【 ‌ဆောင်းပါး 】 ''ငယ်တဲ့အမှု မကြီးစေနဲ့''

【 ‌ဆောင်းပါး 】 ''ငယ်တဲ့အမှု မကြီးစေနဲ့''

တစ်နေ့ကကိစ္စရှိလို့ ကြည့်မြင်တိုင်မြို့နယ်ဘက်သွားပါတယ်။ကားကို ကမ်းနားလမ်းမှာ ရပ်ထားခဲ့ရတယ်။လမ်းကြားတွေထဲမှာ ရပ်လို့မရလို့ပါ။ဒီနေရာမှာ သုံးချင်တဲ့စကားလုံးက ကားရပ်လို့မရလို့ပါလို့ပဲ သုံးချင်ပါတယ်။ကားရပ်စရာမရှိလို့ဆိုတဲ့ စကားလုံးကို မသုံးချင်ပါဘူး။

ဒီလိုသုံးနှုန်းရတဲ့အကြောင်းရင်းကို ရှင်းပြချင်ပါတယ်။အမှန်က လမ်းကြားအချို့မှာ ကားရပ်စရာတွေမှ အများကြီးပါ။ဒါပေမယ့်ရပ်လို့မရပါဘူး။ရပ်လို့မရအောင်လည်း တိုင်တွေ၊ ခုံတွေ၊ တုံးတွေ ချထားလို့ပါ။အရင်ကလည်း ကားပါကင်ကိစ္စနဲ့ပတ်သက်လို့ ရေးခဲ့ဖူးပါတယ်။ရန်ကုန်မြို့မှာ ကားရပ်ရတာ ဘယ်လောက်ခက်သလဲဆိုတာပေါ့။အဲဒီနောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ လူသတ်မှုအပါအဝင် လက်ရောက်မှု၊ ဆဲမှုတွေအကြောင်းပေါ့။

အခုပြောချင်တာက ကားပါကင်ကြောင့်ဖြစ်ခဲ့တဲ့ မှုခင်းတွေ၊ ဥပဒေချိုးဖောက်ရာရောက်ခဲ့တာတွေကို ရေးချင်တာထက် တချို့ကိစ္စတွေမှာ သက်ဆိုင်ရာက မှုခင်းဖြစ်စဉ်အသေးလေးတွေ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိတဲ့ ကိစ္စရပ်တွေမှာ အကိုင်အတွယ်လွဲမှားမယ်ဆိုရင် ကြီးတဲ့အမှုငယ်စေဆိုတာမျိုး မဟုတ်တော့ဘဲ အဲဒါရဲ့ဆန့်ကျင်ဘက် ငယ်တဲ့အမှုကြီးစေ ဆိုသလိုမျိုးတွေ ကြုံလာရနိုင်တာကို ပြောချင်တာဖြစ်ပါတယ်။

အထက်ကပြောခဲ့တဲ့ ကမ်းနားလမ်းမှာ ကားရပ်တာကနေစခဲ့တဲ့ ငယ်တဲ့အမှုကြီးစေဖြစ်သွားနိုင်တဲ့ ဖြစ်စဉ်ကို အနည်းငယ်ပြောပြချင်ပါတယ်။လမ်းသွယ်တွေ လမ်းကြားတွေထဲ ကားရပ်စရာရှိရဲ့သားနဲ့ နေရာဦးထားသူတွေ၊ ကိုယ့်ကားသွားရပ်ရင် သရဲဘီလူးစီးသလို အသည်းအသန် ကားပြန်ဖယ်ခိုင်းသူတွေကြောင့် ကမ်းနားလမ်းမှာလည်း ထွက်ရပ်ရော ရဲဖမ်းခံရတာကနေပြီး ဇာတ်လမ်းကစပါတယ်။

