【 ဆောင်းပါး 】 ''ခုတ်ရာတခြား ရှရာတခြား''

【 ဆောင်းပါး 】 ''ခုတ်ရာတခြား ရှရာတခြား''

တစ်ခါတလေမှာ ကောင်းစေချင်လို့လုပ်ကာမှ ပိုဆိုးသွားတာမျိုးလည်းရှိတတ်ပါတယ်။ဒါကြောင့်မို့ ပြင်လွန်းရင် ဖင်မချွန်းရလေအောင် တော်သင့်ရုံပဲလုပ်ရမယ့်ကိစ္စတွေမှာ တော်ရုံတန်ရုံပဲလုပ်ကြပါလို့ လူကြီးသူမတွေ ဆုံးမလေ့ရှိတာလည်း ကြားဖူးပါတယ်။

ပြီးခဲ့တဲ့တစ်ရက်က ကိစ္စတစ်ခုနဲ့ မြို့ထဲမှာ မိတ်ဆွေတစ်ယောက်နဲ့တွေ့ဖြစ်ပါတယ်။မထင်မှတ်ပဲတွေ့ကြတာတော့ မဟုတ်ပါဘူး။သူ့ရဲ့ပုဂ္ဂိုလ်ရေးကိစ္စတစ်ခုအတွက် တိုင်ပင်ဖို့ သူငယ်ချင်းနှစ်ယောက် တမင်ချိန်းပြီးဆုံဖြစ်ကြတဲ့သဘောပါ။သူလက်ရှိကြုံနေရတဲ့ ဆွေးမျိုးရင်းချာတစ်ယောက်ရဲ့အမှုကိစ္စအတွက် တိုင်ပင်တဲ့သဘောပေါ့။

သူအဓိကသိချင်တာက မြန်မာနိုင်ငံမှာ ဥပဒေတွေအများကြီးရှိတယ်ပေါ့။ဆင်တူယိုးမှားတွေလည်း ရှိတယ်ပေါ့။အဲဒီလိုဆင်တူယိုးမှားဥပဒေတချို့က အမှုအကြောင်းအရာတစ်ခုတည်းအပေါ်မှာ ဘယ်ဥပဒေနဲ့အရေးယူယူ ရတဲ့သဘောနဲ့ပတ်သက်ပြီး သူကသိချင်တာဖြစ်ပါတယ်။

အကြောင်းချင်းရာပြဿနာတစ်ခုကို ဘယ်ဥပဒေနဲ့အရေးယူယူ ရ၊ မရ ဆိုတာနဲ့ပတ်သက်လို့ မိတ်ဆွေဖြစ်သူကိုပြောပြရင်း နောက်ဆက်တွဲအနေနဲ့ အများသိသင့်တယ်ထင်တဲ့ ဥပဒေအကြောင်းရာအနည်းငယ်ကိုပါ ရှင်းပြချင်တာမို့ ဒီစာကိုရေးဖြစ်တာဖြစ်ပါတယ်။

ကနဦးပြောလိုတာက ပြစ်မှုဆိုင်ရာ အကြောင်းချင်းရာတစ်ခု ပေါ်ပေါက်လာပြီဆိုရင် များသောအားဖြင့် သူနဲ့တိုက်ရိုက်သက်ဆိုင်တဲ့ ပြစ်မှုအထူးဥပဒေ ပြဋ္ဌာန်းထား၊ မထား အရင်ကြည့်ရပါမယ်။ပြစ်မှုအထူးဥပဒေ မရှိမှသာ ယေဘုယျဥပဒေဖြစ်တဲ့ ရာဇသတ်ကြီးနဲ့ အရေးယူဆောင်ရွက်ဖို့ စဉ်းစားရတာဖြစ်ပါတယ်။ဥပမာ - လူသတ်မှု၊ နာကျင်စေမှုဆို သီးခြားဥပဒေမရှိပါဘူး။ဒီတော့ ရာဇသတ်ကြီးဥပဒေပုဒ်မတွေ၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပြဋ္ဌာန်းချက်တွေအတိုင်း အရေးယူဆောင်ရွက်ရတာဖြစ်ပါတယ်။ဒါပေမယ့် တချို့ဆင်တူယိုးမှားဖြစ်စေတဲ့ ဥပဒေတချို့ ရှိပါတယ်။ဥပမာ - ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေနဲ့ အများနှင့်သက်ဆိုင်သောပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေးဥပဒေက ဆင်တူယိုးမှားဖြစ်ပါတယ်။ဒါပေမယ့် အမှုအကြောင်းချင်းရာက ဘယ်ဥပဒေနဲ့ ပိုသက်ဆိုင်၊ မဆိုင် ဆိုတာကို ဥပဒေရုံးက ဆုံးဖြတ်အကြံပေးရတာဖြစ်ပါတယ်။

