【ဆောင်းပါး 】ကျူစနစ် (Q) အားနည်းသည့် မြန်မာတို့ အတုယူသင့်သည့် ဗြိတိသျှလူထု

【ဆောင်းပါး 】ကျူစနစ် (Q) အားနည်းသည့် မြန်မာတို့ အတုယူသင့်သည့် ဗြိတိသျှလူထု

ကမ္ဘာကျော် သက်တော်ရှည် ဘုရင်မကြီးအဲလီဇဘက် ( ၈.၉.၂၀၂၂) နေ့တွင် ကံကုန်ခဲ့ပြီဖြစ်ပါသည်။ လက်ရှိလူ့သက်တမ်းကို ယေဘုယျအားဖြင့် ရာတမ်းဟု သတ်မှတ်ထားရာ၊ ဘုရင်မကြီးသည် လူ့သက်တမ်းစေ့ အသက်ရှင်သန်နေထိုင် သွားရသူဖြစ်ပါသည်။ ကျွန်မတို့ မြန်မာများပြောနေကြစကားအရ၊ အဲလီဇဘက် ဘုရင်မကြီးကား ဘုန်းကြီးပြီး အသက်ရှည်သူ ဟုဆိုရပေမည်။
တစ်ချိန်က နေမဝင်အင်ပိုင်ယာအင်္ဂလန်သည် မြန်မာနိုင်ငံကိုလည်း ကိုလိုနီပြုခဲ့ပေရာ၊ ယခုကဲ့သို့ ဘုရင်မကြီးအဲလီဇဘက် ကံကုန်ခြင်းကို မြန်မာပြည်သူတယောက်အနေဖြင့် အထူးတလည် ဝမ်းနည်းခြင်း မခံစားရပေ။ ထို့ကြောင့် ဝမ်းသာသလားဆိုပါက ဝမ်းမြောက်ဝမ်းသာခြင်းလည်း မရှိပါ။ သို့သော် လူ့သက်တမ်းစေ့ နေသွားရရုံ သာမက၊ ၉၆ နှစ်ဟူသော အရွယ်ထိတိုင် အိပ်ရာထဲလဲမနေဘဲ၊ ဘုရင်မတစ်ဦး၏ တာဝန်ကို မကွယ်လွန်မီ ၂ ရက် ထိ ထမ်းဆောင်သွားသည်ကိုကား ချီးကျူးမိပါသည်။
ဘုရင်မကြီး အဲလီဇဘက် ကွယ်လွန်သည့်အချိန်မှစ၍ ယနေ့ထိ ဗြိတိသျှ ရုပ်သံများတွင်ရော၊ နာမည်ကြီး ကမ္ဘာ့ရုပ်သံများ၌ပါ အင်္ဂလန်တွင် ဘုရင်မကြီး၏ဈာပနကို မည်သို့ကျင်းပနေကြောင်း ထုတ်လွှင့်ပြသ နေကြပါသည်။ ဘုရင်မကြီး ဘဝဖြတ်သန်းမှုများကိုပါ တစ်ပါတည်းပြန်လည်တင်ဆက်ပြသနေကြပါသည်။ ဘုရင်မကြီး၏ ဈာပနကို အကြောင်းပြု၍ ဆင်ခြင်မည်ဆိုပါက ဆင်ခြင်စရာများပြားလှပါသည်။ လူတို့၏ ဘဝကံဖန်တီးမှု ဆန်းကြယ်ပုံ၊ ခေတ်၏အပြောင်းအလဲကို တော်ဝင်မိသားစုလည်း လက်မခံ၍ မရ လက်ခံရပုံ၊ တော်ဝင်မိသားစု မျိုးဆက် ၄ ဆက်ကြားတွင် မြင်ရသည့် “ အဟများ” ( Generation Gap) စသဖြင့် မြင်တွေ့ရပါသည်။ ထိုထိုအချက်များထက် ပို၍ သဘောကျမိသည်မှာ အင်္ဂလန်လူထု၏ သူတို့ နိုင်ငံ့ထီးနန်းအပေါ် အမြတ်တနိုးတန်ဖိုးထားစိတ်နှင့် စည်းကမ်းသေဝပ်မှုဖြစ်ပါသည်။