ဖြူနီကျားမဟုတ်လို့ ကိုယ်ကရပ်လို့ရမယ်ထင်တာရော၊ တခြားနေရာတွေမှာ ဘယ်လိုမှရပ်စရာမရှိတာတွေရောကြောင့် ကမ်းနားလမ်းမှာ ရပ်ဖြစ်တာဖြစ်ပါတယ်။ဒါတောင် ရန်ကုန်ကားယဉ်ကျေးမှုတွေထဲက စတိုင်တစ်ခုဖြစ်တဲ့ ကားရှေ့မှန်မှာ ဖုန်းနံပါတ်ရေးတဲ့အထာကို ကိုယ်ကလည်း ကျင့်သုံးထားမိလို့သာပေါ့။ယာဉ်ထိန်းရဲက ကရိန်းမဆွဲခင် ဖုန်းဆက်လာပါတယ်။ဒါနဲ့ ကိုယ်လည်း ကားဆီ ကမန်းကတန်းရောက်သွားတော့ ယာဉ်မောင်းလိုင်စင်သိမ်းပြီး ချလန်ဖြတ်ပါတယ်။သူတို့က ကိုယ့်တောင်အပြစ်တင်လိုက်သေးတယ်။လမ်းကြားတွေထဲမှာ ရပ်စရာအများကြီးပါဗျာတဲ့။
ကားမရပ်ရသတ်မှတ်ထားတဲ့ ဒီလမ်းမပေါ်မှာမှ အလွယ်ရပ်လို့ အဖမ်းခံရတဲ့ပုံစံမျိုး ပြောလာပါတယ်။အလွယ်ရပ်ချင်မှတော့ ကိုယ်သွားမယ့်အိမ်ရှိတဲ့ အင်းစိန်လမ်းထဲမှာပဲရပ်မှာပေါ့။ကမ်းနားလမ်းပေါ်ရပ်ပြီး အဝေးကြီးတောင် လမ်းလျှောက်ရပါသေးတယ်။ဒါနဲ့ အဆင်ပြေပြေစကားပြောချင်တာနဲ့ စိတ်ကိုလျှော့ပြီး ဆရာရယ် လမ်းကြားတွေထဲလည်း ဝင်ကြည့်ပါဦးဗျာ အများစုက နေရာတွေဦးထားကြတာ တစ်ချက်လောက်လိုက်ကြည့်ပါဆိုတော့ အရေးတောင်မလုပ်ဘဲ လိုင်စင်ပဲအတင်းတောင်းပြီး ဒဏ်ငွေလာဆောင်ဖို့ပြောရင်း ထွက်သွားပါတယ်။

ဒီကိစ္စမှာ ကိုယ့်လိုရန်မလိုတတ်တဲ့လူတောင် ဒေါသကထောင်းကနဲထွက်သွားပြီး လိုင်စင်သိမ်းသွားတဲ့ ကားနောက်မှန်ကိုပဲ ခဲနဲ့ထုချင်သလိုလို၊ လမ်းကြားထဲက နေရာဦးထားတဲ့ကောင်တွေရဲ့ အိမ်တွေကိုပဲ မီးသွားရှိူ့ချင်သလိုလို စိတ်ထဲအတော်ကိုဒေါသထွက်သွားပါတယ်။ဒါပေမယ့် ဒီလိုတွေလုပ်တာဟာ ဥပဒေနဲ့မညီဘူးဆိုတာကို ကိုယ့်ကိုယ်ကိုယ် စိတ်ထဲကသတိကပ်ဖြစ်ခဲ့တာမို့ ဘာပြစ်မှုမှ မကျူးလွန်ဖြစ်ခဲ့ပါဘူး။ကိုယ့်နေရာမှာ ပညာနဲ့ အသိဉာဏ်အားနည်းတဲ့ လူမိုက်တစ်ယောက်သာဆိုရင်တော့ ခုနကလိုမျိုးတွေ တစ်ခုမဟုတ်တစ်ခု ဖြစ်သွားနိုင်တာပါပဲ။

