【တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက် 】ဥရောပကို ခြိမ်းခြောက်လာတဲ့ ရုရှားကျူးကျော်စစ်

【တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက် 】ဥရောပကို ခြိမ်းခြောက်လာတဲ့ ရုရှားကျူးကျော်စစ်

ယခုတစ်ပတ်အတွင်း နိုင်ငံတကာသတင်းတွေက စိတ်ဝင်စားစရာ အတော်ကိုကောင်းခဲ့ပါတယ်။ တစ်ကမ္ဘာလုံးစောင့်ကြည်နေခဲ့ကြတဲ့ ယူကရိန်းကို ရုရှားရဲ့ကျူးကျော်မှုက ယနေ့မှာ အခြေအနေတွေ ပြောင်းလဲလာပြီး ရုရှား က ပိုလက်ရဲဇက်ရဲ့ဖြစ်လာကာ မော်လ်ဒိုဗာထိ စကားပစ်လာပါတယ်။ နျူကလီးယားသုံးလာနိုင်တဲ့ ရုရှားကြောင့် အမေရိကန်ကလည်း သူတပ်တွေ တိုက်ခိုက်ဖို့ မစေလွှတ်ဘူးလို့ မဆိုလိုကြောင်း ပြောလာတဲ့အတွက် ရုရှားနဲ့ အမေရိကန်တို့ စစ်အေးခေတ်တုန်းကထက် တင်းမာမှုက ပိုမြင့်တက်လာခဲ့နေပါတယ်။

ရုရှားရဲ့ ပစ်မှတ်သစ်

ရုရှားတပ်တွေ ယူကရိန်းနိုင်ငံထဲ ကျူးကျော်ဝင်ရောက်နေတာ နှစ်လကျော်လာပြီ ဖြစ်ပါတယ်။ မေလ ထဲ မှာ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီကိုအနိုင်ယူခဲ့တဲ့ အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကျင်းပဖို့ နီးလာတာနဲ့အမျှ  အောင်ပွဲတစ်ခုကို ယူပြဖို့ ဘာပဲလုပ်ရလုပ်ရဆိုတဲ့ ပုံစံမျိုး ပူတင်ပုံစံက ဖြစ်လာပြီး ယူကရိန်းအရှေ့ပိုင်းမှာ စစ်ရေးအပြင်းအထန်ဆင်နွှဲလာနေပါတယ်။ ဒါဟာ အစောပိုင်းက ယူကရိန်းမှာ အလဲလဲအပြိုပြို ဖြစ်ခဲ့ရတဲ့ ရုရှား တပ်တွေရဲ့ဂုဏ်သိက္ခာနဲ့ ပြည်တွင်းမှာ ဆန့်ကျင်ကန့်ကွက်မှုတွေ တိုးလာနေတဲ့ ပူတင်အတွက် နောက်ဆုံးရုန်းထခြင်းဖြစ်မလားဆိုပြီး ခန့်မှန်းမှုတွေ ဥရောပစစ်ရေးအကဲခတ်တွေ ထင်မြင်ထားကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ရုရှားတပ်တွေဟာ ကိယက်ဗ်ကနေ အရှေ့ဘက်ကို တပ်တွေရွေ့ပြီး သာလွန်အင်အားတွေနဲ့ ဒွန်ဘတ်စ်ဒေသ ကိုသိမ်းယူဖို့ ကြိုးစားလာနေတာကိုတွေ့ရပါတယ်။ ဒီထဲမှာ မာရီယူပိုးလ်လို့ ဆိပ်ကမ်းမြို့ဟာ အပြင်းထန်ဆုံးခံရတဲ့အထိပါဘဲ။ ယခုထိ မာရီယူပိုးလ်မြို့ ရုရှားလက်ထဲ ကျဆုံးသွားပြီလား၊မကျဆုံးသေးဘူးလားဆိုတာ အတိအကျမသိရပေမယ့် မာရီယူပိုးလ်က သံမဏိစက်ရုံထဲမှာ ပိတ်မိနေတဲ့ အရပ်သားထောင်ဂဏန်းကျော် နဲ့ ယူကရိန်းတပ်ဖွဲ့တွေကို ရုရှားတပ်တွေ ပိတ်ဆို့ထားလို့ နိုင်ငံတကာနဲ့ ယူကရိန်းတပ်တွေက ဆွဲထုတ်နိုင်ဖို့ ကြိုးစားနေရပြီး ယခုထိ ရုရှားတပ်တွေက အရပ်သားတွေကိုပိတ်ဆို့ထားသလို ယင်တစ်ကောင်တောင် ဝင်လို့မရအောင် ပိတ်ထားဖို့ ပူတင်က ညွှန်ကြားထားပါတယ်။ နောက်ဆုံးသိထားသမျှဆိုရင် ယူကရိန်းအစိုးရဘက် က ဖမ်းဆီးရမိထားတဲ့ ရုရှားစစ်သုံးပန်းတွေနဲ့ ဒီပိတ်မိနေတဲ့ ယူကရိန်းအရပ်သားတွေ လဲထုတ်ဖို့ ရုရှားဘက်ကို ကမ်းလှမ်းထားတယ်ဆိုပါတယ် ဒါပေမယ့် ရုရှားဘက်က ဘာမှ အကြောင်းပြန်တာကို မတွေ့ရသေးပါဘူး။     

