【တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက်】 ပြင်းထန်လာနေတဲ့ ဥရောပ-ရုရှား စွမ်းအင်ပြဿနာ

【တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက်】 ပြင်းထန်လာနေတဲ့ ဥရောပ-ရုရှား စွမ်းအင်ပြဿနာ

ယခုတစ်ပတ်နိုင်ငံတကာသတင်းတွေကိုကြည့်မယ်ဆိုရင် သတင်းအများစုက ယခင်ရက်သတ္တပတ်တွေကလို ယူကရိန်းဆိုင်ရာသတင်းတွေ မများဘဲ ရုရှားနဲ့ ဥရောပကြားတင်းမာမှုစနေတဲ့ စွမ်းအင်ကိစ္စတွေက များခဲ့ပါတယ်။ ဒီသတင်းတွေက လတ်တလောမှာ ယူကရိန်းမှာ ဖြစ်နေတဲ့ စစ်ပွဲထက် ကမ္ဘာကိုပိုပြီး သတိကြီးစေခဲ့ပါတယ်။

မကြာခင်မှာ ပြင်းထန်တဲ့ ဥရောပဆောင်းရာသီကိုရောက်ရှိလာတော့မှာ ဖြစ်လို့ အီးယူလို့ ခေါ်တဲ့ ဥရောပသမဂ္ဂနိုင်ငံတွေက စွမ်းအင်ကို စုဆောင်းနေရပါတယ်။ ဒီတစ်ပတ်မှာ ရုရှား Gazprom က ထိန်းသိမ်းပြုပြင်ရေးအတွက်  ၃ရက်တာ ပိတ်ထားမှုကို ပြန်ဖွင့်ပေးရမယ်နေ့ဖြစ်တဲ့ စက်တင်ဘာ ၃ ရက်မတိုင်ခင်မှာ ဓာတ်ငွေ့ပိုလွှတ်တဲ့ တာဗိုင်မှာ ယိုစိမ့်မှုဖြစ်ပွားလို့  ဂျာမနီကို ဓာတ်ငွေ့တင်ပို့မှု အချိန်အကန့်အသတ်မရှိ ရပ်နားထားမယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ဒါဟာ အီးယူနဲ့ ဂျာမနီအတွက် ကြိုတင်တွက်ဆထားပြီး ဖြစ်ပေမယ့် ရုရှားအနေနဲ့ စွမ်းအင်စစ်ပွဲကို ဆောလျင်စွာ စလိမ့်မယ်မဟုတ်ဘူးလို့ နိုင်ငံတကာထင်မှတ်ထားမှုဟာ ယခုထုတ်ပြန်ချက်ကြောင့် အငိုက်မိခဲ့သလို ဖြစ်ခဲ့ရပါတယ်။ ဒီလိုအခြေအနေကြောင့် ရုရှားနဲ့ ဥရောပအကြား ပြင်းထန်တဲ့ အကျိုးစီးပွားဆိုင်ရာ စစ်ပွဲကိုမြင်တွေ့ရဖို့ များလာနေတဲ့ အခြေအနေကို ချည်းကပ်လာပါတယ်။

ဥရောပရဲ့ ကန့်သတ်မှုအသစ်ကြောင့် ရုရှားအထိနာတာလား

ကမ္ဘာ့စစ်ပဲဖြစ်ဖြစ်၊ ဒေသတွင်းစစ်ပွဲကိုဘဲ ဖြစ်ဖြစ်ကြည့်မယ်ဆိုရင်  အကျိုးစီးပွားက အဓိကနေရာမှာ ရှိနေပါတယ်။ အကျိုးစီးပွားကို ထိလာပါက စစ်ဖြစ်လေ့ရှိတာကို ယူကရိန်းစစ်ကိုကြည့်ရင် သိမှာဖြစ်ပါတယ်။ လက်ရှိမှာ ရုရှားက အနောက်အုပ်စုကို ရေနံ၊သဘာ၀ဓာတ်ငွေ့ပို့လွှတ်မှုကို ကိုင်ပြီး ကစားနေသလို အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုကလည်း ရုရှားအကျပ်ကိုင်မယ့် ရေနံ၊သဘာ၀ဓာတ်ငွေ့ကို ကြိုတင်ပြင်ဆင်ပြီး စီးပွားရေးကန့်သတ်ပိတ်ဆို့မှုတွေနဲ့ တုံ့ပြန်နေတာကိုတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ပြုလုပ်ခဲ့တဲ့ စက်မှုထိပ်သီးခုနစ်နိုင်ငံ (G-7)အစည်းအဝေးမှာ ရုရှားကတင်ပို့တဲ့ ရေနံစျေးနှုန်းကို အရေးတကြီး ကန့်သတ်ထိန်းချုပ်မှု လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့ကြတာကိုတွေ့ ရပါတယ်။ ဒါဟာ ကျူးကျော်စစ်အတွက် အထောက်အပံ့ဖြစ်စေသည့် အဓိက ဝင်ငွေအရင်းအမြစ်ကို ပိတ်ဆို့ဟန့်တားရန်နဲ့ ကမ္ဘာတစ်ဝန်း စွမ်း