ဒီဖြစ်စဉ်မှာ ကြီးတဲ့အမှုငယ်စေ၊ ငယ်တဲ့အမှုပပျောက်စေဆိုတဲ့ ဆောင်ပုဒ်ကိုသာ အကောင်အထည်ဖော်ချင်တယ်ဆိုရင် သက်ဆိုင်ရာက ပြဿနာရင်းမြစ်ကို လိုက်ကြည့်သင့်ပါတယ်။အဖမ်းခံရသူပြောသလို လမ်းကြားတွေထဲ နေရာဦးထားသူတွေ တကယ် ရှိ၊ မရှိနဲ့ ရှိခဲ့ရင်လည်း အရေးမယူချင်တောင် သတိပေးစကားလေးနဲ့ နောက်မလုပ်ဖို့ တားမြစ်ခဲ့မယ်ဆိုရင် ကမ်းနားလမ်းမှာရပ်လို့ အဖမ်းခံရတဲ့သူအတွက်လည်း ဒဏ်ငွေဆောင်ရရင်တောင် စိတ်ကျေနပ်မှု၊ တရားမျှတမှုနဲ့ ဥပဒေစိုးမိုးမှုအပေါ် ပိုမိုယုံကြည်သက်ဝင်မှူတွေ ဖြစ်သွားစေမှာအမှန်ပါပဲ။

ဒါ့ပြ င်အခုနောက်ပိုင်း လူအချို့ ပေါ့ပေါ့ဆဆတွေးတဲ့ ပြစ်မှုတစ်ခုရှိပါတယ်။အဲဒါကခြိမ်းခြောက်မှုပါ။ခြိမ်းခြောက်တာပဲ အသားပဲ့ပါတာမှမဟုတ်တာ၊ မှုခင်းကြီးဖြစ်လာစရာမှမရှိတာလို့ တချို့ကထင်ကြပါတယ်။အဲဒီလိုယူဆတာက မှားပါတယ်။ရာဇဝတ်မကင်းတဲ့ ခြိမ်းခြောက်မှုက ပုဒ်မ ၅၀၆ ဖြစ်ပါတယ်။

ဘယ်သူမဆို ရာဇဝတ်မကင်းတဲ့ ခြောက်လှန့်မှုကို ကျူးလွန်ရင် အဲဒီသူကို ၂ နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်ဖြစ်၊ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ရမယ်လို့ ပုဒ်မ ၅၀၆ မှာ ဆိုပါတယ်။

ဒါ့ပြင် အဲဒီလိုခြိမ်းခြောက်တာဟာ သေစေမယ်ဆိုပြီးတော့လည်းကောင်း၊ ပစ္စည်းကိုမီးနဲ့ပျက်စီးစေမယ် ဆိုပြီးတော့လည်းကောင်း၊ သေဒဏ်ဖြစ်ဖြစ်၊ ခုနစ်နှစ်ထိ ထောင်ဒဏ်ဖြစ်ဖြစ် ထိုက်တဲ့ပြစ်မှုကို ကျူးလွန်မယ်ဆိုပြီးတော့လည်းကောင်း၊ ကာမဖောက်ပြန်ကြောင်းဖြင့် မိန်းမတစ်ဦးကို စွပ်စွဲမည်ဟုသော်လည်းကောင်း၊ ခြိမ်းခြောက်ခြင်းဖြစ်ရင် အဲဒီသူကို ခုနစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်ဖြစ်၊ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ရမယ်လို့ ပုဒ်မ ၅၀၆ မှာ ဆိုပါတယ်။

ဒါကြောင့် ကျူးလွန်တဲ့အကြောင်းအရာအပေါ် မူတည်ပြီး ပုဒ်မ ၅၀၆ ဟာ ထောင်ခုနစ်နှစ်ထိ ချမှတ်ခံရနိုင်တာမို့ သေးငယ်တဲ့ပြစ်မှုဆိုပြီး လျှော့တွက်တာ၊ အရေးယူဖို့ အားထုတ်မှုလျော့ရဲတာတွေ ဖြစ်လို့မရပါဘူး။၅၀၆ နဲ့ ပတ်သက်လို့ တိုင်ကြားသူ၊ နစ်နာသူတွေရှိလာပြီဆိုရင် အသေအချာ ထိထိရောက်ရောက် အရေးယူနိုင်ဖို့လိုမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ ပုဒ်မ ၅၀၆ ကို လျှော့တွက်မိလို့ လူသတ်မှုတွေဖြစ်သွားတဲ့ သာဓကတွေရှိပါတယ်။ခြိမ်းခြောက်ခံရဖန်များလာမယ်၊ သက်ဆိုင်ရာကလည်း နစ်နာသူရဲ့တိုင်ကြားမှုအပေါ်မှာ ခြိမ်းခြောက်မှုပဲ အရေးမကြီးပါဘူးကွာဆိုပြီး ထိထိရောက်ရောက် အရေးမယူခဲ့ဘူးဆိုရင် နောက်ဆက်တွဲနစ်နာစရာတွေ ကြုံရနိုင်ပါ တယ်။ကြိမ်ဖန်များစွာ ခြိမ်းခြောက်ခံရလာလို့ နစ်နာသူက ကြောက်ကန်ကန်ပြီး လူသတ်မှုကျူးလွန်မိတဲ့ သာဓကတွေလည်း အများကြီးရှိခဲ့ဖူးပါတယ်။အဲဒါဆိုရင်တော့ သေးတဲ့အမှုကြီးစေဆိုသလို ဖြစ်မှာအသေအချာပါဘဲ။