ဘုရင်မကြီးဈာပနကို အင်္ဂလန်လူထုက လမ်းဘေး ဝဲ - ယာမှ စောင့်ကြည့် ဂါရဝပြုကြချိန်တွင်လည်းကောင်း၊ ဘုရင်မကြီး၏ရုပ်ကလာပ်ကို လာရောက် ဂါရဝပြုရာတွင်လည်းကောင်း၊ တိတ်ဆိတ်ငြိမ်သက် ပြီး တိုးဟယ်ခွေ့ဟယ် မရှိပုံကို သဘောကျလှပါသည်။ တဆက်တည်းမှာပင် တန်းစီစနစ်ကို ကျင့်သုံးရန် အားနည်းလှသည့် မိမိတို့မြန်မာလူထု၏ ရှက်ဖွယ်စည်းကမ်းမသေဝပ်မှုများကို ပြန်သတိရ ပြန်မြင်ယောင် လာပါသည်။
၂၀၁၂ ( သို့မဟုတ်) ၂၀၁၃ ဖြစ်မည်ဟုထင်ပါသည်။ သမ္မတကြီးဦးသိန်းစိန်လက်ထက်၊ ဒီမိုကရေစီစနစ်ကို ပူပူနွေးနွေး တဖန်ပြန်လည်ကျင့်သုံးနေချိန်ဖြစ်ပါသည်။ ထိုစဉ် လူအများကို ရင်ခုန်စိတ်ဝင်စားစေသည့် သတင်း တစ်ပုဒ် ပေါ်ထွက်လာပါသည်။ ရန်ကုန် အင်းလျားလိတ်ဟိုတယ်တွင် ဧရာဝတီစာပေပွဲတော်ကျင်းပမည်။ ကမကထပြုသူမှာ ထိုအချိန်က ဗြိတိသျှသံအမတ်ကတော်။ ပြည်တွင်း ပြည်ပမှ စာရေးဆရာများစုဝေးပြီး စာအကြောင်း ပေအကြောင်း ကဗျာအကြောင်း ပြောကြမည်။ ဆွေးနွေးကြမည်။ ဖတ်ကြမည်။ ရွတ်ကြမည်တဲ့။
သည်စာပေပွဲကို မဖြစ်မနေသွားမည်ဟု စိတ်ပိုင်းဖြတ်ထားသည်။ ပထမနေ့တွင် ဖတ်နေကြ ရွတ်နေကြ ဟောပြောနေကြသည့် ဟိုအခန်းဝင်နားထောင်လိုက်၊ သည်အခန်းဝင်နားထောင်လိုက်၊ ဗိုက်ဆာလာလျှင် အင်းလျားကန်စပ်ရှိ စားသောက်ဆိုင်များသို့ သွားထိုင်ပြီး မုန့်ပဲသရေစာ စားလိုက်၊ တွေ့သည့် အသိအကျွမ်းတွေနှင့် ဓာတ်ပုံတွေရိုက် လုပ်ရင်း ညနေစောင်းမှ ပြန်ခဲ့သည်။ အဲ - ပထမနေ့လား၊ အလယ်နေ့လား၊ နောက်ဆုံးနေ့လား မမှတ်မိတော့။ မနက်ဘက် အစီအစဉ်အပြီး ညနေဘက် ခန်းမကျယ် ( Ballroom) တွင် ကျင်းပမည့် ဆရာကြီး ဦးသော်ကောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပြောမည့် စာပေဆွေးနွေးပွဲကို နာရီဝက်စော၍ အခန်းတံခါး ဖွင့်မည်တဲ့။
မနက်ဘက်နှင့်မတူဘဲ၊ ၁၁ နာရီကျော်ခန့်ကတည်းက ဝင်ခွင့်လက်မှတ်ရရေး တန်းစီနေသည့်လူတွေ လက်မှတ်ကုန်သွားပြီဆို၍ ဆူညံ ပူညံ ဖြစ်သေးသည်ထင်ပါရဲ့။ ကျွန်မတို့ အုပ်စုလည်း သူတို့စောဖွင့်မည်ပြော သည့် အချိန်ထက် ၁၅ မိနစ်စောပြီး အခန်းဝသို့ သွားချိန်တွင် အခန်းအဝင်ဝ၌ ဧရာမလူအုပ်ကြီး တိုးနေကြပြီ။ ပထမတော့ ကျွန်မတို့ ခပ်လှမ်းလှမ်းမှ ရပ်ကြည့်နေကြပါသည်။ ကျွန်မတို့ကဲ့သို့ပင် နိုင်ငံခြားသား နိုင်ငံခြားသူများ ကိုလည်း မလှမ်းမကမ်းတွင် မတ်တတ်ရပ်နေကြကြောင်းတွေ့လိုက်ရသည်။ တချို့နိုင်ငံခြားသူလေးတွေခမျာ ကလေးငယ်လေးတွေပါလာကြသည်။ တချို့က ကျောပိုးထားသည်။ တချို့က လက်တွဲထားကြပါသည်။
ကြည့်နေရင်းမှာပင် အခြေအနေမဟန်ကြောင်း သိလာရပါပြီ။ အဝင်ပေါက်ဝကို လက်ချင်းယှက်၍ တိုးဝှေ့ နေသူများအား အထဲသို့ သွင်းပေးနေသည့် ဗြိတိသျှကောင်စီစာကြည့်တိုက်မှ အားကောင်းမောင်းသန် အင်္ဂလိပ် နှစ်ယောက် မျက်နှာကြီးတွေ နီရဲပြီး၊ ချွေးပေါက်ပေါက်ကျနေသည်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်သည် ကျွန်မတို့ ကြည့်နေဆဲမှာပင် အခန်းထဲဝင်လိုက်ပြီး တံခါးကို ပိတ်လိုက်ပါသည်။ သည်တွင် မတ်တတ်ရပ်နေသည့် ကျွန်မတို့ရော၊ နိုင်ငံခြားသူ နိုင်ငံခြားသားများပါ အထဲမဝင်ရတော့ဘူးလားဆိုသည့် သောကဖြင့် တံခါးပေါက်ဝသို့ ရောက်သွားကြပါသည်။ တဘက်တွင် ကုလားထိုင်များ ထပ်ထည့်နေပါသည်။ ထိုင်ခုံထိုးနေခြင်းဖြစ်ပါသည်။
သည်ဘက်တွင်ကား တံခါးဝလေး ဟရုံ ဟလာလိုက် တစ်ယောက်ကို ဆွဲသွင်းလိုက်လုပ်ပေးနေပါသည်။ တည်တည်ငြိမ်ငြိမ်ရပ်ကြည့်နေသည့် နိုင်ငံခြားသားအားလုံး ကျွန်မတို့ မြန်မာတွေကဲ့သို့ တိုးဝှေ့နေကြပါပြီ။ မည်သို့ဆိုစေ ကျွန်မတို့ လူစု ခန်းမထဲရောက်လာကြပါပြီ။ နောက်ဘက်ကျကျ နေရာတွင် ထိုင်စရာရသဖြင့် ထိုင်ချရင်း သက်ပြင်းလည်းချရ ချွေးလည်းသုတ်ရပါသည်။ အင်္ဂလိပ်တွေ ကိန်းကြီး ခန်းကြီးနိုင်သည်ကို သိပါ သည်။ သို့သော် ကျွန်မတို့နှင့်အတူ တိုးဝှေ့ကြသည့် နိုင်ငံခြားသားအားလုံး အင်္ဂလိပ်များမဟုတ်ကြပါ။ တချို့က ပြင်သစ်စကားပြောနေကြသည်။ တချို့က စပိန်လား ဂျာမန်လား ကျွန်မခွဲခြားမသိသည့် ဘာသာစကားဖြင့် တိုးတိုးစကားပြောနေကြပါသည်။