အင်စျေးနှုန်းမြင့်တက်ခြင်းကို ထိန်းချုပ်ရန် ရည်ရွယ်တာလို့ ဂျာမနီဘဏ္ဍာရေးဝန်ကြီး ခရစ်ရှန် လင်ဒနာက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ 

ဒီဆုံးဖြတ်ချက်မထွက်ခင်မှာ ရုရှားက အီးယူနဲ့ G-7 နိုင်ငံတွေကို ဒီလိုဆုံးဖြတ်ခဲ့ရင် ရေနံစျေးကွက်များကို မတည်မငြိမ် ဖြစ်စေလိမ့်မယ်ပြောခဲ့သလို ဥရောပသို့ ဓာတ်ငွေ့တင်ပို့နေမှုကို တန်ပြန် အသုံးချသွားမယ့် သဘောထားကိုလည်း ပြခဲ့ပါတယ်။ ဒီနောက်မှာ အချိန်ကိုက်ဆိုသလိုပင် ရုရှားစွမ်းအင်ကုမ္ပဏီကြီး Gazprom က တာဗိုင်မှာ ယိုစိမ့်မှုဖြစ်ပွားလို့ ဂျာမနီကို တင်ပို့နေတဲ့ ဓာတ်ငွေ့တင်ပို့မှုကို အချိန်အကန့်အသတ်မရှိ ရပ်နားထားမယ် ဆိုပြီး ကြေညာခဲ့ပါတယ်။

ရုရှားရဲ့အကြောင်းပြချက်က မခိုင်လုံဘူးဆိုတာကို တာဗိုင်ထုတ်လုပ်တဲ့ ဂျာမနီကုမ္ပဏီ တစ်ခုဖြစ်တဲ့  Siemens Energy က  တာဗိုင်ယိုစိမ့်မှုဟူသောအချက်မှာ ဂတ်စ်ပို့လွှတ်မှုများကို ရပ်ဆိုင်းလိုက်ရသည့် အကြောင်း ရင်းတစ်ရပ် မဟုတ်ကြောင်း  ပြောခဲ့ပါတယ်။ ရုရှားရဲ့ ဒီလိုပိတ်ဆို့မှုသတင်းမထွက်ခင်မှာဘဲ ဥရောပသမဂ္ဂက ရုရှားရဲ့ ဖြတ်တောက်မှုကနေ နိုဝင်ဘာ ၁ ရက်မတိုင်ခင် ဓာတ်ငွေ့သိုလှောင်မည့်ပမာဏရဲ့ ၈၀ ရာခိုင်နှုန်းအထိ ဖြည့်သွင်းရရှိနေပြီဆိုပြီး ပြောခဲ့ပါတယ်။

ကြာရှည်လာနေပြီ ဖြစ်တဲ့ ယူကရိန်းစစ်ကို ရုရှားဘက်က နေတိုးအဖွဲ့ထဲ ယူကရိန်းမဝင်ဘူးလို့ ကတိပေး ရင်တာင် မရပ်ပေးတော့ဘူးလို့ ပူတင်နဲ့ အနီးကပ်ဆုံးသူ မတ်ခ်ဗီဒက်က ပြောခဲ့ပါတယ်။ ယူကရိန်းကို ဘဏ္ဍာရေးနဲ့ စစ်လက်နက်ထောက်ပံ့ပေးနေတဲ့ အမေရိကန်နဲ့နေတိုးအဖွဲ့ဝင်နိုင်ငံတွေကတော့  ဒီစစ်ပွဲကို ယူကရိန်းဘက်က သူ ပိုင်နက်နယ်မြေတွေ ပြန်ရရှိတဲ့အထိ ထောက်ပံ့ကူညီနေမယ့် အနေအထားမှာ ရှိနေပါတယ်။ ဒီလိုအခြေအနေကြောင့် တစ်ဘက်နောက်က စီးပွားရေးအသက်သွေးကြောကို တစ်ဖက်နဲ့ တစ်ဖက်ဖြတ်တောက်နိုင်ဖို့ ကြိုးစားနေတဲ့အနေအထားဖြစ်နေပါတယ်။

ဒီလိုအခြေအနေမှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်အတွက် စွမ်းအင်တိုက်ပွဲဟာ  အဓိကကျသည့်အချက် ဖြစ်လာပါတယ်။ ဥရောပအဖို့လည်း အအေးလွန်တဲ့ အချိန်ကာလများမှာတောင်  ရုရှားရဲ့ရေနံနှင့် ဓာတ်ငွေ့တင်ပို့ မှုကို လက်မခံဘဲ တောင့်ခံဖို့ ပြင်ထားတာဖြစ်လို့ ရုရှားနှင့် အနောက်နိုင်ငံများအကြား အက်ကြောင်းက ကြာလေကြီးမားပြင်းထန်လာသလို သက်ရောက်မှုက ထိန်းမနိုင်သိမ်းမရ ဖြစ်လာနိုင်တဲ့ဆီကို နီးကပ်လာခဲ့ပါတယ်။ မကြာမီက ဂျာမနီကိုပို့နေတဲ့ Nord Stream 1 ပိုက်လိုင်း ပိတ်သိမ်းမှုနှင့်စပ်လျဉ်းပြီး စနေနေ့ညပိုင်းကပြောတဲ့ ယူကရိန်း သမ္မတ ဇီလန်စကီးရဲ့ မိန့်ခွန်းမှာ ဒါဟာ ယခုနှစ်ဆောင်းဦးရာသီအတွင်း ဥရောပနိုင်ငံများကို ပြတ်သားစွာ ထိုးနှက်ရန်အတွက် ရုရှားမှ ပြင်ဆင်ထားတာဆိုပြီး ပြောခဲ့တာကိုတွေ့ရပါတယ်။

စစ်ပွဲဟာ ရေရှည်ဖြစ်လာခဲ့မယ်ဆိုရင် ရုရှားအတွက် အခက်တွေ့လာဖို့ ရှိနေတဲ့အတွက် ပူတင်အဖို့ စစ်ပွဲကို အနိုင်ရဖို့ ဒုတိယနည်းလမ်းဖြစ်တဲ့ စွမ်းအင်လက်နက်ကို သုံးပြီး သူ့အလိုကိုလိုက်ဖို့ ခြိမ်းခြောက်မှုက အလုပ်ဖြစ်ပါ့မလားဆိုတာ ဒီနှစ်ဥရောပဆောင်းရာသီကိုကြည့်ရမှာဖြစ်ပါတယ်။ ဒီလိုစွမ်းအင်ကို အကျပ်ကိုင်ပြီး လက်နက်အဖြစ်သုံးတဲ့ ရုရှားလုပ်ရပ်က ယခုအချိန်မှာ မှားတယ်/မှန်တယ်ဆိုတာ ပြောရခက်ပေမယ့် နောင်တစ်ချိန် ဒီလိုအခင်းအကျင်းတွေ ပြီးစီးသွားတဲ့အချိန်အခါမှာ ရုရှားစွမ်းအင်ကုမ္ပဏီတွေအနေနဲ့ နာမည်ပျက်ဖို့ရှိသလို စာချုပ် ဖောက်ဖျက်မှုတွေကြောင့် လျော်ကြေးတွေ ဘီလီယံနဲ့ချီပြီး ပေးရဖို့လည်း ရှိလာနိုင်ပါတယ်။လက်ရှိမှာလည်း G-7 က သတ်မှတ်တဲ့ ရုရှားရေနံကို ကန့်သတ်စျေးနှုန်းနဲ့သာ ရောင်းချဖို့ ဆုံးဖြတ်မှုက ရုရှားအတွက် အရှိုက်ကို အထိုးခံရသလို ဖြစ်စေပြီး ရုရှားရဲ့နိုင်ငံခြားဝင်ငွေကို ဆိုးရွားစွာထိခိုက်စေမှာ ဖြစ်ပါတယ်။

