【 နိုင်ငံတကာဆောင်းပါး 】 အာဆီယံနှင့် BRI အနာဂတ်

【 နိုင်ငံတကာဆောင်းပါး 】 အာဆီယံနှင့် BRI အနာဂတ်

ယခုနှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံတွင် ၎င်း၏ အထင်ကရဖြစ်သော BRI ၁၀ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကျင်းပမည်ဖြစ်သည်။

အာဆီယံကဲ့သို့ BRI အဆိုပြုချက်တွင် ထိပ်တန်းပါဝင်သည့် နိုင်ငံများတွင် ၎င်း၏ရင်းနှီးမြှုပ်နှံမှုများကို ပိုးလမ်းမသစ် မဟာဗျူဟာကို ပြန်လည်မွမ်းမံမှုနှင့်အတူ လာမည့်နှစ်များအတွက် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများကို မည်သို့ပြန်လည်လမ်းညွှန်မည်ဆိုသည့် အရိပ်အယောင်များက နိုင်ငံတကာကို အနီးကပ်စောင့်ကြည့်ချင်လောက်အောင် စိတ်ဝင်စားစေခဲ့သည်။

နိုင်ငံအချို့အနေဖြင့် BRI သည် အာရှတစ်ခုတည်းအတွက် ရည်ရွယ်ခြင်းမဟုတ်သည်ကို ယခုထိလက်ခံဖို့ ခဲယဉ်းနေခြင်းပင်ဖြစ်သည်။သို့သော် တရုတ်နိုင်ငံတည်ရှိရာ အာရှဒေသသည် BRI ၏ ပင်မဗဟိုချက်ဖြစ်နေသည်ကတော့ အမှန်ပင်။   

တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု စီးဆင်းမှု၏ အဓိကကျသော လက်ခံသူဖြစ်နေသည့် အာဆီယံသည် ယခုနှစ်အတွင်း တရုတ်စီးပွားရေးပြန်လည်ဖွင့်လှစ်မှုကြောင့် အာဆီယံအတွင်းရှိ Belt and Road Initiative (BRI) ပရောဂျက်များတွင် ပြန်လည်ဦးမော့လာဖွယ်ရှိနေသည်။

တရုတ်နိုင်ငံသည် BRI တွင် ၎င်း၏ အာရုံစိုက်မှုကို ပိုမိုပြင်းထန်သော အန္တရာယ်ထိန်းချုပ်မှုဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ရေရှည်တည်တံ့သော ပရောဂျက်များဆီသို့ ပြန်လည်ချိန်ညှိခြင်းဖြင့် အဆိုပါရင်းနှီးမြှုပ်နှံမှုများ၏ အရည်အသွေး၊ အာရုံစိုက်မှုနှင့် အရွယ်အစားကို အနီးကပ်စောင့်ကြည့်နေရာ ယခင်ကထက် BRI ပရောဂျက်များ အကောင်အထည်ဖော်လာနိုင်သည်ကို တွေ့ရဖွယ်ရှိနေသည်။

ထိုအချက်ကြောင့် ယခု ၂၀၂၃ ခုနှစ်သည် အရှေ့တောင်အာရှတွင် BRI ရင်းနှီးမြှုပ်နှံမှုများအတွက် စိတ်ဝင်စားဖွယ်ကောင်းသော အလှည့်အပြောင်းဖြစ်လာနိုင်သည်။

တရုတ်နိုင်ငံမှ အာဆီယံသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ဆောက်လုပ်ရေးကန်ထရိုက်စာချုပ်များသည် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀.၈ ဘီလီယံမှ ယမန်နှစ် (၂၀၂၂) တွင် အမေရိကန်ဒေါ်လာ ၁၈.၆ ဘီလီယံအထိ မြင့်တက်လာခဲ့ရာ ၇၂ ရာခိုင်နှုန်း တိုးလာခဲ့သည်။သို့သော်လည်း ယင်းသည် ကူးစက်ရောဂါအကြိုငါးနှစ် ပျမ်းမျှ (၂၀၁၅-၂၀၁၉) ၏ အမေရိကန်ဒေါ်လာ ၂၇.၉ ဘီလီယံအောက် လျော့နည်းနေသေးသည်။

တရုတ်နိုင်ငံသည် ၎င်း၏စီးပွားရေးကို အပြည့်အဝပြန်လည်ဖွင့်လှစ်ပြီး အန္တရာယ်ထိန်းချုပ်မှုအပေါ် အလေးပေးသည့် BRI ဖွံ့ဖြိုးတိုးတက်မှု၏ နောက်ထပ်အဆင့်ကို စတင်လိုက်သောကြောင့် အဆိုပါရင်းနှီးမြှုပ်နှံမှုစီးဆင်းမှုများ မြင့်တက်လာဖွယ်ရှိသည်။