ဒါကြောင့် ဥပဒေရေးရာကိစ္စတွေမှာ ဘယ်အမှုကို ကိုင်တွယ်ကိုင်တွယ်။ကြီးတဲ့အမှုငယ်စေ၊ ငယ်တဲ့အမှုပပျောက်စေသာ ဖြစ်ထိုက်ပြီး ငယ်တဲ့အမှုမကြီးသွားစေဖို့ လိုပါတယ်လို့ အပြုသဘောဆောင် အကြံပြုလိုက်ပါရစေ။

သာဓက
ဧပြီ - ၁

( Zawgyi )

တစ္ေန႔ကကိစၥရွိလို႔ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ဘက္သြားပါတယ္။ကားကို ကမ္းနားလမ္းမွာ ရပ္ထားခဲ့ရတယ္။လမ္းၾကားေတြထဲမွာ ရပ္လို႔မရလို႔ပါ။ဒီေနရာမွာ သုံးခ်င္တဲ့စကားလုံးက ကားရပ္လို႔မရလို႔ပါလို႔ပဲ သုံးခ်င္ပါတယ္။ကားရပ္စရာမရွိလို႔ဆိုတဲ့ စကားလုံးကို မသုံးခ်င္ပါဘူး။

ဒီလိုသုံးႏႈန္းရတဲ့အေၾကာင္းရင္းကို ရွင္းျပခ်င္ပါတယ္။အမွန္က လမ္းၾကားအခ်ိဳ႕မွာ ကားရပ္စရာေတြမွ အမ်ားႀကီးပါ။ဒါေပမယ့္ရပ္လို႔မရပါဘူး။ရပ္လို႔မရေအာင္လည္း တိုင္ေတြ၊ ခုံေတြ၊ တုံးေတြ ခ်ထားလို႔ပါ။အရင္ကလည္း ကားပါကင္ကိစၥနဲ႔ပတ္သက္လို႔ ေရးခဲ့ဖူးပါတယ္။ရန္ကုန္ၿမိဳ႕မွာ ကားရပ္ရတာ ဘယ္ေလာက္ခက္သလဲဆိုတာေပါ့။အဲဒီေနာက္ဆက္တြဲ ျဖစ္ေပၚလာတဲ့ လူသတ္မႈအပါအဝင္ လက္ေရာက္မႈ၊ ဆဲမႈေတြအေၾကာင္းေပါ့။

အခုေျပာခ်င္တာက ကားပါကင္ေၾကာင့္ျဖစ္ခဲ့တဲ့ မႈခင္းေတြ၊ ဥပေဒခ်ိဳးေဖာက္ရာေရာက္ခဲ့တာေတြကို ေရးခ်င္တာထက္ တခ်ိဳ႕ကိစၥေတြမွာ သက္ဆိုင္ရာက မႈခင္းျဖစ္စဥ္အေသးေလးေတြ ျဖစ္ေပၚလာႏိုင္ဖြယ္ရွိတဲ့ ကိစၥရပ္ေတြမွာ အကိုင္အတြယ္လြဲမွားမယ္ဆိုရင္ ႀကီးတဲ့အမႈငယ္ေစဆိုတာမ်ိဳး မဟုတ္ေတာ့ဘဲ အဲဒါရဲ႕ဆန႔္က်င္ဘက္ ငယ္တဲ့အမႈႀကီးေစ ဆိုသလိုမ်ိဳးေတြ ႀကဳံလာရႏိုင္တာကို ေျပာခ်င္တာျဖစ္ပါတယ္။