သူတို့ ဘာပြောနေကြသလဲ မသိစေကာမူ၊ ရှက်မိပါသည်။ ငါတို့ လူမျိုးကို ဘယ်လောက် အထင်သေးသွား ကြမလဲဆိုသည့် အတွေးက ကြီးစိုးနေပါသည်။ ဖွံ့ဖြိုးတိုးတက်နေသည့် အနောက်နိုင်ငံများ မဆိုထားနှင့် ဂျပန်ကဲ့သို့ အာရှနိုင်ငံတစ်နိုင်ငံ၌ပင် တိုးခြင်းဝှေ့ခြင်း မရှိ တန်းစီကြသည့် စနစ်ကို လက်ရှိကာလကို ထားဦး၊ အိုးရှင်းကား ( ဒုတိယကမ္ဘာစစ်နောက်ခံပြုဂျပန်ရုပ်ရှင်) ထဲမှာပင် တန်းစီစနစ်ကို ဂျပန်တို့ ကျင့်သုံးနေပြီဖြစ်ကြောင်း တွေ့ရှိနိုင်ပါသည်။
နောက်တစ်ကြိမ်ကြုံရသည်မှာ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် (မထသ) လိုင်းကားစနစ်ကို (YBS) စနစ် သို့ ပြောင်းလဲကျင့်သုံးချိန်ကဖြစ်ပါသည်။ ခါတိုင်းကဲ့သို့ ဆင်ခြေပုံးရပ်ကွက်များမှဖြစ်စေ၊ တခြားမြို့နယ်များမှ ဖြစ်စေ ရန်ကုန်မြို့တွင်းသို့ တိုက်ရိုက်ရောက်သည့် လိုင်းကားမရှိတော့ပေ။ လိုင်းကားများအားလုံး သခင်မြပန်းခြံတွင် ရပ်နားရသည်။ ရန်ကုန်မြို့တွင်းသို့ ဆက်သွားမည့်ခရီးသည်များသည် သခင်မြပန်းခြံတွင် ကားပြောင်းစီး ရသည်။ သခင်မြပန်ခြံတွင် ရပ်ထားသည့်ကားပေါ်သို့ တန်းစီတက်ကြရပါသည်။ တစ်နေ့တွင် သခင်မြပန်းခြံမှ မြို့ တွင်း သို့ မောင်းနှင်မည့် လိုင်းကားစီးရန် ကျွန်မတန်းစီနေပါသည်။ ကျွန်မရှေ့တွင် လူ ၇ ယောက်ခန့်ရှိသည်။ ထိုစဉ် ကျွန်မနောက်တွင်တန်းစီနေသည့် အသက် ၅၀ ကျော်ဝန်းကျင် ယောကျာ်းတစ်ယောက်က ကျွန်မရှေ့သုံး ယောက်မြောက်ရှေ့သို့ ဝင်ရပ်လိုက်ပါသည်။ ကြားဖြတ်ခံရသူများကလည်း ဘာမှမပြောကြပါ။ ဘေးတွင် ကြီးကြပ်ပေးနေသည့် လက်ပတ်ဝတ်များကလည်း ဘာမှဝင်မပြောကြပေ။
“ ဒီမယ် ဘာကိစ္စ နေရာကျော်ယူတာလဲ။ ကြားဖြတ်ဝင်ခံရသူတွေက ဘာကိစ္စငြိမ်ခံနေတာလဲ၊ ကားလိုင်း ကြီးကြပ်နေတဲ့ ရှင်တို့ကရော ဘာလို့ ဘာမှ ဝင်မပြောတာလဲ” ဟူသည့် ကျွန်မအသံ ဟိန်းထွက်လာပါသည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ကျွန်မကို မတုန့်ပြန်ကြပါ။ သည်တော့မှ ကျွန်မလည်း အရှိန်သတ်လိုက်ပြီး၊ ဘာမှ ဆက်မပြောဘဲ ငြိမ်နေလိုက်ရပါသည်။
