【 နိုင်ငံတကာဆောင်းပါး 】 ၁၀ နှစ်ပြည့် BRI ဖိုရမ်နှင့် အလားအလာများ

【 နိုင်ငံတကာဆောင်းပါး 】 ၁၀ နှစ်ပြည့် BRI ဖိုရမ်နှင့် အလားအလာများ

တရုတ်သမ္မတ ရှီကျင့်ဖျင်၏  “ပိုးလမ်းမ စီးပွားရေးခါးပတ်” နှင့် “၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမ” Belt and Road Initiative (BRI) ကို အဆိုပြုခဲ့သည်မှာ ၁၀ နှစ်ရှိပြီဖြစ်သည်။

ယင်းအဆိုပြုချက်၏ အဓိကရည်ရွယ်ချက်မှာ ရှေးခေတ်ပိုးလမ်းမလမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေရန်နှင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသို့ ကမ္ဘာ့စီးပွားရေးကို ချဲ့ထွင်ရန်အတွက် ကုန်စည်စီးဆင်းမှု၊ အရင်းအနှီး၊ နည်းပညာများနှင့် ပြည်သူများ၏ လွတ်လပ်စွာစီးဆင်းမှုကို မြှင့်တင်လိုသည့် ဆန္ဒအပေါ် အခြေခံ၍ တွန်းအားပေးမှုအသစ်များ ပံ့ပိုးပေးရန်ဖြစ်သည်။

ထိုရည်ရွယ်ချက်ကြောင့်ပင် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း နိုင်ငံပေါင်း ၁၅၀ က  တရုတ်ဗဟိုအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးခြင်းဖြင့် အပြုသဘောဖြင့် တုံ့ပြန်ခဲ့ကြသည်။ထိုဆယ်နှစ်အတွင်း BRI သည် ကြီးမားသောရင်းနှီးမြုပ်နှံမှုဖြင့် ကမ္ဘာ့အနှံခြေဆန့်ကာ နိုင်ငံများ၏ အခြေခံအဆောက်အအုံတည်ဆောက်ခြင်း ပရောဂျက်များ၊ စွမ်းအင်စီမံကိန်းများတွင် အဓိကနေရာယူ လုပ်ဆောင်ခဲ့သည်။

တရုတ်ကုမ္ပဏီများသည် လမ်းများ၊ ရထားလမ်းများ၊ ဆိပ်ကမ်းများ၊ လေဆိပ်များ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် ပိုက်လိုင်းများအပြင် BRCs ရှိ ရာနှင့်ချီသော စက်မှုဇုန်များနှင့် သိပ္ပံဇုန်များ တည်ဆောက်ရန်အတွက် ကြီးမားသော အခြေခံအဆောက်အအုံဆိုင်ရာ ပရောဂျက်များတွင် အမေရိကန်ဒေါ်လာ တစ်ထရီလီယံခန့် ရင်းနှီးမြှုပ်နှံခဲ့သည်။

ထိုဆယ်နှစ်တာအတွင်း BRI သဘောတူညီချက်အတိုင်း လုပ်ဆောင် အကောင်အထည်ဖော်သည့် နိုင်ငံအများစုတွင် ကျေးလက်-မြို့ပြအသွင် ပြောင်းခြင်းနှင့် နည်းပညာနှင့် အသိပညာများ အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်ခြင်းဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စက်မှုလုပ်ငန်းကို လွယ်ကူချောမွေ့စေနိုင်ခဲ့သည်ကို တွေ့ခဲ့ရသည်။ထိုထဲတွင် စိုက်ပျိုးရေးကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးခြင်း၊ အခြေခံအဆောက်အအုံများတည်ဆောက်ခြင်း၊ အရင်းအနှီးတည်ဆောက်ခြင်း၊ ကုန်သွယ်မှုမြှင့်တင်ခြင်းများက ထိုပြောင်းလဲမှုတွင် အဓိကအခန်းကဏ္ဍက ပါဝင်နေလေသည်။

မြင်သာသည့်အချက်မှာ BRI ဆယ်နှစ်တာသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ခြင်းကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ရာတွင် ထင်သာမြင်သာသည့် တိုးတက်ဖြစ်ထွန်းမှုမျိုးကို တွေ့ရခြင်းဖြစ်သည်။ထိုသည်ကို တောင်အမေရိကရှိ BRI သဘောတူညီချက်ရေးထိုးသော နိုင်ငံများတွင် တွေ့ရမည်ဖြစ်သည်။

လာမည့် အောက်တိုဘာလတွင် BRI ဗဟိုချက်ဖြစ်သည့် တရုတ်နိုင်ငံ၊ ပေကျင်းတွင် ကျင်းပမည့် ဆယ်နှစ်ပြည့် BRI ဖိုရမ်သို့ BRI သဘောတူညီချက်တွင် ပါဝင်သည့် နိုင်ငံပေါင်း ၁၅၀ နိုင်ငံမှ ထိပ်တန်းခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သည်။