အထက္ကေျပာခဲ့တဲ့ ကမ္းနားလမ္းမွာ ကားရပ္တာကေနစခဲ့တဲ့ ငယ္တဲ့အမႈႀကီးေစျဖစ္သြားႏိုင္တဲ့ ျဖစ္စဥ္ကို အနည္းငယ္ေျပာျပခ်င္ပါတယ္။လမ္းသြယ္ေတြ လမ္းၾကားေတြထဲ ကားရပ္စရာရွိရဲ႕သားနဲ႔ ေနရာဦးထားသူေတြ၊ ကိုယ့္ကားသြားရပ္ရင္ သရဲဘီလူးစီးသလို အသည္းအသန္ ကားျပန္ဖယ္ခိုင္းသူေတြေၾကာင့္ ကမ္းနားလမ္းမွာလည္း ထြက္ရပ္ေရာ ရဲဖမ္းခံရတာကေနၿပီး ဇာတ္လမ္းကစပါတယ္။

ျဖဴနီက်ားမဟုတ္လို႔ ကိုယ္ကရပ္လို႔ရမယ္ထင္တာေရာ၊ တျခားေနရာေတြမွာ ဘယ္လိုမွရပ္စရာမရွိတာေတြေရာေၾကာင့္ ကမ္းနားလမ္းမွာ ရပ္ျဖစ္တာျဖစ္ပါတယ္။ဒါေတာင္ ရန္ကုန္ကားယဥ္ေက်းမႈေတြထဲက စတိုင္တစ္ခုျဖစ္တဲ့ ကားေရွ႕မွန္မွာ ဖုန္းနံပါတ္ေရးတဲ့အထာကို ကိုယ္ကလည္း က်င့္သုံးထားမိလို႔သာေပါ့။ယာဥ္ထိန္းရဲက ကရိန္းမဆြဲခင္ ဖုန္းဆက္လာပါတယ္။ဒါနဲ႔ ကိုယ္လည္း ကားဆီ ကမန္းကတန္းေရာက္သြားေတာ့ ယာဥ္ေမာင္းလိုင္စင္သိမ္းၿပီး ခ်လန္ျဖတ္ပါတယ္။သူတို႔က ကိုယ့္ေတာင္အျပစ္တင္လိုက္ေသးတယ္။လမ္းၾကားေတြထဲမွာ ရပ္စရာအမ်ားႀကီးပါဗ်ာတဲ့။
ကားမရပ္ရသတ္မွတ္ထားတဲ့ ဒီလမ္းမေပၚမွာမွ အလြယ္ရပ္လို႔ အဖမ္းခံရတဲ့ပုံစံမ်ိဳး ေျပာလာပါတယ္။အလြယ္ရပ္ခ်င္မွေတာ့ ကိုယ္သြားမယ့္အိမ္ရွိတဲ့ အင္းစိန္လမ္းထဲမွာပဲရပ္မွာေပါ့။ကမ္းနားလမ္းေပၚရပ္ၿပီး အေဝးႀကီးေတာင္ လမ္းေလွ်ာက္ရပါေသးတယ္။ဒါနဲ႔ အဆင္ေျပေျပစကားေျပာခ်င္တာနဲ႔ စိတ္ကိုေလွ်ာ့ၿပီး ဆရာရယ္ လမ္းၾကားေတြထဲလည္း ဝင္ၾကည့္ပါဦးဗ်ာ အမ်ားစုက ေနရာေတြဦးထားၾကတာ တစ္ခ်က္ေလာက္လိုက္ၾကည့္ပါဆိုေတာ့ အေရးေတာင္မလုပ္ဘဲ လိုင္စင္ပဲအတင္းေတာင္းၿပီး ဒဏ္ေငြလာေဆာင္ဖို႔ေျပာရင္း ထြက္သြားပါတယ္။