အဲဒီလိုပဲ အလားတူ ဆင်တူယိုးမှားဥပဒေတွေ ရှိပါသေးတယ်။ဆက်သွယ်ရေးဥပဒေနဲ့ အီလက်ထရွန်းနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အခြားပြစ်မှုအထူးဥပဒေတွေမှာပါတဲ့ လာဘ်စားမှုကို အရေးယူတဲ့ပုဒ်မတွေ၊ ဒီလိုမျိုးဆင်တူယိုးမှားဥပဒေတချို့က အကြောင်းအရာတစ်ခုတည်းပေါ်မှာ ဘာနဲ့အရေးယူယူရသလို ဖြစ်နေတာမျိုးတွေလည်း တွေ့ရမှာဖြစ်ပါတယ်။

အဲဒီလိုအခြေအနေမှာ ဘာနဲ့ဆုံးဖြတ်လဲဆိုတော့ ဖြစ်စဉ်နဲ့တိုက်ရိုက်သက်ဆိုင်တဲ့ အထူးဥပဒေမှာ သီးခြားပြဌာန်းချက်ပါ၊ မပါဆိုတာ ကြည့်ရပါမယ်။ဘယ်လိုသီးခြားပြဌာန်းချက်မျိုးလဲဆိုတော့ နမူနာပြောပါမယ်။အဂတိလိုက်စားမှုမှန်သမျှကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရပဲ အရေးယူရမယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၆၈ မှာ ပြဋ္ဌာန်းထားတဲ့ သီခြားပြဋ္ဌာန်းချက်မျိုးကို ဆိုလိုတာဖြစ်ပါတယ်။အဲဒီလိုပြဋ္ဌာန်းချက်ပါနေပြီဆိုရင်တော့ အဖြေကရှင်းပါတယ်။အဂတိလိုက်စားမှုကို အရေးယူနိုင်တဲ့ ပြဌာန်းချက်တွေ၊ ပြစ်ဒဏ်အနည်းအများတွေ ဆင်တူယိုးမှား ဥပဒေအမျိုးမျိုးတွေ ဘယ်လိုပဲပြဋ္ဌာန်းထားထား အထူးဥပဒေ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတစ်ခုတည်းနဲ့ပဲ အရေးယူနိုင်မှာဖြစ်ပါတယ်။

နောက်တစ်ခါ ပြစ်မှုတစ်ခုကိုအရေးယူဖို့ ဆင်တူယိုးမှားဥပဒေနှစ်ခုမှာ ပြဌာန်းချက်တစ်ချက်ဟာ ကွဲလွဲဆန့်ကျင်နေပြီဆိုရင်တော့ နောက်မှပြဋ္ဌာန်းထားတဲ့ ဥပဒေပြဋ္ဌာန်းချက်ကိုပဲ အတည်ယူရမှာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်လို့ ၁၉၇၃ ခုနှစ် စကားရပ်များ အနက်အဓိပ္ပါယ်ဖွင့်ဆိုရေး ဥပဒေပုဒ်မ-၃ (ဆ) မှာ ဒီလိုဆိုပါတယ်။

''ရှေးဦးကျသော ဥပဒေပြဌာန်းချက်တစ်ရပ်နှင့် နောက်ကျသော ဥပဒေပြဌာန်းချက်တစ်ရပ်တို့ ကွဲလွဲဆန့်ကျင်နေပါက နောက်ကျသော ဥပဒေပြဋ္ဌာန်းချက်သည် အတည်ဖြစ်စေရမည်'' ဆိုပြီး ပုဒ်မ ၃ (ဆ) မှာ ဆိုထားတာဖြစ်ပါတယ်။

အကြောင်းအရာတစ်ခုအပေါ်မှာ ဥပဒေအရချဉ်းကပ်တော့မယ်ဆိုရင် ထိရောက်စေချင်လို့ရွေးကာမှ ဥပဒေအရွေးမှားမယ်ဆိုရင် ခုတ်ရာတခြား ရှရာတခြားဖြစ်မှာ သေချာပါတယ်။အခုနောက်ပိုင်း ဥပဒေအသစ် ရေးဆွဲမှုတွေလည်း အများကြီးရှိနေပါတယ်။လိုအပ်လို့ ဥပဒေအသစ်ရေးဆွဲရတာတွေရှိသလို အသစ်ရေးဆွဲလို့ နောက်ကနေ တစ်သီကြီးလိုက်ပြင်နေရတဲ့ ဥပမာတွေလည်း အများကြီးရှိပါတယ်။အဲဒီတော့ တရားဥပဒေ ပိုမိုစိုးမိုးစေချင်လို့ ပိုမိုထိရောက်စေချင်လို့ အသစ်ရေးဆွဲကာမှ အဟောင်းတွေထဲက အာဏာတည်ဆဲဥပဒေတွေလည်း ဆက်သုံးမရ၊ အသစ်ကလည်း အားနည်းပြီးမပြည့်စုံ၊ အဲဒီလိုတွေမကြုံရဖို့လိုပါတယ်။