ကျင်းပပြီးစီးခဲ့သည့် BRI ဖိုရမ် ပထမအကြိမ်နှင့် ဒုတိယအကြိမ်ကို ပြန်ကြည့်ပါက ခေတ်ကာလနှင့် ကိုက်ညီအောင် ပြင်ဆင်ကာ BRI ကို မွမ်းမံခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။နောက်ဆုံးမွမ်းမံမှုအဖြစ် ၂၀၂၂ ခုနှစ် မတ်လက “Opinions on the Joint Implementation of Green Development in the Belt and Road Initiative” စာတမ်းကို ထုတ်ပြန်ခဲ့ရာ ထိုသည်မှာ BRI ၏ စိမ်းလန်းစိုပြည်ရေးဆိုင်ရာ အဓိကမူဝါဒစာတမ်းအဖြစ် နောက်ထပ် ထုတ်ပြန်ခြင်းဖြစ်သည်။ထိုထုတ်ပြန်ချက်အတိုင်း BRI ပရောဂျက်များမှာ သဘာဝပတ်ဝန်းကျင်ကို အလေးပေးလာသဖြင့် BRI ၏ အချိုးအကွေ့တစ်ခုဖြစ်လာသဖြင့် နိုင်ငံတကာက BRI ပရောဂျက်များကို ပိုမိုစိတ်ဝင်စားလာသည်ကိုတွေ့ရမည်ဖြစ်သည်။

ထို့ကြောင့်လည်း ယခုလို ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူရန် နှေးကွေးနေချိန်တွင် BRI တတိယအကြိမ်မြောက် ထိပ်သီးဖိုရမ်ကို နိုင်ငံတကာက စောင့်မျှော်ကြည့်နေကြခြင်းဖြစ်သည်။အထူးသဖြင့် ရင်းနှီးမြုပ်နှံမှုရှားပါးသည့် ယခုလိုအချိန်ကာလတွင် အလုံးအရင်းဖြင့် ရင်းနှီးမြုပ်နှံမှုမျိုးမှာ BRI ပရောဂျက်မှသာ မျှော်လင့်နိုင်ဖွယ်ရှိသည်။သို့ဖြစ်ရာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အဓိကအာရုံစိုက်သည့် BRI ဖိုရမ်အပေါ် နိုင်ငံများစွာက စောင့်ကြည့်နေကြခြင်းဖြစ်သည်။

Belt and Road Initiative အဆိုပြုချက်ကို အစပြုသူ တရုတ်နိုင်ငံသည် လွန်ခဲ့သည့် ၁၀ နှစ်တာကာလအတွင်း ငွေကြေးအမြောက်အမြား ရင်းနှီးမြှပ်နှံခြင်းဖြင့် ထိုအစပျိုးမှုကို ပံ့ပိုးကူညီရန် ကြိုးပမ်းအားထုတ်ခဲ့သည်။

BRI ၏ လုပ်ငန်းစဉ်ကို ကြည့်မည်ဆိုလျှင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းပေါ်တွင်အခြေခံ၍ နိုင်ငံပေါင်း ၁၅၀ ခန့်က ၎င်းတို့၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန် တရုတ်နှင့် အတူတကွလုပ်ဆောင်နေကြခြင်းဖြစ်သည်။ထို့ကြောင့် BRI သည် ကမ္ဘာ့သာယာဝပြောရေးအတွက် အလွန်အရေးပါသည့် အခန်းကဏ္ဍတွင်ရှိနေသလို BRI ၏ ၇၇ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ရာ တိုးတက်သော ကမ္ဘာ့အတွက် BRI ၏ ထမ်းပိုးထားမှုကို မြင်ရမည်ဖြစ်သည်။

နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအတွက် ယခုကျင်းပမည့် တတိယမြောက် ခါးပတ်နှင့် လမ်း ဖိုရမ်သည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးပြီး BRI သည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများအကြား စည်းလုံးညီညွတ်မှု၊ အပြန်အလှန်ချိတ်ဆက်မှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးနိုင်မည်ဟု BRI တွင် ပါဝင်သော နိုင်ငံများက မျှော်လင့်ထားသည်။

၂၀၁၇ ခုနှစ် မေလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပခဲ့သော ပထမအကြိမ် “Belt and Road” နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်သို့ နိုင်ငံပေါင်း ၁၄၀ ကျော်မှ နိုင်ငံခြားဧည့်သည် ၁၆၀၀ ကျော်နှင့် နိုင်ငံခြားရေးဝန်ကြီး ၂၉ ဦးအပါအဝင် နိုင်ငံတကာအဖွဲ့အစည်း ၈၀ ကျော် တက်ရောက်ခဲ့သည်။ထိုဖိုရမ်၏ ခေါင်းစဉ်မှာ “Strengthening International Cooperation, Jointly Building the Belt and Road Initiative, and Achieving Win-win Development” ဖြစ်သည်။

