【 ဆောင်းပါး 】 မြန်မာ့ငှက်သိုက်နှင့် ပြည်တွင်း၊ ပြည်ပဈေးကွက်

【 ဆောင်းပါး 】 မြန်မာ့ငှက်သိုက်နှင့် ပြည်တွင်း၊ ပြည်ပဈေးကွက်

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ နောက်ပိုင်းကာလများ၌ ကျန်းမာရေးဓာတ်စာအဖြစ် ငှက်သိုက်ရည်သောက်သုံးမှု ယခင်ကထက် ပိုများလာသကဲ့သို့ ပြည်ပဈေးကွက် တင်ပို့မှုများလည်း ပိုမိုတွင်ကျယ်လာပါသည်။

ငှက်သိုက်ကို နည်းပညာအမျိုးမျိုးဖြင့် သန့်စင်ပြီး ငှက်သိုက်ရည်ထုတ်လုပ်ခြင်း၊ တိုင်းရင်းဆေးဝါးများနှင့် အလှကုန်ပစ္စည်းများတွင် ထည့်သွင်းအသုံးပြုခြင်း စသည်ဖြင့် ဈေးကွက်ထဲတွင် Brand အမျိုးမျိုးဖြင့် ပြည်တွင်းဖြစ် ထုတ်ကုန်များစွာ ရှိနေပါသည်။ထို့ကြောင့် ငှက်သိုက်များရရှိသော ဇီဝဇိုးငှက်မွေးမြူရေးလုပ်ငန်းများလည်း ပိုမိုများပြားလာသည်။

နည်းပညာလိုအပ်ချက်များနှင့် အရင်းအနှီးများသည့် လုပ်ငန်းတစ်ခုဖြစ်သည်ဟု ဇီဝဇိုးငှက် မွေးမြူရေး လုပ်ငန်းရှင်များက ပြောသည်။ ပြည်တွင်း၊ ပြည်ပစားသုံးသူများလာ၍ ငှက်သိုက်ထွက်ကုန်များ ပိုမိုလိုအပ်လာကြောင်း ဇီဝဇိုးငှက်သိုက် အရောင်းအဝယ်ပြုလုပ်သူများက ပြောသည်။

ပြည်ပဈေးကွက်တွင် တရုတ်နိုင်ငံက ငှက်သိုက် အဓိကစားသုံးသော နိုင်ငံဖြစ်ပြီး  ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံများမှလည်း  မှာယူကြောင်း သိရသည်။တရုတ်နိုင်ငံတွင် ငှက်သိုက်စားသုံးခြင်းကို ရှေးဘုရင်မင်းများလက်ထက်ကတည်းက စားသုံးခြင်းဖြစ်သည်ဟု သိရသည်။

ဇီဝဇိုးငှက် မွေးမြူရေး လုပ်ငန်းများသည် နိုင်ငံ၏ သဘာဝသယံဇာတစ်ခုအဖြစ် ပို၍ထွန်းကားလာပါသည်။ဇီဝဇိုးငှက်များသည် အသိုက်ကို ၎င်းတို့၏ တံတွေ့ဂလင်းမှ အံဖက်ဟုလည်းခေါ်သည့် ချွဲရည်တစ်မျိုးဖြင့် ဆောက်လုပ်ကြသည်။အသိုက်ဆောက်လုပ်ပြီး ဥများဥ၍ ငှက်သားပေါက်များ အချိန်တန် အရွယ်ရောက်သည့်အခါမှ အသိုက်ကို စွန့်ခွာခြင်းဖြစ်သည်။ဇီဝဇိုးငှက်တို့ စွန့်ခွာသည့် အသိုက်ကို လူများကခွာယူ၍ သန့်စင်ကာ အမျိုးမျိုးပြုလုပ်၍ စားသုံးကြခြင်းဖြစ်သည်။

ငှက်သိုက်တွင် အာဟာရဓာတ်ပြည့်ဝစွာ ပါရှိနေခြင်းတို့ကြောင့် တရုတ်လူမျိုးများသည် ငှက်သိုက်ကို အဖိုးတန် ရှားပါးသည့် အစားအာဟာရတစ်မျိုးအဖြစ် တန်ဖိုးထားကြသည်။တရုတ်ရိုးရာဆေးကျမ်းများတွင် ငှက်သိုက်သည် သွေးနှင့် အသက်ရှူလမ်းကြောင်းကို သန့်ရှင်းစင်ကြယ်စေသည်ဟု ဖော်ပြခဲ့သည်များရှိကြောင်း သိရသည်။တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ရှိ စားသောက်ဆိုင်များတွင် ငှက်သိုက်ပါဝင်သော အချိုပွဲတစ်ပွဲကို ဈေးအလွန်ကြီးစွာပေး၍ ဝယ်ယူစားသုံးကြသူများစွာရှိသည်။