ကပ်ရောဂါမဖြစ်ပွားမီတွင် အာဆီယံသည် BRI လက်အောက်ရှိ တရုတ်နိုင်ငံ၏ ပြင်ပရင်းနှီးမြှုပ်နှံမှုများအတွက် သိသာထင်ရှားသော အကျိုးခံစားခွင့်ရှိခဲ့သည်။တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုနှင့် ဆောက်လုပ်ရေး ကန်ထရိုက်စာချုပ်များသည် ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ပျမ်းမျှ အမေရိကန်ဒေါ်လာ ၂၇.၉ ဘီလီယံဝန်းကျင်ရှိပြီး ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀.၈ ဘီလီယံအထိ ကျဆင်းသွားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ၇၂ ရာခိုင်နှုန်းတိုးကာ အမေရိကန်ဒေါ်လာ ၁၈.၆ ဘီလီယံသို့ ပြန်လည်ရောက်ရှိခဲ့ရာ အဓိကအားဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ဆောက်လုပ်ရေးသဘောတူညီချက်များ ပိုမိုအားကောင်းလာခြင်းကြောင့်ဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် အာဆီယံ၌ BRI ၏ ရင်းနှီးမြုပ်နှံမှု ပြန်လည်ဦးမော့လာမှုသည် ကမ္ဘာလုံးဆိုင်ရာ BRI ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းကျဆင်းမှုနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ BRI သည် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အကြား ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁၁၄ ဘီလီယံမှ ၂၀၂၀ ခုနှစ် မှ ၂၀၂၂ ခုနှစ်အတွင်း ပျမ်းမျှ အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံအထိ ကျဆင်းသွားခဲ့သည်။

သိသာသည်မှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုသည် အာဆီယံအတွင်း အင်ဒိုနီးရှား၊ မလေး ရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့တွင် သိသာထင်ရှားစွာ အားကောင်းလာခြင်းဖြစ်သည်။

အနာဂတ် BRI တွင် တရုတ်ရင်းနှီးမြှုပ်နှံသူများနှင့် လက်ခံသူများကြားတွင် ပိုမိုသတိထားလာသည်က အရေအတွက်ထက် အရည်အသွေးကိုဖြစ်ပြီး ၎င်းပြောင်းလဲလာသည့် အချက်သည် အာဆီယံစီမံကိန်းအသစ်များ၏ အဓိကလမ်းညွှန်ချက်နှင့် လက္ခဏာတစ်ရပ်ဖြစ်လာဖွယ်ရှိသည်။

မကြာသေးမီက တရုတ်၏ BRI ရင်းနှီးမြုပ်နှံမှုလမ်းကြောင်းများသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ နည်းပညာနှင့် လျှပ်စစ်ယာဉ်များ (EVs) ကဲ့သို့သော ကဏ္ဍသစ်များသို့ အာရုံပြောင်းသွားသည်ကို ညွှန်ပြနေရာ စွမ်းအင်အတွက် အရေးပါဆဲဖြစ်သည့် ကျောက်မီးသွေးစီမံကိန်းများမှာ ရာသီဥတုပူနွေးလာသော ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရန်အတွက် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုတစ်စိတ်တစ်ပိုင်းအဖြစ် ရပ်ဆိုင်းသွားဖွယ်ရှိနေသည်။ထိုသည်မှာ ကျောက်မီးသွေးဖြင့် စွမ်းအင်အဓိကထုတ်နေသည့် အာရှနိုင်ငံအချို့အတွက် အားလျော့ဖွယ်ဖြစ်သည်။

သို့ရာတွင် ပိုမိုရေရှည်တည်တံ့သော ပဏာမခြေလှမ်းများအဖြစ် တရုတ်သည် BRI ပရောဂျက်များတွင် ဟိုက်ဒရိုဂျင်၊ နေရောင်ခြည်၊ လေအပါအဝင် ၎င်း၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် ရင်းနှီးမြှုပ်နှံမှုများ ဒေသတွင်း နိုင်ငံအနှံ့အပြားတွင် တိုးလာနေသည်ကို ယခုနှစ်အတွင်းမြင်ရသည်။

ယမန်နှစ်၏ စွမ်းအင်စီမံကိန်းများကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ရင်းနှီးမြှုပ်နှံမှုများက လွှမ်းမိုးထားပြီး တရုတ်နိုင်ငံ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုစီးဆင်းမှု၏  ၈၃ ရာခိုင်နှုန်းသည် အာဆီယံစွမ်းအင်ကဏ္ဍသို့ ဦးတည်လျက်ရှိသည်။အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်လာဖွယ်ရှိနိုင်သည့်ကဏ္ဍမှာ နည်းပညာဆိုင်ရာတွင်ဖြစ်သည်။အာဆီယံစီးပွားရေးတွင် အရှိန်အဟုန်ဖြင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို လုပ်ဆောင်နေရာ တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ထိုင်းနိုင်ငံ၏ အရှေ့ဘက်စီးပွားရေးစင်္ကြံနှင့် ဖိလစ်ပိုင်နိုင်ငံ New Clark City ကဲ့သို့သော smart city ဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်နိုင်လာဖွယ်ရှိနေခြင်းဖြစ်သည်။

ထို့အတွက် လာမည့် BRI ၁၀ နှစ်ပြည့် အစည်းအဝေးသည် အာဆီယံတွင် တရုတ်၏ရင်းနှီးမြုပ်နှံမှု မည်မျှထပ်တိုးလာဖွယ်ရှိသည်ကို စောင့်ကြည့်ရတော့မည်ဖြစ်သည်။

လင်းသစ်အောင်