ပထမအကြိမ် ထိပ်သီးဖိုရမ်တွင် အနာဂတ် “Belt and Road” ပူးပေါင်းဆောင်ရွက်မှု၏ ဦးတည်ချက်ကို ရှင်းလင်းပြောကြားခြင်း၊ “Belt and Road” တည်ဆောက်မှုအတွက် တိကျသော လမ်းပြမြေပုံတစ်ခု စီစဉ်ခြင်းနှင့် အဓိက “Belt and Road” ပရောဂျက်များစွာကို ဖော်ထုတ်ခဲ့ကာ ပထမအကြိမ် BRI ထိပ်သီးဆွေးနွေးပွဲသည် ရလဒ်ကောင်းများရရှိခဲ့သည်။

၂၀၁၉ ခုနှစ် ဧပြီလ ၂၅ ရက်မှ ၂၇ ရက်အထိ ပေကျင်းတွင် ဒုတိယအကြိမ် “Belt and Road” နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်ကို ကျင်းပခဲ့သည်။ “Co-building the Belt and Road Initiative and Creating a Better Future” ခေါင်းစဉ်ဖြင့် ကျင်းပသည့် ထိုဖိုရမ်သို့ နိုင်ငံပေါင်း ၁၅၀ မှ နိုင်ငံခြာ ဧည့်သည် ၆၀၀၀ ကျော်နှင့် နိုင်ငံတကာအဖွဲ့အစည်း ၉၂ ခု တက်ရောက်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ၃၇ ဦး၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မန်နေဂျင်းဒါရိုက်တာတို့ ပါဝင်တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် အရည်အသွေးမြင့်မားသော “Belt and Road” ကို ပူးတွဲတည်ဆောက်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်မှု မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်ရာတွင် အရေးကြီးသော သဘောတူညီချက်တစ်ရပ်ကိုရရှိခဲ့ပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ရလဒ်များ ထွက်ပေါ်ခဲ့သည်။

ထို ၂၀၁၉ နောက်ပိုင်း BRI ထိပ်သီးညီလာခံကို ကိုဗစ်ကပ်ဘေးကြောင့် ဗီဒီယိုကွန်ဖရင့်ဖြင့် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် ကျင်းပခဲ့သည်။သို့ဖြစ်ရာ ယခုအကြိမ်သည့် တတိယအကြိမ်မြောက်ဖြစ်ပြီး နိုင်ငံတကာတွင် တင်းမာမှုပေါင်းများစွာ ဖြစ်ပေါ်နေရာ တိုးတက်ဖွံ့ဖြိုးမှုမှာ နိုင်ငံရေးပြဿာနာများနောက် ရောက်နေသည်။ BRI မှာမူ နိုင်ငံရေးပြဿနာထက် BRI တွင်ပါဝင်သော နိုင်ငံပေါင်း ၁၅၂ နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးမှုကို အကောင်အထည်ဖော်နိုင်မည့်BRI ပရောဂျက်များ၊ကုန်သွယ်မှုလမ်းကြောင်းများ ချိတ်ဆက်ပူးပေါင်းခြင်းနှင့် ရင်းနှီးမြုပ်နှံမှုများအကြောင်းကို အာရုံစိုက်ဆွေးနွေးရန် အဓိကဖြစ်သည်။သို့ဖြစ်ရာ BRI ၏ တတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲဖိုရမ်က ကမ္ဘာ့စီးပွားရေးအတွက် တစ်မျိုးတစ်ဖုံအကျိုးသက်ရောက်ဖွယ်ရှိနေနိုင်သည်။

အထူးသဖြင့် ကျဆင်းနေသည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွင် BRI ကြောင့် ပြန်လည်ကောင်းမွန်လာနိုင်သည့် အလားအလာဖြစ်သည်။ယခုအချိန်ထိ BRI ဆယ်နှစ်တာကို ပြန်ကြည့်ပါက ပူးပေါင်းဆောင်ရွက်ရေး အစပြုမှုဖြင့် “ဆန်းသစ်တီထွင်မှုဆီသို့ လမ်းကြောင်း” နှင့် “အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှု လမ်းညွှန်မူများ” နှင့် အခြားသော ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များ ထုတ်ပြန်ခြင်းတို့ဖြင့် “ဂုဏ်သိက္ခာရှိသည့် ပိုးလမ်း” ကို ပေကျင်းက အစပြုနေသည်ကို တွေ့ရမည်ဖြစ်သည်။

သို့ဖြစ်ရာ ယခုကျင်းပမည့် ဖိုရမ်တွင် BRI သည် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုဖြင့် ကမ္ဘာ့အတွက် ကောင်းမွန်ထိရောက်သည့် အသီးအပွင့်ရလဒ်များရရှိစေပြီး BRI ၏ ယန္တရားသည် ပိုမိုပြီးပြည့်စုံလာမည့် အလားအလာကို တွေ့မြင်ရဖွယ်ရှိလေသည်။

လင်းသစ်အောင်