အခုတလော မှုခင်းဖြစ်စဉ်တွေအပေါ် ပြည်သူတချို့က ဒီလိုသုံးသပ်ပါတယ်။ဖြစ်စဉ်မှာ အထူးဥပဒေနဲ့သက်ဆိုင်တဲ့ ပြစ်မှုခေါင်းစဉ်ဆွဲထုတ်လို့ရတာနဲ့ ပြစ်မှုအထူးဥပဒေနဲ့ အရေးယူစေချင်တဲ့သဘောတွေ တွေ့ရပါတယ်။အဲဒီလိုသုံးသပ်ဝေဖန်တဲ့သူတွေထဲမှာ အများစုရဲ့ဆန္ဒက ကျူးလွန်သူကို ပိုမိုထိရောက်တဲ့ပြစ်ဒဏ် ပေးချင်လို့ပြောတယ်ဆိုတာ ပေါ်လွင်ပါတယ်။ဒါပေမယ့်တချို့ကိစ္စတွေက ယေဘုယျ ဥပဒေရာဇသတ်ကြီးနဲ့ အရေးမယူဘဲ ပြစ်မှုအထူးဥပဒေနဲ့ အရေးယူကာမှ ပြစ်ဒဏ်လျော့သွားနိုင်တာမျိုးတွေရှိပါတယ်။

ဆိုပါစို့ ကလေးသူငယ်ကို ဒီဇယ်လောင်းပြီး မီးရှို့တဲ့ဖြစ်စဉ်တစ်ခု ဖြစ်တယ်ဆိုပါတော့။ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့အရေးယူသင့်လား၊ ယေဘုယျဥပဒေနဲ့ အရေးယူသင့်လားဆိုပြီးမေးရင် တချို့က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရပဲ အရေးယူစေချင်ကောင်း ယူစေချင်ပါလိမ့်မယ်။သူတို့စိတ်ထဲထင်တာက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့အရေးယူရင် ယေဘုယျဥပဒေဖြစ်တဲ့ ရာဇသတ်ကြီးထက် ပိုမိုထိရောက်မယ်ထင်လို့ပါ။

အမှန်က ဒီလိုဖြစ်စဉ်ဆိုရင် နစ်နာသူကလေးသူငယ်ဖြစ်နေပေမယ့် ရာဇသတ်ကြီးနဲ့ပဲ အရေးယူရမှာဖြစ်ပါတယ်။ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့ ဘာလို့အရေးယူလို့မရလဲဆိုတာကို ရှင်းပြပါမယ်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေမှာ ကလေးငယ်ကို အပြင်းအထန်နာကျင်စေအောင် ပြုမူတာနဲ့ပတ်သက်လို့ ထိရောက်စွာအရေးယူလို့ရတဲ့ပုဒ်မ မပါလို့ဖြစ်ပါတယ်။ဒီနေရာမှာ တချို့က ငြင်းချင်စရာအချက်တွေ ရှိချင်ရှိပါလိမ့်မယ်။

''မည်သူမဆို ကလေးသူငယ်အား နှိပ်စက်ညှဉ်းပမ်းမှု၊ ရက်စက်ကြမ်းကြုတ်မှု၊လူမဆန်သော (သို့မဟုတ်) ဂုဏ်သိက္ခာကျဆင်းစေသော နှိမ့်ချပြုမူဆက်ဆံမှုတို့ ပြုကျင့်ခြင်းကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးရှစ်လမှ အများဆုံးငါးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် အနည်းဆုံး ကျပ်ရှစ်သိန်းမှ အများဆုံး ကျပ် ၁၆ သိန်းအထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်'' ဆိုပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၃ (က) (၅) မှာ ပြဌာန်းထားပါတယ်။

''ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်သူအား ဤဥပဒေဖြင့်သာ အရေးယူဆောင်ရွက်ရမည်'' ဆိုပြီး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၁၉ မှာ ပြဌာန်းထားပါတယ်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၃ (က) (၅) နဲ့ ၁၁၉ ရဲ့ ပြဌာန်းချက်တွေကိုကြည့်ပြီး တချို့က ဒီဥပဒေနဲ့ပဲ အရေးယူသင့်တယ်လို့ ငြင်းချင်ငြင်းကြပါလိမ့်မယ်။

