【 ဆောင်းပါး 】 မြန်မာ့ကုန်သွယ်မှုအတွက် အရေးပါလာမည့် မဲခေါင်မြစ်ကူးတံတား

【 ဆောင်းပါး 】 မြန်မာ့ကုန်သွယ်မှုအတွက် အရေးပါလာမည့် မဲခေါင်မြစ်ကူးတံတား

မဲခေါင်မြစ်မိသားစုဝင် မြန်မာနိုင်ငံအနေဖြင့် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တွင်လည်း ပါဝင်ဆောင်ရွက်နေလျက်ရှိသည်။

ထိုပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သည် မဟာမဲခေါင်ဒေသခွဲမှ ဒေသအားလုံးနှင့် လူမျိုးစုများအတွက် သိသာသည့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို ဖွင့်လှစ်ပေးပြီး လူထုကို ဆင်းရဲမှုမှ လွတ်မြောက်စေခြင်းဖြင့် ကြီးမားသော အလားအလာကောင်းများကို ပြည့်ဝစွာဆောင်ရွက်ရန် မျှော်မှန်းထားလျက်ရှိသည်။

တည်ငြိမ်အေးချမ်းမှု၊ လူနှင့် သဘာဝအရင်းအမြစ်များ လိုက်ဖက်ပေါကြွယ်ဝမှု၊ ပထဝီအနေအထားအရ ထိစပ်မှု စသည့် အားသာချက်များဖြင့် မဲခေါင်မြစ်တစ်လျှောက်ရှိ နိုင်ငံ (၆) နိုင်ငံဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ယူနန်ပြည်နယ်)၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် အပြန်အလှန်အကျိုးဖြစ်ထွန်းရေးအတွက် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (Greater Mekong Subregion-Economic Cooperation) တစ်ရပ်ကိုလည်း အာရှဖွံ့ဖြိုးရေးဘဏ်၏ ပံ့ပိုးမှုဖြင့် ၁၉၉၂ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ကြသည်။

(GMS) အစီအစဉ်အနေဖြင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပြုပြင်ပြောင်းလဲမှုများ၊ ညီညွတ်စွာလုပ်ဆောင်မှု၊ ဈေးကွက်ဆိုင်ရာ အစီအမံများနှင့်ပတ်သက်၍လည်း အဖွဲ့ဝင်နိုင်ငံများကြားတွင် ပူးပေါင်းဆောင်ရွက်မှုများဖြင့် အရှေ့တောင်အာရှအလယ်ပိုင်းတွင် တက်ကြွသော စီးပွားရေးဒေသတစ်ခု ဖန်တီးဖော်ဆောင်နေလျက်ရှိသလို ယင်းအစီအစဉ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ယူနန်ပြည်နယ်နှင့် ကပ်လျက်ရှိသော (Guargxi Zhuang Autonomous Region) လည်း ပါဝင်လာလျက်ရှိသည်။

ထိုသို့ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များတွင် အဓိကဦးစားပေးကဏ္ဍများအဖြစ် သယ်ယူပို့ဆောင်ရေး (Transport)၊ ဆက်သွယ်ရေး (Communication)၊ စွမ်းအင် (Energy)၊ ကုန်သွယ်ရေး (Trade)၊ ရင်းနှီးမြှုပ်နှံမှု (Investment)၊ စိုက်ပျိုးရေး (Agriculture)၊ သဘာဝပတ်ဝန်းကျင် (Environment)၊ ခရီးသွားလုပ်ငန်း (Tourism)၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး (Human Resources Development) စသည်ဖြင့် သတ်မှတ်ကာ ဆောင်ရွက်လျက်ရှိသည်။

အဓိကဆောင်ပုဒ်လည်းဖြစ်သည့် “ဆက်သွယ်၊ ယှက်နွယ်၊ ပေါင်းစည်းကြမယ်” ဟူသော (Three Cs) ဖြစ်သည့် ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်မှု (Connectivity)၊ ပြိုင်ဆိုင်မှု (Competitiveness) နှင့် ပေါင်းစည်းမှု (Community) တို့ကို ရှေ့ရှု၍ အကောင်အထည်ဖော်ကာ ဆောင်ရွက်လျက်ရှိသည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ယန္တရားများ အောင်မြင်စွာလည်ပတ်နိုင်ရေးအတွက် တရုတ်နိုင်ငံက ရန်ပုံငွေအမျိုးအစားလေးမျိုးကို ထူထောင်ပေးထားသည်။ထိုသို့ထူထောင်ပေးထားသည့် ရန်ပုံငွေအမျိုးအစားလေးမျိုးတွင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (MLC Special Fund) ကိုလည်းကောင်း၊ ယွမ် ၁၀ ဘီလီယံဖြင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် အတိုးနှုန်းသက်သာသောချေးငွေ (Concessional Loan) အဖြစ်လည်းကောင်း၊ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံဖြင့် အခြားချေးငွေ (Credit Line) အဖြစ်လည်းကောင်း၊ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ (South-South Cooperation Fund) ကိုလည်းကောင်း စသည်ဖြင့် အသီးသီးထူထောင်ပေးထားလျက်ရှိသည်။

