【 ဆောင်းပါး 】 ပြည်တွင်း MSME လုပ်ငန်းများနှင့် မဲခေါင်-လန်ချန်း ဖွံ့ဖြိုးမှုစီမံကိန်း

【 ဆောင်းပါး 】 ပြည်တွင်း MSME လုပ်ငန်းများနှင့် မဲခေါင်-လန်ချန်း ဖွံ့ဖြိုးမှုစီမံကိန်း

မြန်မာနိုင်ငံတွင် ရှေးအစဉ်အဆက်ကတည်းက လုပ်ကိုင်လာသော မြန်မာ့ရိုးရာလက်မှုလုပ်ငန်းများ၊ ခေတ်ကာလအလျောက် ဆန်းသစ်တီထွင်မှုများဖြင့် ပေါ်ပေါက်လာသော ကုန်ထုတ်လုပ်ငန်းများစွာဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSMEs) လုပ်ငန်းများ ၉၀ ရာခိုင်နှုန်းကျော်ရှိသည်။

MSMEs လုပ်ငန်းများသည် မြန်မာ့စီးပွားရေး အခင်းအကျင်းတွင် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မိရိုးဖလာ၊ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ၊ ခေတ်မှီသောနည်းပညာများဖြင့် လုပ်ကိုင်သော စက်မှုလုပ်ငန်းကြီးများအထိ လွှမ်းခြုံထားပါသည်။ယနေ့ခေတ်တွင် မိရိုးဖလာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေထွက်ကုန်များမှ တန်ဖိုးမြှင့်ထုတ်ကုန်များ၊ ကုန်ထုတ်လုပ်ငန်းများ၊ လက်လီရောင်းချမှုနှင့် ဝန်ဆောင်မှုလုပ်ငန်း အများအပြားအထိ တိုးတက်လာခဲ့သည်။

ပြည်တွင်းရှိ MSMEs လုပ်ငန်းများ၏ အခန်းကဏ္ဍ အလွန်အရေးကြီးသော်လည်း ခေတ်အဆက်ဆက် ဘဏ္ဍာငွေရရှိမှု ကန့်သတ်ချက်များ၊ နည်းပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုများ လိုအပ်နေခြင်း၊ အခြေခံအဆောက်အဦ လိုအပ်ချက်များ စသည့် စိန်ခေါ်မှုများကတော့ အမြဲရှိနေပါသည်။

နည်းပညာများ တိုးတက်လာ၍ ကုန်စည်များရောင်းချခြင်း၊ ဈေးကွက်အရောင်းမြှင့်တင်ခြင်း၊ ဈေးကွက်ရှာဖွေခြင်း၊ ထောက်ပံ့ဖြည့်ဆည်းခြင်း၊ အမှာစာတင်သွင်းခြင်းနှင့် ပို့ဆောင်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာများပါဝင်သည့်  ကူးသန်းရောင်းဝယ်ခြင်းများတွင် အီလက်ထရောနစ် (E-commerce) စနစ်ဖြင့် ဆောင်ရွက်ကြသည့် လုပ်ငန်းများလည်းရှိသည်။  

ကုန်ထုတ်လုပ်မှုကဏ္ဍများထဲတွင် အများစုမှာ  စားသောက်ကုန်လုပ်ငန်းနှင့် အဝတ်အထည်၊ အထည်အလိပ် လုပ်ငန်းများက အများစုဖြစ်ပြီး စက်မှုလုပ်ငန်းအမျိုးမျိုးလည်း တိုးတက်လာသည်။ကုန်ထုတ်လုပ်မှုအများစုမှာ နည်းပညာအားနည်းခြင်း၊ လျှပ်စစ်မီးအခက်အခဲ၊ ရေပေးဝေရေးစနစ်အခက်အခဲ၊ အင်တာနက်ချိတ်ဆက်မှု အခက်အခဲများရှိနေသေးကြောင်း SME လုပ်ငန်းများမှ သိရသည်။