ဒီနေရာမှာပြောလိုတာက ပထမတစ်ချက်အနေနဲ့ ပုဒ်မ - ၁၀၃ က ကလေးသူငယ်ကို အပြင်းအထန်နာကျင်စေမှုကို အရေးယူနိုင်တဲ့ တိုက်ရိုက်သီးခြားပြဋ္ဌာန်းချက်မျိုး မဟုတ်ပါဘူး။ဒုတိယတစ်ချက်အနေနဲ့ ပြောလိုတာက ကလေးသူငယ်ကို အပြင်းအထန်နာကျင်စေမှုဆိုင်ရာ အနီးစပ်ဆုံးအရေးယူလို့ရတဲ့ ပြဌာန်းချက်က အဲဒီဥပဒေမှာ ပုဒ်မ - ၁၀၃ မှာပဲပါပြီး တခြားနေရာမှာ ပြဋ္ဌာန်းထားတာ မတွေ့ရပါဘူး။တတိယအချက်အနေနဲ့ ပြောလိုတာက အဲဒီဥပဒေရဲ့ ပုဒ်မ - ၁၁၉ မှာ ဆိုလိုတာက ဒီဥပဒေပါပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်သူကို ဒီဥပဒေနဲ့ပဲ အရေးယူဆောင်ရွက်ရမယ်လို့ ဆိုလိုတာပါ။ဒီဥပဒေမှာမပါတဲ့ ပြစ်မှုဆိုရင်တော့ တခြားဥပဒေနဲ့ အရေးယူလို့ရအောင် ပြဌာန်းထားတဲ့သဘော တွေ့ရပါတယ်။စတုတ္ထအချက်အနေနဲ့ ပြောလိုတာက ပုဒ်မ - ၁၀၃ နဲ့ အတင်းဇွတ်မှိတ်အရေးယူဖို့ လုပ်မယ်ဆိုရင်တောင် ထောင်ဒဏ်က ငါးနှစ်ထိပဲချလို့ရပါတယ်။

အဲဒီတော့မေးစရာရှိပါတယ်။ကလေးသူငယ်ကို ဒီဇယ်လောင်းပြီး မီးရှို့တဲ့ကိစ္စမျိုးမှာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့အရေးမယူဘဲ တခြားဘယ်ဥပဒေနဲ့ အရေးယူရင် ပိုထိရောက်မလဲပေါ့။ပိုထိရောက်မယ့်ဥပဒေက ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၃၂၆ ဖြစ်ပါတယ်။
အဲဒီပုဒ်မက ဘေးဖြစ်စေတတ်တဲ့အရာနဲ့ မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေမှုတွေကို အရေးယူတဲ့ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ်နှစ် နှစ်ဆယ်အထိဖြစ်ဖြစ်၊ ဆယ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်ဖြစ် ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်းချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

ဒါကြောင့်မို့ ဒီလိုမျိုးဖြစ်စဉ်မှာ ပိုမိုထိရောက်စေချင်လို့ ယေဘုယျဥပဒေဖြစ်တဲ့ ရာဇသတ်ကြီးနဲ့ အရေးမယူဘဲ သီးခြားပြစ်မှုအထူးဥပဒေဖြစ်တဲ့ ကလးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့သာ အရေးယူလိုက်မယ်ဆိုရင် အထက်မှာပြောခဲ့သလိုပဲ တော်သင့်ရုံပဲလုပ်ရမယ့်ကိစ္စမှာ ကောင်းစေချင်လို့ပိုလုပ်ကာမှ ပြင်လွန်းဖင်ချွန်းပြီး ခုတ်ရာတခြား ရှရာတခြား ဖြစ်သွားပါလိမ့်မယ်လို့ အပြုသဘောဆောင် အကြုံပြုလိုက်ပါရစေ။

သာဓက
မတ် - ၄

( Zawgyi )

တစ္ခါတေလမွာ ေကာင္းေစခ်င္လို႔လုပ္ကာမွ ပိုဆိုးသြားတာမ်ိဳးလည္းရွိတတ္ပါတယ္။ဒါေၾကာင့္မို႔ ျပင္လြန္းရင္ ဖင္မခြၽန္းရေလေအာင္ ေတာ္သင့္႐ုံပဲလုပ္ရမယ့္ကိစၥေတြမွာ ေတာ္႐ုံတန္႐ုံပဲလုပ္ၾကပါလို႔ လူႀကီးသူမေတြ ဆုံးမေလ့ရွိတာလည္း ၾကားဖူးပါတယ္။

ၿပီးခဲ့တဲ့တစ္ရက္က ကိစၥတစ္ခုနဲ႔ ၿမိဳ႕ထဲမွာ မိတ္ေဆြတစ္ေယာက္နဲ႔ေတြ႕ျဖစ္ပါတယ္။မထင္မွတ္ပဲေတြ႕ၾကတာေတာ့ မဟုတ္ပါဘူး။သူ႔ရဲ႕ပုဂၢိဳလ္ေရးကိစၥတစ္ခုအတြက္ တိုင္ပင္ဖို႔ သူငယ္ခ်င္းႏွစ္ေယာက္ တမင္ခ်ိန္းၿပီးဆုံျဖစ္ၾကတဲ့သေဘာပါ။သူလက္ရွိႀကဳံေနရတဲ့ ေဆြးမ်ိဳးရင္းခ်ာတစ္ေယာက္ရဲ႕အမႈကိစၥအတြက္ တိုင္ပင္တဲ့သေဘာေပါ့။

