【 နိုင်ငံတကာဆောင်းပါး 】 မူဝါဒအရ လွှမ်းမိုးခြင်းမပြုလုပ်ဘဲ တရုတ်က ခါးပတ်နှင့်လမ်းအစီအစဉ်ကို ပုံဖော်နေ

【 နိုင်ငံတကာဆောင်းပါး 】 မူဝါဒအရ လွှမ်းမိုးခြင်းမပြုလုပ်ဘဲ တရုတ်က ခါးပတ်နှင့်လမ်းအစီအစဉ်ကို ပုံဖော်နေ

ယခုနှစ်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင် အဆိုပြုခဲ့တဲ့ ခါးပတ်နှင့်လမ်းအစီအစဉ်ရဲ့ ၁၀ နှစ်ပြည့်ဖြစ်ပါတယ်။

ဒီ ၁၀ နှစ်တာအတွင်းမှာ ခါးပတ်နှင့်လမ်းအစီအစဉ်ဟာ တရုတ်နဲ့ စီမံကိန်းတစ်လျှောက် နိုင်ငံများအကြား အပြန်အလှန်အောင်မြင်မှု ပူးပေါင်းဆောင်ရွက်ရေးကို ဖော်ဆောင်ပေးခဲ့ပါတယ်။

“တရုတ်ဟာ အခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးတွေမှာ လွှမ်းမိုးချုပ်ကိုင်ခြင်းမရှိဘဲ ပွင့်လင်းစွာ ဆက်ဆံလိုတာကြောင့် ခါးပတ်နှင့်လမ်းအစီအစဉ်အောက်ကနေ တရုတ်နဲ့ပူးပေါင်းဆောင်ရွက်မှုဟာ ပိုမိုကောင်းမွန်တဲ့အခွင့်အလမ်းတွေ ဖော်ဆောင်ပေးပါတယ်” လို့ ဟန်ဂေရီ ဂျွန်ဗွန်နျူမန်တက္ကသိုလ်မှ ဥရောပအာရှစင်တာညွှန်ကြားရေးမှူး လီဗန့်ထ် ဟော်ဗက်သ်က ဆိုပါတယ်။  

          မေး ။     ။ အရှေ့တိုင်းနဲ့ အနောက်တိုင်းတို့ကြားမှာ ဟန်ဂေရီရဲ့ ကဏ္ဍကို ဘယ်လိုမြင်ပါသလဲ ?

          ဟော်ဗက်သ် ။     ။ သမိုင်းတစ်လျှောက်မှာ ဟန်ဂေရီဟာ အရှေ့တိုင်းနဲ့ အနောက်တိုင်းတို့ကြားမှာ တံတားတစ်စင်းလိုဖြစ်ခဲ့ပါတယ်။ ၂၁ ရာစုမှာလည်း ဒီအတိုင်းပါပဲ။အခုအချိန်မှာတော့ ကမ္ဘာကြီးရဲ့ ပုံစံက ပြောင်းလဲနေပါပြီ။အမေရိကန်နဲ့ အနောက်နိုင်ငံတွေက လွှမ်းမိုးထားတဲ့ကာလ ကုန်ဆုံးသွားပြီး အာရှနိုင်ငံတွေဟာ ဖွံ့ဖြိုးတိုးတက်လာကာ စီးပွားရေး၊ ယဉ်ကျေးမှု၊ နည်းပညာနဲ့ နိုင်ငံရေးနယ်ပယ်တို့မှာ အားကောင်းလာပါတယ်။ဒါကို ခေတ်သစ် ဥရောပ-အာရှခေတ်လို့ ခေါ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ တရုတ်က ခါးပတ်နှင့်လမ်းအစီအစဉ်ကို ကြေညာခဲ့ပြီး ဒီအစီအစဉ်ဟာ ဥရောပသမဂ္ဂနဲ့ အာရှကြား ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ဖို့ အရေးပါတယ်လို့ မြင်ပါတယ်။

ဟန်ဂေရီဟာ တရုတ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ပြီးခဲ့တဲ့ ၁၂ နှစ်အတွင်း နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးတွေ များစွာရှိခဲ့ပါတယ်။ဥရောပနဲ့ တရုတ်အကြား ရထားလမ်း ဆက်သွယ်လိုက်ခြင်းဟာ နှစ်နိုင်ငံအတွက် ကုန်သွယ်ရေးကို ပိုမိုချောမွေ့စေမှာဖြစ်ပါတယ်။ဒါက ဟန်ဂေရီကို အကျိုးရှိစေရုံသာမကဘဲ ဥရောပနဲ့ အာရှတစ်လွှား ကွန်ရက်ချဲ့ထွင်နိုင်မှာဖြစ်ပါတယ်။  

          မေး ။     ။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ခါးပတ်နှင့်လမ်းအစီအစဉ်က ကမ္ဘာတစ်ဝှမ်း ဘယ်လိုတိုးတက်မှုတွေ ဖြစ်စေခဲ့ပါသလဲ ?