နိုင်ငံတကာအဖွဲ့အစည်းများနှင့် အေဂျင်စီများသည် မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများကို နည်းပညာအကူအညီ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်များနှင့် ငွေကြေးပံ့ပိုးမှုများဖြင့် ကူညီကြသည်။မြန်မာနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံများအဖြစ် တရုတ်၊ ထိုင်း၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့က အဓိကရင်းနှီးမြုပ်နှံပြီး လာရောက်လာကိုင်ကြသည်။

ထိုကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီများတွင် မဲခေါင်-လန်ချန်း နိုင်ငံများ၏ ထုတ်လုပ်မှု စွမ်းရည်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများလည်း အဓိကပါဝင်ဆောင်ရွက်နေသည်။

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည့် မဲခေါင်-လန်ချန်း နိုင်ငံများ၏ ကုန်ထုတ်လုပ်မှု စွမ်းရည်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ (၂၀၂၄-၂၀၂၆) သုံးနှစ်စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည်။မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အလျောက် စိုက်ပျိုးရေးကိုအခြေခံပြီး ထုတ်လုပ်သည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်မှု မြင့်တက်လာသည်။

မဲခေါင်-လန်ချန်းနိုင်ငံများ အထူးရန်ပုံငွေစီမံကိန်းဖြင့် ချဉ်ပေါင်ဖူးဖျော်ရည်ထုတ်လုပ်ခြင်းနှင့် ချဉ်ပေါင်ဖူးမှ အခြားထုတ်ကုန်များထုတ်လုပ်ခြင်း၊ သရက်သီး ဂျယ်လီဖျော်ရည်ထုတ်လုပ်ခြင်း၊ ပဲနို့ထုတ်လုပ်ပြီး ကျန်သော အနှစ်များမှ ကွတ်ကီးထုတ်လုပ်ခြင်း၊ Freezed- Dried နည်းပညာဖြင့် စိုက်ပျိုးရေးထွက် တန်ဖိုးမြှင့် ထုတ်ကုန်များပြုလုပ်ခြင်း၊ Vacuum-Fried နည်းပညာဖြင့် အသီးအနှံ အခြောက်ထုတ်ကုန်များ ပြုလုပ်ခြင်းများကို စာတွေ့၊ လက်တွေ သင်ကြားပေးသည့် အစီအစဉ်များ ဆောင်ရွက်လျက်ရှိသည်။

MSMEs လုပ်ငန်းများအနေဖြင့် ဒစ်ဂျစ်တယ်စီးပွားရေးစနစ်တွင် ပြောင်းလဲမှုအလေ့အကျင့်များ၊ ဒစ်ဂျစ်တယ်စီးပွားရေးစနစ် မဟာဗျူဟာနှင့် စီမံခန့်ခွဲမှု၊ ဒစ်ဂျစ်တယ်စီပွားရေးစနစ်ပြောင်းလဲရန် နည်းပညာလိုအပ်ချက်များရှိလာသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် ဒီဂျစ်တယ်စီးပွားရေးကို အကောင်အထည်ဖော်မည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSMEs) လုပ်ငန်းများအတွက် ဒစ်ဂျစ်တယ် နည်းပညာများနှင့် နည်းပညာသစ်များ စွမ်းရည်မြှင့်တင်ပေးနိုင်မည့် သင်တန်းများပေးခဲ့သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၇ သန်းကို မြန်မာနိုင်ငံအနေဖြင့် လက်ခံရရှိခဲ့သည်။စီမံကိန်းပေါင်း ၁၆၀ ခုမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စီမံကိန်း ၆၀ ခု အောင်မြင်ခဲ့ကြောင်း သိရသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၁၇) ဖြင့် စီမံကိန်းငါးခု၊ (၂၀၁၈) ဖြင့် စီမံကိန်းကိုးခု၊ (၂၀၂၀) ဖြင့် စီမံကိန်းခြောက်ခု၊ (၂၀၂၁) ဖြင့် စီမံကိန်းလေးခုအား အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး (၂၀၂၂) ဖြင့် စီမံကိန်းခုနစ်ခု ဆောင်ရွက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