တရုတ်နိုင်ငံအနေဖြင့် ငှက်သိုက်ကို မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ အများဆုံးတင်သွင်းသည်။ငှက်သိုက်သည် နာတာရှည်ရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများနှင့် အားအင်ကုန်ခမ်းနေသူများအတွက် အကောင်းဆုံး ဆေးစွမ်းတစ်လက်ဖြစ်သည်။ငှက်သိုက်တွင် ပရိုတင်းဓာတ်များစွာပါဝင်ပြီး အာဟာရဓာတ်များစွာကို ပေးစွမ်းသည်။အဆုတ်ကို အားကောင်းစေပြီး ချောင်းဆိုး၊ အအေးမိနှင့် တုပ်ကွေးရောဂါများစွာကို သက်သာပျောက်ကင်းစေနိုင်သော အစွမ်းသတ္တိများရှိသည်။သဘာဝငှက်သိုက်သည် အရှေ့တောင်အာရှတွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာတည်းက တရုတ်တိုင်းရင်းဆေးအဖြစ် နာမည်ကြီးခဲ့သည်။

လူသားများအတွက် ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ပေးနေသော ဇီဝဇိုးငှက်များသည် ကမ္ဘာပေါ်၌ အရှေ့တောင်အာရှနိုင်ငံများတွင်သာ ရှင်သန်ကျက်စားသော ငှက်များဖြစ်သည်။အရှေ့တောင်အာရှနိုင်ငံများထဲတွင် အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့သည် ဇီဝဇိုးငှက် မွေးမြူရေး လုပ်ငန်းများနှင့် ငှက်သိုက်ထုတ်လုပ်ရေးလုပ်ငန်းများကို အများဆုံးလုပ်ကိုင်လျက်ရှိသည်။
 
မြန်မာနိုင်ငံတွင် ဇီဝဇိုးငှက် မွေးမြူရေး လုပ်ငန်းများကို တနင်္သာရီတိုင်းဒေသကြီးတွင်  အများဆုံးလုပ်ကိုင်ကြသည်။ဇီဝဇိုးငှက်များသည် တနင်္သာရီတိုင်းဒေသကြီး၊ ကမ်းရိုးတန်းဒေသများ၏ ကျွန်းများရှိ လိုဏ်ဂူနံရံများတွင် သဘာဝအလျောက် အများဆုံးပေါက်ဖွား ရှင်သန်ကြသည်။

တနင်္သာရီတိုင်းအတွင်း၌ ငှက်သိုက်ထွက်ရှိရာ ကျွန်းပေါင်း ၃၂ ကျွန်းမျှရှိသည်။ထားဝယ်ခရိုင်၊ လောင်းလုံမြိုနယ်၊ မော်စကွန်း၊ မြိတ်ကျွန်းစုများ၊ ပုသိမ်မြို့အနောက်တောင်ဘက်ရှိ ကျွန်းများ၊ ကော့သောင်းမြို့နယ်ရှိ ကဆိုင်းလှနှင့် ကော့ငန်ကျွန်းစုများ၊ ပုလောမြို့နယ်ရှိ မလိကျွန်းတို့မှ ဇီဝဇိုးငှက်သိုက်များ အများဆုံးထွက်ရှိသည်။

ငှက်သိုက်ထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ ၁၉၉၂ ခုနှစ်က သစ်တောဥပဒေတွင် သစ်တောထွက်ပစ္စည်း ၂၉ မျိုးတွင် သတ်မှတ်ပြဌာန်းထားကြောင်း သိရသည်။ထို့ပြင် ငှက်သိုက်ထုတ်လုပ်ပေးသည့် ဇီဝဇိုးငှက်များကို ကာကွယ်ရမည့် တောရိုင်းတိရစ္ဆာန်စာရင်းတွင် ထည့်သွင်းထားသည်။သို့ဖြစ်၍ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ မော်စကိုကျွန်းအုပ်စုတွင် ကျွန်းရှစ်ကျွန်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မလိအုပ်စုတွင် ကျွန်းငါးကျွန်း၊ မြိတ်ခရိုင် ကျွန်းစုမြို့နယ်၊ ရေအေးအုပ်စုတွင် ကျွန်း ၁၀ ကျွန်းနှင့် ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၊  ကော့သောင်းမြို့နယ် ကဆိုင်းလှနှင့် ကော့ငါးအုပ်စုရှိ  ကျွန်းကိုးကျွန်းတို့ကို ငှက်သိုက်ကြိုးဝိုင်းအဖြစ် ဖွဲ့စည်းသတ်မှတ်ထားသည်။