အဲလီဇဘက် ဘုရင်မကြီး၏ ဈာပနကျင်းပနေပုံကို အနည်းဆုံး တီဗီလိုင်း သုံးလေးခုသို့ ဝင်ကြည့်ပါသည်။ အင်္ဂလိပ်ထီးနန်း အခမ်းအနား၏ အသေးစိတ်ပုံ၊ စည်းမျဉ်း စည်းကမ်းများ တင်းကျပ်များပြားပုံကို မြင်နေရသည့် နည်းတူ၊ ကွယ်လွန်သူ ဘုရင်မကြီး၏ ဈာပနအခမ်းအနားများကို အင်္ဂလန်လူထုက ဝမ်းပန်းတနည်း စောင့်ကြည့် ကြပုံ၊ အသစ်စက်စက် ဘုရင်ဖြစ်လာသည့် ချားလ်နှင့် မိဖုယား ကမ်မီလာကို ဝမ်းပန်းတသာ ကြိုဆိုကြပုံများကို မြင်တွေ့နေရပါသည်။
ကျွန်မသတိအထားမိဆုံးနှင့် အနှစ်ခြိုက်ဆုံးကား အင်္ဂလန်လူထု၏ စည်းကမ်းသေဝပ်မှုနှင့် ငြိမ်သက် အိန္ဒြေရမှုဖြစ်ပါသည်။ ဘုရင်မ၏ခေါင်းတလားသယ်ဆောင်လာပုံကို လမ်းဘေးဝဲ - ယာတွင် စောင့်ဆိုင်းရပ် ကြည့်နေကြသည့် အင်္ဂလန်လူထုသည် တိုးဝှေ့နေရာလုခြင်း အလျင်းမရှိပေ။ တချို့ မျက်ရည်စမ်းစမ်းဖြစ်နေသော်လည်း အော်ဟစ်ငိုယိုမှု လုံးဝမတွေ့ရပါ။ ထိုနည်းတူ ဘုရင်မကြီး၏ နောက်ဆုံးခရီးကို ပါဝင်ဆောင် ရွက်နေကြ သည့် ဘာကင်ဟမ်နန်းတော်မှ အမှုထမ်းအရာထမ်းများ၊ သာသနာရေးဆိုင်ရာ ပုဂ္ဂိုလ်များအားလုံး တည်တည် ငြိမ်ငြိမ် အေးဆေးအိန္ဒြေရရ ဆောင်ရွက်သွားကြပါသည်။
အနောက်နိုင်ငံများနှင့် ဂျပန်ကဲ့သို့ အာရှနိုင်ငံများတွင် လူထုကို တည်တည်ငြိမ်ငြိမ် တိုးဝှေ့ခြင်း မရှိ သည်းခံစောင့်ဆိုင်းတတ်သည့် အလေ့အကျင့်ကို မူလတန်းပညာသင်ကြားစဉ်ကပင် သင်ကြားလေ့ကျင့်ပေးခဲ့ကြကြောင်း လေ့လာတွေ့ရှိရပါသည်။ သူတို့ပညာရေးမှာ မူကြိုမှ ၁၂ နှစ်အရွယ်ထိ နိုင်ငံသားကောင်း တစ်ယောက်ဖြစ်ရေးကို ဦးတည်သင်ကြားပေးတာပါ။ ဒါကြောင့် သူတို့က တန်းစီတဲ့အလေ့အကျင့် စွဲနေလို့ တန်းမစီပါနဲ့ပြောရင် တောင် မရဘူးလို့ အမေရိကန်စာကြည့်တိုက်တွေကို လေ့လာရေးသွားဖူးတဲ့ အရာရှိတစ်ယောက်က ပြန်ပြောပြဖူးပါတယ်။
“ စာကြည့်တိုက်တိုင်းမှာ မိတ္တူကူးစက် ( ကော်ပီယာ) တွေထားပေးတယ်။ စာဖတ်တဲ့သူတွေက ကိုယ့် ဘာသာကိုယ် မိတ္တူကူးယူရတယ်။ အဲဒီလို မိတ္တူကူးဖို့ ၂ ယောက်ဖြစ်နေရင် တန်းစီတာကို နားလည်ပေမယ့်၊ တစ်ယောက်ထဲ ဖြစ်နေရင်လည်း တန်းစီတာကိုကြည့်ပြီး ကိုယ်တွေဆီက တိုးဝှေ့ကြပုံကို သတိရတော့ မျက်ရည်တောင် လည်မိတယ်ဆရာမရေ” တဲ့။
 
 
ခင်နှင်းဦး