စီမံကိန်းခုနစ်ခုထဲတွင် ရော်ဘာကြိတ်ခွဲခြင်းလုပ်ငန်း၊ အရည်အသွေးကောင်းသည့် ကြံမျိုးထုတ်လုပ်ခြင်း၊ နှမ်းမျိုးစေ့ထုတ်လုပ်ခြင်း လုပ်ငန်းအားပေးမြှင့်တင်ခြင်း၊ ရေချိုငါးအမျိုးမျိုးအား အရည်အသွေးပြည့်မီအောင် ပြုပြင်ဆောင်ရွက်ခြင်း၊ သီးနှံအထွက်နှုန်း ခန့်မှန်းသော ဌာနတည်ထောင်ခြင်း၊ ပိုးသတ်ဆေးဓာတ်ကြွင်း စစ်ဆေးခြင်းဆိုင်ရာ ဓာတ်ခွဲခန်းတည်ထောင်ခြင်း၊ သီးနှံဆုံးရှုံးမှုအား ခန့်မှန်းလေ့လာခြင်း စသည့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများဖြစ်ကြောင်း သိရသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများသည် အဓိကအားဖြင့် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုသည့် ဆောင်ရွက်မှုများဖြစ်သည်။

မြန်မာနိုင်ငံရှိ MSMEs လုပ်ငန်းများနှင့်ပတ်သက်၍ ADB ၏ ၂၀၂၂ ခုနှစ် ခန့်မှန်းချက်များတွင် ပြည်တွင်း MSMEs လုပ်ငန်းများသည် ဝန်ဆောင်မှုကဏ္ဍတွင် ၆၁ ရာခိုင်နှုန်းမှ ၈၉ ရာခိုင်နှုန်းရှိပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၅ ရာခိုင်နှုန်းမှ ၁၇ ရာခိုင်နှုန်းခန့်ရှိကြောင်း ဖော်ပြခဲ့သည်။

အာဆီယံနိုင်ငံများ၌ အသေးစားနှင့် အလတ်စား လုပ်ငန်းများ အောင်မြင်စွာဖြင့် တိုးတက်နေသည့် နိုင်ငံများထဲတွင် စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ ထိပ်တန်းတွင်ရှိပြီး အလယ်အလတ်အဆင့် နိုင်ငံများမှာ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်သည်။မြန်မာနိုင်ငံနှင့် ကမ္ဘောဒီယား၊ လာအိုနိုင်ငံတို့သည် ဖွံ့ဖြိုးဆဲနိုင်ငံများအဆင့်များတွင်သာ ရှိနေသေးသည်။

မြန်မာနိုင်ငံရှိ MSMEs လုပ်ငန်းအများစုတွင် အဓိကရင်ဆိုင်နေရသည့် အခက်အခဲမှာ ငွေကြေးအရင်းအနှီးဖြစ်ပြီး ၎င်းတို့လုပ်ငန်းများ စတင်နိုင်ရေး၊ လုပ်ငန်းတိုးချဲ့နိုင်ရေးတို့အတွက် ပံ့ပိုးကူညီမှုများ လိုအပ်နေသည်ဟု MSMEs လုပ်ငန်းရှင်များထံမှ သိရသည်။

မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် အသေးစား၊အငယ်စားနှင့် အလတ်စား လုပ်ငန်းများ (MSMEs) လုပ်ငန်းရှင်များအတွက် သမဝါယမစနစ်၊ ပုဂ္ဂလိကစနစ်ဖြင့် ဆောင်ရွက်နိုင်ရန် ငွေကြေးအရင်းအနှီးနှင့် နည်းပညာများ ပံ့ပိုပေးနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စက်မှုဇုန်များနှင့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများမှ ထုတ်လုပ်သည့် ထုတ်ကုန်များကို ကုန်သွယ်ခွန် လျှော့ချကောက်ခံပေးရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI ) မှ သိရသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများမှသည် မြန်မာနိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) တိုးတက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုတို့ကို များစွာအထောက်အကူပြုစေမည်ဖြစ်သည်။

အမွန်