မြန်မာနိုင်ငံသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ တက်ကြွသော အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် ဆောင်ရွက်လျက်ရှိသည်။ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဘောင်အောက်တွင် အဖွဲ့ဝင်နိုင်ငံများနှင့် အပြန်အလှန်နားလည်မှု၊ လေးစားမှုနှင့် လန်ချန်း-မဲခေါင် မိသားစုစိတ်ဓာတ်ကို အခြေခံကာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သည် အလွန်အရေးကြီးပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် မဲခေါင်ဒေသတွင်းနိုင်ငံများ၏ ဈေးကွက်များနှင့် ပေါင်းစည်းရေးကို လုပ်ဆောင်လျက်ရှိသလို စီးပွားရေးလုပ်ငန်းများအပြင် ကုန်သွယ်ရေး၊ ကုန်စည်စီးဆင်းမှုချောမွေ့စေရေးတို့ကလည်း အရေးပါလာသည့်အခြေအနေ ဖြစ်လာခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ အရှေ့ပိုင်း ရှမ်းပြည်နယ် (အရှေ့ခြမ်း) ဘက်မှ မဲခေါင်မြစ်ကူးတံတားကိုဖြတ်၍ ကုန်စည်ပို့ဆောင်မှုအစီအစဉ်တစ်ရပ်ကို တွင်ကျယ်စွာ အကောင်အထည်ဖော်ရန် ယခုအခါ စီစဉ်နေလျက်ရှိသည်။ထိုမဲခေါင်မြစ်ကူးတံတားမှာ ဒေသတွင်းနိုင်ငံတစ်ခုဖြစ်သည့် လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံကြား ချိတ်ဆက်၍ တည်ဆောက်ထားခြင်းလည်းဖြစ်သည်။

ထိုတံတားမှာ မြန်မာနိုင်ငံက ရှမ်းပြည်နယ်နှင့် လာအိုနိုင်ငံ Luang Namtha ဒေသကို ချိတ်ဆက်ထားခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်က တည်ဆောက်မှုလုပ်ငန်းများ ပြီးစီးခဲ့သော်လည်း ယင်းနယ်စပ်မှ ကုန်မပါ လူချည်းသက်သက်ဖြင့် ယာယီဖြတ်သန်းခွင့်ပြုခဲ့သည်။

တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်းတို့မှ စီးဆင်းနေသည့် မဲခေါင်မြစ်ကို ဖြတ်သန်းပြီး မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံကြား ချိတ်ဆက်မည့် အဆိုပါမဲခေါင်မြစ်ကူးတံတား တည်ဆောက်ရန် မြန်မာနှင့် လာအိုတို့ အစိုးရနှစ်ရပ်ကြား ပူးတွဲသဘောတူညီမှုရရှိခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်ခဲ့သည်။

မြစ်ကူးတံတား၏ အရှည်မှာ ၆၉၁ ဒသမ ၆၀ မီတာရှိပြီး အကျယ် ၁၀ ဒသမ ၉ မီတာရှိသလို အလေးချိန် ၇၅ တန်ရှိသော ကုန်ကားများ ဖြတ်သန်းနိုင်သည်။တံတားအောက်တွင်လည်း အလေးချိန် ၅၉၉ တန်ရှိသည့် ကုန်စည်သင်္ဘောများ ဖြတ်သန်းခွင့်ပြုထားသလို အမေရိကန်ဒေါ်လာ ၂၆ သန်း အကုန်ခံကာ တည်ဆောက်ထားခြင်းဖြစ်သည်ဟု ဆိုထားသည်။

မြစ်ကူးတံတား တည်ဆောက်ပြီးနောက် တံတားမှဖြတ်သန်း၍ ကုန်စည်များပို့ဆောင်ကာ ကုန်သွယ်မှုများပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း လတ်တလောတွင် မြန်မာနိုင်ငံဘက်ခြမ်း၌ အခက်အခဲအချို့ရှိနေသေးသည့်အတွက် တံတားမှဖြတ်သန်း၍ ကုန်သွယ်ရန်အခြေအနေမှာ ကြန့်ကြာခဲ့ခြင်းဖြစ်သည်။ယခင် တံတားမရှိခင်က မဲခေါင်မြစ်ကို စက်လှေများဖြင့် ဖြတ်သန်းလုပ်ဆောင်ပြီး ကူးသန်းရောင်းဝယ်ရင်း ကုန်သွယ်ရသည့် အခြေအနေမှ ဒေသခံတို့အတွက် များစွာအကျိုးရှိလာစေမည့် အခြေအနေဖြစ်လာခဲ့သည်။

ဒေသထွက် ကုန်ပစ္စည်းများကိုလည်း စျေးကွက်နှင့်ချိတ်ဆက်၍ ဖြန့်ချိခြင်းဖြင့် စားသောက်နေထိုင်မှုများအတွက် အဆင်ပြေစေကာ လူနေမှုဘဝတိုးတက်မြင့်မားရေးအတွက် အကျိုးများစွာဖြစ်ထွန်းစေမည်ဖြစ်သည်။

မဟာမဲခေါင်ဒေသ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်တွင် ရည်မှန်းထားသည့် အချက်များအနက် ဒေသခွဲအတွင်း လူနှင့် ကုန်ပစ္စည်းများ လွတ်လပ်စွာ စီးဆင်းသွားလာရေးအတွက် အထောက်အကူပြုရန် မျှော်မှန်းထားလျက်ရှိရာ မဲခေါင်မြစ်ကူးတံတားမှ စီစဉ်နေသည့် ကုန်သွယ်မှုများကြောင့် ဒေသတွင်းနိုင်ငံများအတွင်း ကုန်စည်စီးဆင်းမှုကို ချောမွေ့လာစေကာ ဒေသခံတို့၏ လူနေမှုဘဝများ တိုးတက်မြင့်မားစေမည်ကိုလည်း ရေးသားလိုက်ရပေသည်။

ဧပရယ်လ်