          ဟော်ဗက်သ် ။     ။ ခါးပတ်နှင့်လမ်းအစီအစဉ်ဟာ များစွာသော နိုင်ငံတွေအတွက် အရေးပါပါတယ်။အထူးသဖြင့် ကမ်းရိုးတန်းနဲ့ဝေးတဲ့ ကုန်းတွင်းပိတ်ဒေသတွေပေါ့။သမိုင်းတစ်လျှောက်ကြည့်လိုက်ရင် ကမ်းရိုးတန်းမှာတည်ရှိတဲ့ နိုင်ငံတွေက ပိုချမ်းသာလေ့ရှိပါတယ်။ဒါပေမဲ့ နည်းပညာအဆင့်မြှင့်တင်မှုနဲ့ လျင်မြန်တဲ့ ရထားလိုင်းကွန်ရက်နဲ့ဆိုရင် ကုန်းတွင်းပိတ်နိုင်ငံတွေကလည်း ကမ္ဘာ့ကုန်သွယ်မှုမှာ ပိုမိုပါဝင်လာမှာဖြစ်ပါတယ်။ဟန်ဂေရီကလည်း ခါးပတ်နှင့်လမ်းအစီအစဉ်ရဲ့ အရေးပါမှုကိုမြင်လို့ ဒီစီမံကိန်းမှာပါဝင်တဲ့ ပထမဆုံး ဥရောပသမဂ္ဂနိုင်ငံဖြစ်လာတာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ လူသားအချင်းချင်း နားလည်မှုရှိဖို့လိုပါတယ်။တစ်ဦးရဲ့ ယဉ်ကျေးမှု၊ သမိုင်းကြောင်းနဲ့ စဉ်းစားတွေခေါ်ပုံတွေကို နားလည်ဖို့ အရေးကြီးပါတယ်။ခါးပတ်နှင့်လမ်းအစီအစဉ်ကို ကိုလိုနီနယ်ချဲ့ခြင်းလို့ အမြင်မှားနေပေမဲ့ ဒါဟာ တရုတ်ရဲ့ အကျိုးစီးပွားနဲ့ အပြန်အလှန်အကျိုးရှိစေမဲ့ ပူးပေါင်းဆောင်ရွက်ခြင်း စိတ်ဆန္ဒလို့ ကျွန်တော်ကတော့ မြင်ပါတယ်။  

          မေး ။     ။ ဥရောပသမဂ္ဂဟာ ကမ္ဘာလုံးဆိုင်ရာ ကူးသန်းရေးကွန်ရက်ကို အဆိုပြုခဲ့ပြီး အမေရိကန်ကလည်း ခါးပတ်နှင့်လမ်းအစီအစဉ်ကို တန်ပြန်ဖို့ ပိုမိုကောင်းမွန်သော ကမ္ဘာကြီးပြန်လည်တည်ဆောက်ရေးစီမံကိန်းကို လုပ်ခဲ့ပါတယ်။ဒါတွေက ခါးပတ်နှင့်လမ်းအစီအစဉ်နဲ့ ဘယ်လိုကွာခြားပါသလဲ ?
 
          ဟော်ဗက်သ် ။     ။ အမေရိကန်ကတော့ ခါးပတ်နှင့်လမ်းအစီအစဉ်မှာ မပါဝင်ပါဘူး။သူ့ရဲ့မဟာမိတ်တွေထဲမှာတော့ ဂျပန်တစ်နိုင်ငံတည်းကပဲ မပါဝင်ပေမဲ့ အခြားသော အနောက်ဥရောပနိုင်ငံ တော်တော်များများက ပါဝင်လာကြပါတယ်။အမေရိကန်ရဲ့ အစီအစဉ်တွေ၊ ဥရောပသမဂ္ဂရဲ့ စီမံကိန်းတွေကြားမှာ အဓိက ကတော့ တရုတ်ရဲ့ အခြားနိုင်ငံနဲ့ ဒေသတွေမှာ ရန်ပုံငွေပိုမိုမြှုပ်နှံလိုစိတ်က အရေးကြီးတယ်လို့ ထင်ပါတယ်။အချို့စီမံကိန်းတွေက ချက်ချင်းအကျိုးမရသေးရင်တောင် ရေရှည်မှာ အလားအလာများစွာရှိပါတယ်။