သူအဓိကသိခ်င္တာက ျမန္မာႏိုင္ငံမွာ ဥပေဒေတြအမ်ားႀကီးရွိတယ္ေပါ့။ဆင္တူယိုးမွားေတြလည္း ရွိတယ္ေပါ့။အဲဒီလိုဆင္တူယိုးမွားဥပေဒတခ်ိဳ႕က အမႈအေၾကာင္းအရာတစ္ခုတည္းအေပၚမွာ ဘယ္ဥပေဒနဲ႔အေရးယူယူ ရတဲ့သေဘာနဲ႔ပတ္သက္ၿပီး သူကသိခ်င္တာျဖစ္ပါတယ္။

အေၾကာင္းခ်င္းရာျပႆနာတစ္ခုကို ဘယ္ဥပေဒနဲ႔အေရးယူယူ ရ၊ မရ ဆိုတာနဲ႔ပတ္သက္လို႔ မိတ္ေဆြျဖစ္သူကိုေျပာျပရင္း ေနာက္ဆက္တြဲအေနနဲ႔ အမ်ားသိသင့္တယ္ထင္တဲ့ ဥပေဒအေၾကာင္းရာအနည္းငယ္ကိုပါ ရွင္းျပခ်င္တာမို႔ ဒီစာကိုေရးျဖစ္တာျဖစ္ပါတယ္။

ကနဦးေျပာလိုတာက ျပစ္မႈဆိုင္ရာ အေၾကာင္းခ်င္းရာတစ္ခု ေပၚေပါက္လာၿပီဆိုရင္ မ်ားေသာအားျဖင့္ သူနဲ႔တိုက္႐ိုက္သက္ဆိုင္တဲ့ ျပစ္မႈအထူးဥပေဒ ျပ႒ာန္းထား၊ မထား အရင္ၾကည့္ရပါမယ္။ျပစ္မႈအထူးဥပေဒ မရွိမွသာ ေယဘုယ်ဥပေဒျဖစ္တဲ့ ရာဇသတ္ႀကီးနဲ႔ အေရးယူေဆာင္႐ြက္ဖို႔ စဥ္းစားရတာျဖစ္ပါတယ္။ဥပမာ - လူသတ္မႈ၊ နာက်င္ေစမႈဆို သီးျခားဥပေဒမရွိပါဘူး။ဒီေတာ့ ရာဇသတ္ႀကီးဥပေဒပုဒ္မေတြ၊ ရာဇဝတ္က်င့္ထုံး ဥပေဒျပ႒ာန္းခ်က္ေတြအတိုင္း အေရးယူေဆာင္႐ြက္ရတာျဖစ္ပါတယ္။ဒါေပမယ့္ တခ်ိဳ႕ဆင္တူယိုးမွားျဖစ္ေစတဲ့ ဥပေဒတခ်ိဳ႕ ရွိပါတယ္။ဥပမာ - ျပည္သူပိုင္ပစၥည္း ကာကြယ္ေစာင့္ေရွာက္ေရးဥပေဒနဲ႔ အမ်ားႏွင့္သက္ဆိုင္ေသာပစၥည္းမ်ား ကာကြယ္ေစာင့္ေရွာက္ေရးဥပေဒက ဆင္တူယိုးမွားျဖစ္ပါတယ္။ဒါေပမယ့္ အမႈအေၾကာင္းခ်င္းရာက ဘယ္ဥပေဒနဲ႔ ပိုသက္ဆိုင္၊ မဆိုင္ ဆိုတာကို ဥပေဒ႐ုံးက ဆုံးျဖတ္အႀကံေပးရတာျဖစ္ပါတယ္။

အဲဒီလိုပဲ အလားတူ ဆင္တူယိုးမွားဥပေဒေတြ ရွိပါေသးတယ္။ဆက္သြယ္ေရးဥပေဒနဲ႔ အီလက္ထ႐ြန္းနစ္ ဆက္သြယ္ေဆာင္႐ြက္ေရးဥပေဒ၊ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒနဲ႔ အျခားျပစ္မႈအထူးဥပေဒေတြမွာပါတဲ့ လာဘ္စားမႈကို အေရးယူတဲ့ပုဒ္မေတြ၊ ဒီလိုမ်ိဳးဆင္တူယိုးမွားဥပေဒတခ်ိဳ႕က အေၾကာင္းအရာတစ္ခုတည္းေပၚမွာ ဘာနဲ႔အေရးယူယူရသလို ျဖစ္ေနတာမ်ိဳးေတြလည္း ေတြ႕ရမွာျဖစ္ပါတယ္။