ဒီကိစၥမွာ ကိုယ့္လိုရန္မလိုတတ္တဲ့လူေတာင္ ေဒါသကေထာင္းကနဲထြက္သြားၿပီး လိုင္စင္သိမ္းသြားတဲ့ ကားေနာက္မွန္ကိုပဲ ခဲနဲ႔ထုခ်င္သလိုလို၊ လမ္းၾကားထဲက ေနရာဦးထားတဲ့ေကာင္ေတြရဲ႕ အိမ္ေတြကိုပဲ မီးသြားရွိူ႔ခ်င္သလိုလို စိတ္ထဲအေတာ္ကိုေဒါသထြက္သြားပါတယ္။ဒါေပမယ့္ ဒီလိုေတြလုပ္တာဟာ ဥပေဒနဲ႔မညီဘူးဆိုတာကို ကိုယ့္ကိုယ္ကိုယ္ စိတ္ထဲကသတိကပ္ျဖစ္ခဲ့တာမို႔ ဘာျပစ္မႈမွ မက်ဴးလြန္ျဖစ္ခဲ့ပါဘူး။ကိုယ့္ေနရာမွာ ပညာနဲ႔ အသိဉာဏ္အားနည္းတဲ့ လူမိုက္တစ္ေယာက္သာဆိုရင္ေတာ့ ခုနကလိုမ်ိဳးေတြ တစ္ခုမဟုတ္တစ္ခု ျဖစ္သြားႏိုင္တာပါပဲ။

ဒီျဖစ္စဥ္မွာ ႀကီးတဲ့အမႈငယ္ေစ၊ ငယ္တဲ့အမႈပေပ်ာက္ေစဆိုတဲ့ ေဆာင္ပုဒ္ကိုသာ အေကာင္အထည္ေဖာ္ခ်င္တယ္ဆိုရင္ သက္ဆိုင္ရာက ျပႆနာရင္းျမစ္ကို လိုက္ၾကည့္သင့္ပါတယ္။အဖမ္းခံရသူေျပာသလို လမ္းၾကားေတြထဲ ေနရာဦးထားသူေတြ တကယ္ ရွိ၊ မရွိနဲ႔ ရွိခဲ့ရင္လည္း အေရးမယူခ်င္ေတာင္ သတိေပးစကားေလးနဲ႔ ေနာက္မလုပ္ဖို႔ တားျမစ္ခဲ့မယ္ဆိုရင္ ကမ္းနားလမ္းမွာရပ္လို႔ အဖမ္းခံရတဲ့သူအတြက္လည္း ဒဏ္ေငြေဆာင္ရရင္ေတာင္ စိတ္ေက်နပ္မႈ၊ တရားမွ်တမႈနဲ႔ ဥပေဒစိုးမိုးမႈအေပၚ ပိုမိုယုံၾကည္သက္ဝင္မႉေတြ ျဖစ္သြားေစမွာအမွန္ပါပဲ။

ဒါ့ျပ င္အခုေနာက္ပိုင္း လူအခ်ိဳ႕ ေပါ့ေပါ့ဆဆေတြးတဲ့ ျပစ္မႈတစ္ခုရွိပါတယ္။အဲဒါကၿခိမ္းေျခာက္မႈပါ။ၿခိမ္းေျခာက္တာပဲ အသားပဲ့ပါတာမွမဟုတ္တာ၊ မႈခင္းႀကီးျဖစ္လာစရာမွမရွိတာလို႔ တခ်ိဳ႕ကထင္ၾကပါတယ္။အဲဒီလိုယူဆတာက မွားပါတယ္။ရာဇဝတ္မကင္းတဲ့ ၿခိမ္းေျခာက္မႈက ပုဒ္မ ၅၀၆ ျဖစ္ပါတယ္။

ဘယ္သူမဆို ရာဇဝတ္မကင္းတဲ့ ေျခာက္လွန႔္မႈကို က်ဴးလြန္ရင္ အဲဒီသူကို ၂ ႏွစ္ထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ျဖစ္၊ ေငြဒဏ္ျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ခ်မွတ္ရမယ္လို႔ ပုဒ္မ ၅၀၆ မွာ ဆိုပါတယ္။