ဒါအပြင် ကန့်သတ်စျေးနှုန်းထက်ပိုတဲ့ စျေးနဲ့ဝယ်တဲ့ နိုင်ငံတွေနဲ့ ကုမ္ပဏီတွေ၊သယ်ဆောင်ပေးတဲ့ လုပ်ငန်းတွေကိုလည်း ကန့်သတ်ပိတ်ဆို့မှုတွေ ၊ အမည်ပျက်စာရင်းတွေထည့်မှာဖြစ်လို့ ဒါဟာ ရုရှားရေနံလုပ်ငန်းတစ်ခု လုံးကို ရေရှည်မှာ ပြိုလဲဖို့ ခိုင်လုံတဲ့ အကြောင်းရင်းဖြစ်စေမှာ သေချာနေပါတယ်။ ရုရှားရဲ့ ဓာတ်ငွေ့ဖြတ်တောက်မှုကြောင့် ဥရောပစီးပွားရေးပြိုလဲသွားနိုင်တဲ့အခြေအနေဖြစ်နေသလို အီးယူနဲ့ G-7 သဘောတူဆုံးဖြတ်မှုကြောင့် ရုရှားရေနံလုပ်ငန်းနဲ့ စီးပွားရေးပါ ပြိုလဲဖို့ ရှိနေပါတယ်။ ဒီအခြေအနေမှာ ရုရှားနဲ့ ဥရောပနိုင်ငံတွေအကြား ဖြစ်ပွားမယ့် စစ်ဟာ လက်တစ်ကမ်းသာလိုနေတော့တဲ့အနေအထားပါ။ ဒီအတွက် ရုရှားရော ဥရောပသမဂ္ဂကပါ နောက်ပြန်မလှည့်ကျတဲ့ လမ်းကိုရွေးနေပြီဖြစ်လို့ ပြင်းထန်တဲ့ ထိပ်တိုက်ရင်ဆိုင်မှု ဘယ်အချိန်မှာ ထဖြစ်မလဲ ဆိုတာ ရင်တမမစောင့်ကြည့်ရတော့မယ့် အချိန်အခါကို ရောက်လာနေပြီဖြစ်ပါတယ်။

အဆိုပါသတိထားစရာ အဆိုပါသတင်းများအပြင် ဒီတစ်ပတ်မှာ စီးပွားရေးဆိုင်ရာသတင်းတွေအဖြစ် ယူရိုငွေအသုံးပြုတဲ့နိုင်ငံတွေမှာ ငွေကြေးဖေါင်းပွမှု ၉.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့တာ၊ သီရိလင်္ကာကို IMF က ချေးငွေ ဒေါ်လာ ၂.၉ ဘီလီယံပေးရန် ပဏာမ သဘောတူလိုက်တာ၊ အမေရိကန်ရဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်း တင်ပို့မှုကန့် သတ်တာကို တရုတ်က ဆန့်ကျင်ရှုတ်ချခဲ့တာ ၊ ရုရှားနိုင်ငံမှာ ဒီတစ်ပတ်ထဲ (၇) ကြိမ်မြောက် အရှေ့စီးပွားရေး ဖိုရမ်ကို ကျင်းပခဲ့တာ စတဲ့သတင်းတွေအပြင် မြောက်ကိုရီးယားက ကုလလူ့အခွင့်အရေးဆိုင်ရာမြောက်ကိုရီးယား ကိုယ်စားလှယ်ကို အမေရိကန်ရုပ်သေးလို့  စွပ်စွဲလိုက်တာလို့ ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ရုရှားသံအမတ် ပေကျင်းမှာ တွေ့ဆုံခဲ့တာမျိုး၊ ရုရှားနိုင်ငံကို တရုတ်ထိပ်တန်း ဥပဒေပြုအမတ် သွားရောက်ခဲ့တာမျိုး၊ သီရိလင်္ကာကနေထွက်ပြေးခဲ့တဲ့ သမ္မတ ပြည်တော်ပြန်လာခဲ့တာမျိုး၊ အာဂျင်တီးနား ဒု-သမ္မတ သေနတ်နဲ့ ပစ်ခတ်လုပ် ကြံခံရတာမျိုး၊ထိုင်ဝမ်ကို လက်နက် တစ်ဘီလီယံကျော်ရောင်းချဖို့ အမေရိကန်က အတည်ပြုခဲ့တာမျိုး နိုင်ငံရေးဆိုင်ရာ သတင်းတွေ၊  ဝေါလ်မတ်စတိုးထဲ လေယာဉ်ထိုးဆင်းမယ်လို့ ခြိမ်းခြောက်လို့ ဈေးဝယ်သူတွေကို အရေးပေါ်ရွှေ့ ပြောင်းပေးခဲ့ရတဲ့ သတင်းတွေ၊ ကနေဒါမှာ ဓါးထိုးမှုဖြစ်လို့ လူ ၁၀ ဦးသေပြီး အများအပြား ဒဏ်ရာရခဲ့တဲ့သတင်းတွေ၊ စစ်တကောင်းကုန်သေတ္တာဆိပ်ကမ်းမီးလောင်လို့ လူ ၄၀ ကျော် သေဆုံးခဲ့ရတဲ့ သတင်းတွေ စတဲ့ သတင်း တွေလဲ ဖြစ်ခဲ့တာကို တင်ပြရင်း ယခုရက်သတ္တပတ်နိုင်ငံတကာသတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။  

မင်းထက်