ထို့အပြင် ငှက်သိုက်များ စုဆောင်းချိန်ကို မတ်လ၊ ဧပြီ၊ ဇွန်၊ ဇူလိုင်၊နိုဝင်ဘာလများတွင် စုဆောင်းရန် သတ်မှတ်ကာလများ ကန့်သတ်ထားပြီး သွေးပါသော ငှက်သိုက်များကို တွေ့ရှိပါက လိုင်စင်ရရှိထားသူများကို ဒဏ်ရိုက်သည်ဟု သိရသည်။ငှက်ကလေးများ အနှောင့်အယှက်မရှိဘဲ အသိုက်ပြုလုပ် ပေါက်ဖွားလာစေရန် ကျွန်းများကို နှစ်စဉ် တစ်လှည့်စီ ပိတ်ပေးထားသည်။

ဇီဝဇိုးငှက်များကို ပင်လယ်ကမ်းရိုးတန်းဒေသအပြင် ကုန်တွင်းပိုင်းဒေသများတွင်လည်း ခေတ်မှီနည်းပညာပြုလုပ်၍ မွေးမြူလာကြသည်။လက်ရှိတွင် တစ်နိုင်ငံလုံး၌ ဇီဝဇိုးငှက် မွေးမြူရေး အဆောက်အဦပေါင်း ၂၀၀၀ ကျော်ရှိလာကြောင်း ဇီဝဇိုးငှက် မွေးမြူရေး လုပ်ငန်းရှင်များထံမှ သိရသည်။

ကုန်းတွင်းပိုင်းဒေသများတွင် ငှက်များမွေးမြူရာ၌ ဇီဝဇိုးငှက် သံဆောင်းဘောက်များဖြင့် ငှက်ခေါ်ခြင်း၊ ရေငွေ့စက်များထား၍ အပူချိန်ထိန်းညှိ မွေးမြူခြင်းဖြစ်သည်။

ပင်လယ်ကမ်းရိုးတန်းဒေသများမှ ကုန်းမြေဒေသများသို့ ရွေ့လျှားလာသည့် ဇီဝဇိုးငှက်များကို ဒေသအနှံ့အပြားတွင် မြင်တွေ့လာရသည်။လက်ရှိတွင် ဖျာပုံ၊မော်လမြိုင်၊ ပဲခူး၊ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး အစရှိသည့် မြို့များတွင် ဇီဝဇိုးငှက်မွေးမြူရေးအိမ်များဆောက်လုပ်မှု ပိုများလာကြောင်း ဇီဝဇိုးငှက် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ လုပ်ငန်းရှင်များက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မင်္ဂလာဒုံ၊ လှိုင်သာယာ၊ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ အစရှိသည့် ဒေသများတွင် ငှက်အိမ်အသစ် ဆောက်လုပ်သူများ ၂၀၂၃ ခုနှစ်အတွင်း ပိုများလာခဲ့သည်။

ဇီဝဇိုးငှက်များကို မြန်မာနိုင်ငံ၏ အအေးပိုင်းဒေသများမှလွဲ၍ တစ်နိုင်ငံလုံးတွင် အိမ်ဆောက်မွေးမြူ၍ရပြီး နေရာဒေသပေါ် မူတည်၍ နည်းစနစ်များ ကွာဟမှုရှိကြောင်း ဇီဝဇိုးငှက် မွေးမြူခြင်းနှင့်ပတ်သက်၍ သင်တန်းများပေးနေသူတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင်လည်း  ဇီဝဇိုးငှက် မွေးမြူရေး လုပ်ငန်းများနှင့် ငှက်သိုက်ထုတ်လုပ်သည့်လုပ်ငန်းများ တွင်ကျယ်စွာ လုပ်ကိုင်လာကြသည်။ကျောက်ဖြူမြို့နယ်တွင် မွေးမြူသော ဇီဝဇိုးငှက် မွေးမြူရေး လုပ်ငန်းများမှ  ထွက်ရှိသည့် ငှက်သိုက်များကို ဟိုတယ်နှင့် စားသောက်ဆိုင်များတွင် ရောင်းချကြောင်း သိရသည်။

လက်ရှိတွင် ငှက်သိုက် တစ်ပိတ်သာလျှင် အကြမ်း ၂၅ သိန်းကျပ်မှ ကျပ်သိန်း ၃၀ ဝန်းကျင်ရှိပြီး သန့်စင်ပြီး အချောမှာ ကျပ်သိန်း ၅၀ ခန့်ရှိသည်။တနင်္သာရီတိုင်းအတွင်းရှိ ထွက်ရှိသော သဘာဝငှက်သိုက်များကို တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အများဆုံးဝယ်ယူကြောင်း သိရသည်။

ပြည်တွင်း၊ ပြည်ပဈေးကွက် ဝယ်လိုအားကောင်းလာသော ငှက်သိုက်များကို သန့်စင်သည့် လုပ်ငန်းများကလည်း အရေးပါလာသည်။ပြည်တွင်းမှ ငှက်သိုက်များကို နိုင်ငံတကာအဆင့်မီအောင် သန့်စင်၍ တင်ပို့နိုင်လျှင် ပြည်တွင်း၌  အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖော်ထုတ်ပေးနိုင်မည်ဖြစ်လေသည်။

အမွန်