အဲဒီလိုအေျခအေနမွာ ဘာနဲ႔ဆုံးျဖတ္လဲဆိုေတာ့ ျဖစ္စဥ္နဲ႔တိုက္႐ိုက္သက္ဆိုင္တဲ့ အထူးဥပေဒမွာ သီးျခားျပဌာန္းခ်က္ပါ၊ မပါဆိုတာ ၾကည့္ရပါမယ္။ဘယ္လိုသီးျခားျပဌာန္းခ်က္မ်ိဳးလဲဆိုေတာ့ နမူနာေျပာပါမယ္။အဂတိလိုက္စားမႈမွန္သမွ်ကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒအရပဲ အေရးယူရမယ္လို႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မ-၆၈ မွာ ျပ႒ာန္းထားတဲ့ သီျခားျပ႒ာန္းခ်က္မ်ိဳးကို ဆိုလိုတာျဖစ္ပါတယ္။အဲဒီလိုျပ႒ာန္းခ်က္ပါေနၿပီဆိုရင္ေတာ့ အေျဖကရွင္းပါတယ္။အဂတိလိုက္စားမႈကို အေရးယူႏိုင္တဲ့ ျပဌာန္းခ်က္ေတြ၊ ျပစ္ဒဏ္အနည္းအမ်ားေတြ ဆင္တူယိုးမွား ဥပေဒအမ်ိဳးမ်ိဳးေတြ ဘယ္လိုပဲျပ႒ာန္းထားထား အထူးဥပေဒ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒတစ္ခုတည္းနဲ႔ပဲ အေရးယူႏိုင္မွာျဖစ္ပါတယ္။

ေနာက္တစ္ခါ ျပစ္မႈတစ္ခုကိုအေရးယူဖို႔ ဆင္တူယိုးမွားဥပေဒႏွစ္ခုမွာ ျပဌာန္းခ်က္တစ္ခ်က္ဟာ ကြဲလြဲဆန႔္က်င္ေနၿပီဆိုရင္ေတာ့ ေနာက္မွျပ႒ာန္းထားတဲ့ ဥပေဒျပ႒ာန္းခ်က္ကိုပဲ အတည္ယူရမွာျဖစ္ပါတယ္။ဒါနဲ႔ပတ္သက္လို႔ ၁၉၇၃ ခုႏွစ္ စကားရပ္မ်ား အနက္အဓိပၸါယ္ဖြင့္ဆိုေရး ဥပေဒပုဒ္မ-၃ (ဆ) မွာ ဒီလိုဆိုပါတယ္။

''ေရွးဦးက်ေသာ ဥပေဒျပဌာန္းခ်က္တစ္ရပ္ႏွင့္ ေနာက္က်ေသာ ဥပေဒျပဌာန္းခ်က္တစ္ရပ္တို႔ ကြဲလြဲဆန႔္က်င္ေနပါက ေနာက္က်ေသာ ဥပေဒျပ႒ာန္းခ်က္သည္ အတည္ျဖစ္ေစရမည္'' ဆိုၿပီး ပုဒ္မ ၃ (ဆ) မွာ ဆိုထားတာျဖစ္ပါတယ္။

အေၾကာင္းအရာတစ္ခုအေပၚမွာ ဥပေဒအရခ်ဥ္းကပ္ေတာ့မယ္ဆိုရင္ ထိေရာက္ေစခ်င္လို႔ေ႐ြးကာမွ ဥပေဒအေ႐ြးမွားမယ္ဆိုရင္ ခုတ္ရာတျခား ရွရာတျခားျဖစ္မွာ ေသခ်ာပါတယ္။အခုေနာက္ပိုင္း ဥပေဒအသစ္ ေရးဆြဲမႈေတြလည္း အမ်ားႀကီးရွိေနပါတယ္။လိုအပ္လို႔ ဥပေဒအသစ္ေရးဆြဲရတာေတြရွိသလို အသစ္ေရးဆြဲလို႔ ေနာက္ကေန တစ္သီႀကီးလိုက္ျပင္ေနရတဲ့ ဥပမာေတြလည္း အမ်ားႀကီးရွိပါတယ္။အဲဒီေတာ့ တရားဥပေဒ ပိုမိုစိုးမိုးေစခ်င္လို႔ ပိုမိုထိေရာက္ေစခ်င္လို႔ အသစ္ေရးဆြဲကာမွ အေဟာင္းေတြထဲက အာဏာတည္ဆဲဥပေဒေတြလည္း ဆက္သုံးမရ၊ အသစ္ကလည္း အားနည္းၿပီးမျပည့္စုံ၊ အဲဒီလိုေတြမႀကဳံရဖို႔လိုပါတယ္။