ခါးပတ်နှင့်လမ်းအစီအစဉ်ဟာ ဟန်ဂေရီနဲ့ တရုတ်တို့အတွက် အပြန်အလှန်အကျိုးရှိမဲ့ ပူးပေါင်းဆောင်ရွက်မှုကို ယူဆောင်လာပေးပါတယ်။ဒါပေမဲ့လည်း ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့ကတော့ ဒါကို တစ်မျိုးရှုမြင်ကြပါတယ်။သူတို့ရဲ့နည်းလမ်းကတော့ တစ်ဖက်သတ် အကျိုးရလဒ်အကုန်ယူဖို့ဖြစ်ပါတယ်။အနောက်နိုင်ငံတွေအနေနဲ့ အခြားစီမံကိန်းတွေရှိနေသည့်တိုင် ကမ္ဘာ့လူဦးရေရဲ့ အနည်းငယ်အတွက်သာ သက်ရောက်မှာဖြစ်ပါတယ်။အာရှတစ်တိုက်တည်းမှာတင် တရုတ်နဲ့ အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်နေတဲ့ နိုင်ငံ၊ ဒေသတွေ များစွာရှိပါတယ်။

ဒါကိုကြည့်မယ်ဆိုရင် တရုတ်ဟာ အခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးတွေမှာ လွှမ်းမိုးချုပ်ကိုင်ခြင်းမရှိဘဲ ပွင့်လင်းစွာ ဆက်ဆံလိုတာကြောင့် ခါးပတ်နှင့်လမ်းအစီအစဉ်အောက်ကနေ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ဖော်ဆောင်ပေးပါတယ်။

          မေး ။     ။ တရုတ်နဲ့ ဥရောပ ဆက်ဆံရေးမှာ လတ်တလော စိန်ခေါ်မှုအချို့တော့ရှိနေပါတယ်။လက်ရှိမှာ တရုတ်နဲ့ ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံများအကြား ဆက်ဆံရေးကို ဘယ်လိုမြင်ပါသလဲ ?

          ဟော်ဗက်သ် ။     ။ တရုတ်အတွက်တော့ ညီညွတ်တဲ့ ဥရောပသမဂ္ဂက ယုံကြည်ရတဲ့ မိတ်ဖက်ဖြစ်တယ်ဆိုပေမဲ့ ဥရောပသမဂ္ဂဟာ အင်အားနဲ့တည်ငြိမ်မှုမှာ စိန်ခေါ်မှုတွေရှိနေပါတယ်။ဥရောပသမဂ္ဂရဲ့ ရှုပ်ထွေးတဲ့စနစ်နဲ့ ခေါင်းဆောင်တွေများစွာရှိခြင်းက အခြားနိုင်ငံတွေအတွက် ဘယ်သူ့ကိုဆက်သွယ်ရမှန်းမသိ ဖြစ်စေပါတယ်။တရုတ်အနေနဲ့က ဥရောပသမဂ္ဂကို သွေးခွဲဖို့ကြိုးစားနေတာမဟုတ်ဘဲ ဥရောပသမဂ္ဂတစ်ခုလုံးကို အကြီးမားဆုံးနဲ့ အခိုင်မာဆုံး ကုန်သွယ်ရေးမိတ်ဖက်အဖြစ် စဉ်းစားတာဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်တုန်းက ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံများက တရုတ်နှင့် ဆက်ဆံရေးစတင်ဖို့ ကမ်းလှမ်းလာခဲ့တာဖြစ်ပြီး တရုတ်ကလည်း ပုံစံပေါင်းစုံနဲ့ ပူးပေါင်းဆောင်ရွက်လိုတာကြောင့် အပြုသဘောဆောင်သောဘက်က တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။အခုအချိန်မှာတော့ ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံပေါင်း ၁၄ နိုင်ငံက တရုတ်နှင့်အတူ ပါဝင်လက်တွဲလျက်ရှိပါတယ်။ဒါဟာ ကောင်းမွန်တဲ့အခွင့်အရေးဖြစ်တယ်လို့ မြင်ပါတယ်။  