ဒါ့ျပင္ အဲဒီလိုၿခိမ္းေျခာက္တာဟာ ေသေစမယ္ဆိုၿပီးေတာ့လည္းေကာင္း၊ ပစၥည္းကိုမီးနဲ႔ပ်က္စီးေစမယ္ ဆိုၿပီးေတာ့လည္းေကာင္း၊ ေသဒဏ္ျဖစ္ျဖစ္၊ ခုနစ္ႏွစ္ထိ ေထာင္ဒဏ္ျဖစ္ျဖစ္ ထိုက္တဲ့ျပစ္မႈကို က်ဴးလြန္မယ္ဆိုၿပီးေတာ့လည္းေကာင္း၊ ကာမေဖာက္ျပန္ေၾကာင္းျဖင့္ မိန္းမတစ္ဦးကို စြပ္စြဲမည္ဟုေသာ္လည္းေကာင္း၊ ၿခိမ္းေျခာက္ျခင္းျဖစ္ရင္ အဲဒီသူကို ခုနစ္ႏွစ္အထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ျဖစ္၊ ေငြဒဏ္ျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ခ်မွတ္ရမယ္လို႔ ပုဒ္မ ၅၀၆ မွာ ဆိုပါတယ္။

ဒါေၾကာင့္ က်ဴးလြန္တဲ့အေၾကာင္းအရာအေပၚ မူတည္ၿပီး ပုဒ္မ ၅၀၆ ဟာ ေထာင္ခုနစ္ႏွစ္ထိ ခ်မွတ္ခံရႏိုင္တာမို႔ ေသးငယ္တဲ့ျပစ္မႈဆိုၿပီး ေလွ်ာ့တြက္တာ၊ အေရးယူဖို႔ အားထုတ္မႈေလ်ာ့ရဲတာေတြ ျဖစ္လို႔မရပါဘူး။၅၀၆ နဲ႔ ပတ္သက္လို႔ တိုင္ၾကားသူ၊ နစ္နာသူေတြရွိလာၿပီဆိုရင္ အေသအခ်ာ ထိထိေရာက္ေရာက္ အေရးယူႏိုင္ဖို႔လိုမွာျဖစ္ပါတယ္။ဘာလို႔လဲဆိုေတာ့ ပုဒ္မ ၅၀၆ ကို ေလွ်ာ့တြက္မိလို႔ လူသတ္မႈေတြျဖစ္သြားတဲ့ သာဓကေတြရွိပါတယ္။ၿခိမ္းေျခာက္ခံရဖန္မ်ားလာမယ္၊ သက္ဆိုင္ရာကလည္း နစ္နာသူရဲ႕တိုင္ၾကားမႈအေပၚမွာ ၿခိမ္းေျခာက္မႈပဲ အေရးမႀကီးပါဘူးကြာဆိုၿပီး ထိထိေရာက္ေရာက္ အေရးမယူခဲ့ဘူးဆိုရင္ ေနာက္ဆက္တြဲနစ္နာစရာေတြ ႀကဳံရႏိုင္ပါ တယ္။ႀကိမ္ဖန္မ်ားစြာ ၿခိမ္းေျခာက္ခံရလာလို႔ နစ္နာသူက ေၾကာက္ကန္ကန္ၿပီး လူသတ္မႈက်ဴးလြန္မိတဲ့ သာဓကေတြလည္း အမ်ားႀကီးရွိခဲ့ဖူးပါတယ္။အဲဒါဆိုရင္ေတာ့ ေသးတဲ့အမႈႀကီးေစဆိုသလို ျဖစ္မွာအေသအခ်ာပါဘဲ။

ဒါေၾကာင့္ ဥပေဒေရးရာကိစၥေတြမွာ ဘယ္အမႈကို ကိုင္တြယ္ကိုင္တြယ္။ႀကီးတဲ့အမႈငယ္ေစ၊ ငယ္တဲ့အမႈပေပ်ာက္ေစသာ ျဖစ္ထိုက္ၿပီး ငယ္တဲ့အမႈမႀကီးသြားေစဖို႔ လိုပါတယ္လို႔ အျပဳသေဘာေဆာင္ အႀကံျပဳလိုက္ပါရေစ။

သာဓက
ဧၿပီ - ၁