အခုတေလာ မႈခင္းျဖစ္စဥ္ေတြအေပၚ ျပည္သူတခ်ိဳ႕က ဒီလိုသုံးသပ္ပါတယ္။ျဖစ္စဥ္မွာ အထူးဥပေဒနဲ႔သက္ဆိုင္တဲ့ ျပစ္မႈေခါင္းစဥ္ဆြဲထုတ္လို႔ရတာနဲ႔ ျပစ္မႈအထူးဥပေဒနဲ႔ အေရးယူေစခ်င္တဲ့သေဘာေတြ ေတြ႕ရပါတယ္။အဲဒီလိုသုံးသပ္ေဝဖန္တဲ့သူေတြထဲမွာ အမ်ားစုရဲ႕ဆႏၵက က်ဴးလြန္သူကို ပိုမိုထိေရာက္တဲ့ျပစ္ဒဏ္ ေပးခ်င္လို႔ေျပာတယ္ဆိုတာ ေပၚလြင္ပါတယ္။ဒါေပမယ့္တခ်ိဳ႕ကိစၥေတြက ေယဘုယ် ဥပေဒရာဇသတ္ႀကီးနဲ႔ အေရးမယူဘဲ ျပစ္မႈအထူးဥပေဒနဲ႔ အေရးယူကာမွ ျပစ္ဒဏ္ေလ်ာ့သြားႏိုင္တာမ်ိဳးေတြရွိပါတယ္။

ဆိုပါစို႔ ကေလးသူငယ္ကို ဒီဇယ္ေလာင္းၿပီး မီးရႈိ႕တဲ့ျဖစ္စဥ္တစ္ခု ျဖစ္တယ္ဆိုပါေတာ့။ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒနဲ႔အေရးယူသင့္လား၊ ေယဘုယ်ဥပေဒနဲ႔ အေရးယူသင့္လားဆိုၿပီးေမးရင္ တခ်ိဳ႕က ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒအရပဲ အေရးယူေစခ်င္ေကာင္း ယူေစခ်င္ပါလိမ့္မယ္။သူတို႔စိတ္ထဲထင္တာက ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒနဲ႔အေရးယူရင္ ေယဘုယ်ဥပေဒျဖစ္တဲ့ ရာဇသတ္ႀကီးထက္ ပိုမိုထိေရာက္မယ္ထင္လို႔ပါ။

အမွန္က ဒီလိုျဖစ္စဥ္ဆိုရင္ နစ္နာသူကေလးသူငယ္ျဖစ္ေနေပမယ့္ ရာဇသတ္ႀကီးနဲ႔ပဲ အေရးယူရမွာျဖစ္ပါတယ္။ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒနဲ႔ ဘာလို႔အေရးယူလို႔မရလဲဆိုတာကို ရွင္းျပပါမယ္။

ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒမွာ ကေလးငယ္ကို အျပင္းအထန္နာက်င္ေစေအာင္ ျပဳမူတာနဲ႔ပတ္သက္လို႔ ထိေရာက္စြာအေရးယူလို႔ရတဲ့ပုဒ္မ မပါလို႔ျဖစ္ပါတယ္။ဒီေနရာမွာ တခ်ိဳ႕က ျငင္းခ်င္စရာအခ်က္ေတြ ရွိခ်င္ရွိပါလိမ့္မယ္။

''မည္သူမဆို ကေလးသူငယ္အား ႏွိပ္စက္ညႇဥ္းပမ္းမႈ၊ ရက္စက္ၾကမ္းၾကဳတ္မႈ၊လူမဆန္ေသာ (သို႔မဟုတ္) ဂုဏ္သိကၡာက်ဆင္းေစေသာ ႏွိမ့္ခ်ျပဳမူဆက္ဆံမႈတို႔ ျပဳက်င့္ျခင္းကို က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားစီရင္ျခင္းခံရလွ်င္ ထိုသူကို အနည္းဆုံးရွစ္လမွ အမ်ားဆုံးငါးႏွစ္အထိ ေထာင္ဒဏ္ခ်မွတ္ရမယ့္အျပင္ အနည္းဆုံး က်ပ္ရွစ္သိန္းမွ အမ်ားဆုံး က်ပ္ ၁၆ သိန္းအထိ ေငြဒဏ္လည္း ခ်မွတ္ႏိုင္သည္'' ဆိုၿပီး ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၀၃ (က) (၅) မွာ ျပဌာန္းထားပါတယ္။

''ဤဥပေဒပါ ျပစ္မႈတစ္ရပ္ရပ္ကို က်ဴးလြန္သူအား ဤဥပေဒျဖင့္သာ အေရးယူေဆာင္႐ြက္ရမည္'' ဆိုၿပီး ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၁၉ မွာ ျပဌာန္းထားပါတယ္။

ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၀၃ (က) (၅) နဲ႔ ၁၁၉ ရဲ႕ ျပဌာန္းခ်က္ေတြကိုၾကည့္ၿပီး တခ်ိဳ႕က ဒီဥပေဒနဲ႔ပဲ အေရးယူသင့္တယ္လို႔ ျငင္းခ်င္ျငင္းၾကပါလိမ့္မယ္။

ဒီေနရာမွာေျပာလိုတာက ပထမတစ္ခ်က္အေနနဲ႔ ပုဒ္မ - ၁၀၃ က ကေလးသူငယ္ကို အျပင္းအထန္နာက်င္ေစမႈကို အေရးယူႏိုင္တဲ့ တိုက္႐ိုက္သီးျခားျပ႒ာန္းခ်က္မ်ိဳး မဟုတ္ပါဘူး။ဒုတိယတစ္ခ်က္အေနနဲ႔ ေျပာလိုတာက ကေလးသူငယ္ကို အျပင္းအထန္နာက်င္ေစမႈဆိုင္ရာ အနီးစပ္ဆုံးအေရးယူလို႔ရတဲ့ ျပဌာန္းခ်က္က အဲဒီဥပေဒမွာ ပုဒ္မ - ၁၀၃ မွာပဲပါၿပီး တျခားေနရာမွာ ျပ႒ာန္းထားတာ မေတြ႕ရပါဘူး။တတိယအခ်က္အေနနဲ႔ ေျပာလိုတာက အဲဒီဥပေဒရဲ႕ ပုဒ္မ - ၁၁၉ မွာ ဆိုလိုတာက ဒီဥပေဒပါျပစ္မႈတစ္ရပ္ရပ္ကို က်ဴးလြန္သူကို ဒီဥပေဒနဲ႔ပဲ အေရးယူေဆာင္႐ြက္ရမယ္လို႔ ဆိုလိုတာပါ။ဒီဥပေဒမွာမပါတဲ့ ျပစ္မႈဆိုရင္ေတာ့ တျခားဥပေဒနဲ႔ အေရးယူလို႔ရေအာင္ ျပဌာန္းထားတဲ့သေဘာ ေတြ႕ရပါတယ္။စတုတၳအခ်က္အေနနဲ႔ ေျပာလိုတာက ပုဒ္မ - ၁၀၃ နဲ႔ အတင္းဇြတ္မွိတ္အေရးယူဖို႔ လုပ္မယ္ဆိုရင္ေတာင္ ေထာင္ဒဏ္က ငါးႏွစ္ထိပဲခ်လို႔ရပါတယ္။

အဲဒီေတာ့ေမးစရာရွိပါတယ္။ကေလးသူငယ္ကို ဒီဇယ္ေလာင္းၿပီး မီးရႈိ႕တဲ့ကိစၥမ်ိဳးမွာ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒနဲ႔အေရးမယူဘဲ တျခားဘယ္ဥပေဒနဲ႔ အေရးယူရင္ ပိုထိေရာက္မလဲေပါ့။ပိုထိေရာက္မယ့္ဥပေဒက ရာဇသတ္ႀကီး ဥပေဒပုဒ္မ - ၃၂၆ ျဖစ္ပါတယ္။
အဲဒီပုဒ္မက ေဘးျဖစ္ေစတတ္တဲ့အရာနဲ႔ မိမိအလိုအေလ်ာက္ အျပင္းအထန္နာက်င္ေစမႈေတြကို အေရးယူတဲ့ပုဒ္မျဖစ္ၿပီး ျပစ္မႈထင္ရွားရင္ ေထာင္ဒဏ္ႏွစ္ ႏွစ္ဆယ္အထိျဖစ္ျဖစ္၊ ဆယ္ႏွစ္အထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ျဖစ္ ခ်မွတ္ႏိုင္တဲ့အျပင္ ေငြဒဏ္လည္းခ်မွတ္ႏိုင္တဲ့ ပုဒ္မျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ ဒီလိုမ်ိဳးျဖစ္စဥ္မွာ ပိုမိုထိေရာက္ေစခ်င္လို႔ ေယဘုယ်ဥပေဒျဖစ္တဲ့ ရာဇသတ္ႀကီးနဲ႔ အေရးမယူဘဲ သီးျခားျပစ္မႈအထူးဥပေဒျဖစ္တဲ့ ကလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒနဲ႔သာ အေရးယူလိုက္မယ္ဆိုရင္ အထက္မွာေျပာခဲ့သလိုပဲ ေတာ္သင့္႐ုံပဲလုပ္ရမယ့္ကိစၥမွာ ေကာင္းေစခ်င္လို႔ပိုလုပ္ကာမွ ျပင္လြန္းဖင္ခြၽန္းၿပီး ခုတ္ရာတျခား ရွရာတျခား ျဖစ္သြားပါလိမ့္မယ္လို႔ အျပဳသေဘာေဆာင္ အႀကဳံျပဳလိုက္ပါရေစ။

သာဓက
မတ္ - ၄