၌ စီမံကိန်းများချကာ လုပ်ဆောင်ခြင်းများလည်းရှိသည်။ချင်းဟိုင်နှင့် ဟာနန်ပြည်နယ်များတွင်လည်း လေအားနှင့် နေရောင်ခြည်မှ စွမ်းအင်ထုတ်လုပ်သည့် စီမံကိန်းများ၏ တစ်စိတ်တစ်ဒေသဖြစ်သည့် photovoltaic စီမံကိန်းတစ်ရပ်ကို လက်ရှိတွင် စတင်နေသလို ယင်းစီမံကိန်းမှ စုစုပေါင်း ကီလိုဝပ်တစ်သန်းနီးပါးကို ထုတ်လုပ်နိုင်မည့် အခြေအနေကို ပိုင်ဆိုင်ထားလျက်ရှိသည်။ 
 
ယင်းနိုင်ငံရှိ ကျယ်ပြန့်သော သဲကန္တာရဒေသများနှင့် မြစ်ဝါမြစ်အထက်ပိုင်းရှိ ရေအားရင်းမြစ်များ၏ အားသာချက်များကိုပါ အသုံးပြုကာ လုပ်ဆောင်နေသလို နိုင်ငံအနောက်ပိုင်းရှိ ရေအား၊ လေအားနှင့် နေရောင်ခြည်ရင်းမြစ်များ၏ အလားအလာများကို အပြည့်အဝအသုံးချ၍ နိုင်ငံ၏ စွမ်းအင်သုံးစွဲမှုတွင် သန့်ရှင်းသော ပြန်ပြည့်မြဲစွမ်းအင်ပါဝင်မှု အချိုးအစားကို လျင်မြန်စွာမြှင့်တင်လုပ်ဆောင်ခြင်းများရှိကာ လာမည့် ၂၀၂၅ ခုနှစ် အကုန်ပိုင်း၌ စတင်ရန် မျှော်မှန်းထားလျက်ရှိသည်။
 
ထိုသို့ နေရောင်ခြည်စွမ်းအင်ဆိုင်ရာ နည်းပညာများအပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ နည်းပညာများတွင် ကမ္ဘာ့ထိပ်တန်းရောက်နေသည့် တရုတ်နိုင်ငံ မြန်မာနိုင်ငံနှင့်အတူ လျှပ်စစ်ဓာတ်အားစီမံကိန်းများကိုလည်း ဖော်ဆောင်နေလျက်ရှိသည်။နှစ်နိုင်ငံ အပြန်အလှန် လျှပ်စစ်ဓာတ်အားဝယ်ယူနိုင်မည့် နယ်စပ်ဖြတ်လျှပ်စစ်ဓာတ်အားသွယ်တန်းခြင်း စီမံကိန်းကို အကောင်အထည်ဖော်နေပြီး လာမည့် ၂ဝ၂၄ ခုနှစ်၌ ပြီးစီးရန် ကြိုးပမ်းနေလျက်ရှိသည်။
 
ယင်းနယ်စပ်ဖြတ်ကျော်စီမံကိန်းမှာ အနာဂတ်ကာလတွင် မြန်မာနိုင်ငံမှ လျှပ်စစ်ဓာတ်အား လိုအပ်ပါက ရောင်းချနိုင်မည်ဖြစ်ပြီး ပိုမိုထုတ်လုပ်နိုင်ချိန်တွင် ပြန်လည်ဝယ်ယူရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ကြခြင်းများလည်းရှိကြသည်။
 
တရုတ်ကုမ္ပဏီများအနေဖြင့်လည်း ဈေးကွက်အခြေခံမူများနှင့်အညီ မြန်မာနိုင်ငံ၏ နေရောင်ခြည်စွမ်းအင်အပါအဝင် ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်းများနှင့် ဓာတ်အားလိုင်းကွန်ရက်စီမံကိန်း တည်ဆောက်ရေးများတွင် ပါဝင်နိုင်ရန် စိတ်ဝင်စားကြသလို အဆိုပါပြန်ပြည့်မြဲစွမ်းအင်ထုတ်လုပ်မှုမှ ကာဗွန်ထုတ်လုပ်မှုနည်းပါးသော အခြေအနေသို့ ရောက်ရှိလာရန် လုပ်ဆောင်လျက်ရှိသည်။
 
ထိုသို့သော စွမ်းအင်ဆိုင်ရာစီမံကိန်းများနှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနဖြစ်သော လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအပါအဝင် တာဝန်ရှိသူများက ပြီးခဲ့သော ၂၀၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ သွားရောက်ကာ တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှု အခြေအနေများကို လေ့လာခဲ့သလို တရုတ်နိုင်ငံ၏ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးခြင်းများလည်းရှိကြသည်။
 
မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများကလည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်သော ဆိုလာပါဝါ စီမံကိန်းများ အပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများအတွက် အခွန်ကင်းလွတ်ခွင့်များပေး၍ ယင်းစီမံကိန်းလုပ်ငန်းများ တိုးတက်လာရန် ပံ့ပိုးခြင်းများဖြင့် လုပ်ဆောင်လာကြသည်။
 
ပြည်တွင်းတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ရေအားလျှပ်စစ်တစ်ခုတည်းသာမကဘဲ သဘာ၀ဓာတ်ငွေ့အပါအဝင် ယင်းကဲ့သို့သော နေရောင်ခြည်စွမ်းအင်သုံး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းများမှ ဖြည့်ဆည်းနိုင်ရေးကို အကောင်အထည်ဖော်ကာ လုပ်ဆောင်လျက်ရှိသည်။
 
လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃,၆၀၀ ခန့် ထုတ်လုပ်နေပြီး ယင်းအနက်တွင် မဂ္ဂါဝပ် ၂,၀၀၀ ခန့်ကို တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်ကာ နိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် ပါဝင်လုပ်ဆောင်လျက်ရှိသည်။ 
 
လက်ရှိတွင် မြန်မာ့လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကဏ္ဍတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှပ်နှံမှုမှာ ၅၆ ရာခိုင်နှုန်းခန့်ရှိနေကြောင်း သုတေသနစစ်တမ်းအချို့က ဖော်ပြနေကြသည်။တရုတ်နိုင်ငံသည် စီးပွားရေးစင်္ကြံ စီမံကိန်းများကို အကောင်အထည်ဖော်နေလျက်ရှိရာ ယင်းကဲ့သို့သော စွမ်းအင်စီမံကိန်းများကလည်း ယင်းစီမံကိန်းကြီးများအတွက် အထောက်အကူကောင်းများဖြစ်စေခဲ့သည်။ထိုစီမံကိန်းများနှင့်အတူ တတိယအကြိမ် “Belt and Road” နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုထိပ်သီးဖိုရမ် သဘောတူညီချက်ရလဒ်များကိုလည်း အကောင်အထည်ဖော်ကာ လုပ်ဆောင်နေပြီဖြစ်သည်။
 
တရုတ်-မြန်မာ လျှပ်စစ်ဓာတ်အားအတွက် အပြန်အလှန်ချိတ်ဆက်မှု ဖော်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ “လျှပ်စစ် လိုအပ်ချက်” ကို ကူညီဖြေရှင်းပေးရန် တရုတ်နိုင်ငံဘက်မှလည်း မျှော်မှန်းကာ လုပ်ဆောင်ပေးလျက်ရှိသည်။ရင်းနှီးမြှုပ်နှံမည့် တရုတ်ကုမ္ပဏီများကိုလည်း ဖိတ်ခေါ်ကာ လုပ်ဆောင်ခြင်းများရှိသလို ဆိုလာစီမံကိန်းများသာမကဘဲ အောက်‌ခြေမိသားစုအလိုက် သုံးစွဲကြသည့် ဆိုလာများအတွက်လည်း အရည်အသွေးမြင့်သော အခြေအနေမျိုးအဖြစ် တရုတ်နိုင်ငံမှ ထုတ်လုပ်ကာ တင်သွင်းပေးလျက်ရှိနေပြီဖြစ်သည်။
 
လက်ရှိတွင်လည်း မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံမှ လျှပ်စစ်ကဏ္ဍတွင် အများဆုံးရင်းနှီးမြှုပ်နှံထားပြီး ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၈၆၃ ဘီလီယံ တန်ဖိုးရှိသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ စာရင်းများ၌ ဖော်ပြထားလျက်ရှိသည်။
 
လျှပ်စစ်ဓာတ်အားသည် နိုင်ငံ၏ တိုးတက်မှုအတွက် အရေးကြီးသလို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များမှာ ထုတ်လုပ်ခြင်းဖြင့် ကမ္ဘာကြီးပူနွေးမှုကို လျှော့ချနိုင်ကာ လက်ရှိကြုံရသော ကမ္ဘာ့ရာသီဥတုဖောက်ပြန် ပြောင်းလဲနေမှုကိုလည်း ကုစားရောက်ပေသည်။
 
ယခုလို တရုတ်နှင့် မြန်မာကြားတွင် အကောင်အထည်ဖော်နေသည့် ဆိုလာဓာတ်အားပေးစီမံကိန်းများက ကမ္ဘာကြီးပူနွေးမှု လျှော့ချစေသော ကာဗွန်ထုတ်လုပ်မှုကို လျော့ကျစေမည်ဖြစ်သလို အနာဂတ်တွင် လူနေမှုဘ၀တိုးတက်မြင့်မားစေရေးသာမကဘဲ သာယာလှပသည့် ပတ်ဝန်းကျင်အခြေအနေကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။
 
ဧပရယ်လ်