နှစ်စဉ်နှစ်တိုင်း အစည်းအဝေးတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေ ကျင်းပလေ့ရှိပါတယ်။ဒါပေမဲ့ ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံများထဲမှာ အချို့က ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ပြီး အချို့ကတော့ မဟုတ်ပါဘူး။အချို့နိုင်ငံတွေက ယူရိုသုံးပြီး အချို့ကတော့ မသုံးကြပါဘူး။ယဉ်ကျေးမှုတွေကလည်း ကွဲပြားတာကြောင့် လုံးဝဥဿုံပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် စိန်ခေါ်မှုတွေက များစွာရှိနေပါတယ်။ပြီးတော့ ဒီနိုင်ငံတွေဟာ အတူပူးပေါင်းပြီး တရုတ်နဲ့ လက်တွဲဖို့ထက် တရုတ်နဲ့ တစ်နိုင်ငံချင်းစီက ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု သဘောတူညီချက်တွေရရှိရေး တစ်ဦးနဲ့ တစ်ဦး အပြိုင်အဆိုင်ဖြစ်နေကြပါတယ်။ဒီပလက်ဖောင်းကို အားလုံးပူးပေါင်းဆောင်ရွက်ရေးထက် တစ်ဦးချင်း အကျိုးရလဒ်အတွက်ပဲ အသုံးချနေကြပါတယ်။  

          မေး ။     ။ ဥရောပသမဂ္ဂမှာ ကြားနေရတာက “အန္တရာယ်လျှော့ချခြင်း” ဆိုတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ဒီ “အန္တရာယ်လျှော့ချခြင်း” မူဝါဒက ဥရောပသမဂ္ဂအတွက် ဘာတွေများ ယူဆောင်ပေးနိုင်မှာပါလဲ ?

          ဟော်ဗက်သ် ။     ။ ဒါဟာ ဥရောပအတွက်တော့ ကောင်းတဲ့အရာ မဟုတ်ပါဘူး။ရုရှား-ယူကရိန်း စစ်ပွဲအတွင်းမှာလည်း သီးသန့်ရပ်တည်မယ်ဆိုပြီး ရုရှားဆီကနေ ရေနံနဲ့ ဓာတ်ငွေ့တွေ တင်သွင်းမှု ရပ်တန့်လိုက်တယ်။ဒါဟာ ရုရှားရဲ့ စီးပွားရေးကို ထိခိုက်စေဖို့ ရည်ရွယ်ခဲ့ပေမဲ့ ဥရောပသမဂ္ဂအတွက် ဆိုးကျိုးသာဖြစ်စေခဲ့တယ်။ရေနံနဲ့ သဘာဝဓာတ်ငွေ့အပါအဝင် အခြားသောကုန်ပစ္စည်းတွေဟာ အမေရိကန်ကနေ တင်သွင်းရတာကြောင့် ပိုပြီးဈေးတက်သွားတယ်။

ရုရှားကတော့ တရုတ်နဲ့ အိန္ဒိယလိုမျိုး အခြားဈေးကွက်တွေ ရှာလိုက်နိုင်တယ်။ဒါကြောင့်လည်း ပြင်သစ်သမ္မတအပါအဝင် အချို့သော ဥရောပသမဂ္ဂခေါင်းဆောင်တွေဟာ အမေရိကန်နဲ့ တရုတ်တို့ကြားက စီးပွားရေးစစ်ပွဲမှာ ကြားညပ်မှာကို စိုးရိမ်ကြပြီး ထိုင်ဝမ်ပြဿနာတွေမှာလည်း လက်ရှောင်လိုတာကို တွေ့ရပါတယ်။  

ပြင်သစ်နဲ့ယှဉ်လိုက်ရင် ဟန်ဂေရီက သေးငယ်တယ်ဆိုပေမဲ့ ဟန်ဂေရီအစိုးရဟာ ဥရောပသမဂ္ဂမှာ အရေးပါတဲ့နေရာကို တဖြည်းဖြည်းရောက်နေပါတယ်။တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ရေးဟာ အရေးပါတယ်ဆိုတဲ့ အသိအမှတ်ပြုမှုက ဥရောပသမဂ္ဂခေါင်းဆောင်တွေကြား ပိုပြီးကြီးထွားစွာရှိလာပြီလို့ ယူဆပါတယ်။

တရုတ်ဟာ ဥရောပသမဂ္ဂရဲ့ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက် ဖြစ်ရုံသာမက ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုမှာလည်း အရေးပါတဲ့ကဏ္ဍကနေ ပါဝင်နေပါတယ်။

ဒါကြောင့် တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ရေးကို စွန့်လွှတ်မယ်ဆိုရင် ဥရောပသမဂ္ဂအတွက် အထိနာစေမဲ့ ဆုံးဖြတ်ချက်ဖြစ်ပါလိမ့်မယ်။

စိုးနိုင်ထွန်း
Ref - CMG | China embraces engagement via BRI without imposing policy dominance unlike the West: former Hungary diplomat