နိုင်ငံတကာကလည်း ဘူချာနဲ့ ကိယက်ဗက်မြို့အနားမှာ  ရုရှားတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ထားတဲ့ ယူကရိန်းအရပ်သားတွေလို မာရီယူပိုးလ်က သံမဏိစက်ရုံထဲ ပိတ်မိနေတဲ့ ယူကရိန်းအရပ်သားတွေ သတ်ဖြတ်ခံရမှာကို စိုးရိမ်နေပါတယ်။ တကယ်ကို လူသားမဆန်တဲ့ စစ်ဘီလူးစိတ်ရှိတဲ့ ရုရှားခေါင်းဆောင်ကို  ရင်ဆိုင်ဖို့ အမေရိကန်ဦးဆောင်ပြီး နိုင်ငံအတော်များများ ကျောချင်းကပ်ရင်ဆိုင်နေရတာဟာ  ယဉ်ကျေးမှုတိုးတက်ထွန်းကား ပါတယ်ဆိုတဲ့ ဒီဘက်ခေတ်မှာ မယုံနိုင်စရာပါ။ ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှု နောက်ဆုံးအဆုံးသတ်နေရာက ယူကရိန်းမှာဘဲလား၊ ဘယ်အထိပါသေးသလဲဆိုတာ နိုင်ငံတကာအနေနဲ့ ခန့်မှန်းနိုင်မှုတွေသာ လုပ်နိုင်သေးတဲ့ အနေအထားပါ။  ဒါပေမယ့် ဒီတစ်ပတ်မှာ ပြန်လည် ပြင်းထန်လာခဲ့တဲ့ ရုရှားရဲ့ ကျူးကျော်ထိုးစစ်ဒုတိယပိုင်းဖြစ်တဲ့

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ရုရှားဘက်က တပ်မှူးတစ်ယောက်က လက်ရှိ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး မထင်မှတ်ဘဲ  ပြောခဲ့ပါတယ်။ ဒီလိုပြောခဲ့လို့ သက်ဆိုင်ရာ  မော်လဒိုဗာက ကန့်ကွက်ရတဲ့အထိပါဘဲ။ ရုရှားနိုင်ငံရဲ့ အလယ်ပိုင်းစစ်ခရိုင်ဒုတိယအကြီးအကဲက လက်ရှိ စစ်ရေးဒုတိယအဆင့်နဲ့ ပတ်သက်ပြီးပြောခဲ့ရာမှာ ထွက် ပေါ် လာခဲ့တာပါ။ ဒါဟာ ယူကရိန်းစစ်မှာ မော်စကိုရဲ့ ရည်မှန်းချက်တွေကို အသေးစိတ် အကျဆုံးဖော်ပြမှုလည်း ဖြစ်ပါတယ်။ ရုရှားရဲ့ ဒုတိယထိုးစစ်ရည်မှန်းချက်အဖြစ်  ဒွန်ဘတ်စ် နဲ့ ယူကရိန်းတောင်ပိုင်းကို အပြည့်အဝ ထိန်းချုပ်ရန် ရုရှားက စီစဉ်ထားတယ်ဆိုပြီး ပြောခဲ့တာကနေ စခဲ့တာပါ။ ဒီလို ပြောခဲ့ရာမှာ ယူကရိန်း တောင်ပိုင်းကို အပြည့် အဝထိန်းချုပ်နိုင်ခဲ့ရင် မော်လ်ဒိုဗာနိုင်ငံက ရုရှားစကားပြော ခွဲထွက်ဒေသ ထရန်နစ်စထရီးယားကို ရုရှားက လက်လှမ်းမီဖို့ ပိုမိုလွယ်ကူသွားနိုင်တယ်ဆိုပြီး စစ်ရေးဆိုင်ရာရည်မှန်းချက်ကို ပြောခဲ့တာပါ။

မော်လ်ဒိုဗာက ရုရှားစကားပြောတဲ့သူတွေ ဖိနှိပ်ခံနေရတယ်ဆိုတဲ့ ပြောဆိုချက်ဟာ ရုရှား ယူကရိန်းကို ကျုးကျော်တဲ့ အကြောင်းပြချက်ဖြစ်ခဲ့လို့  ဒါဟာ ရုရှားအနေနဲ့ ယူကရိန်းပြင်ပအထိ စစ်ဘောင်ကိုချဲ့ဖို့ ရည်မှန်းထားတာကို ပထမဆုံး ဖွင့်ဟလိုက်တာပဲ ဖြစ်ပါတယ်။ ရုရှားအနေနဲ့ မဟာရုရှားဆိုတဲ့ အစဉ်အဆက်ရုရှားအိပ်မက်ကို လက်နက်အားကိုးနဲ့ တည်ဆောက်ဖို့ စိတ်ကူးက ယခုအခါမှာ ထိန်းမနိုင်သိမ်းမရ ပေါ်ပေါက်လာနေပြီ ဖြစ်ပါတယ်။

ရုရှား၏လက်နက်စမ်းသပ်မှုနှင့် အမေရိကန် ကစားနေတဲ့ ဗျူဟာ

ပြီးခဲ့တဲ့ ရက်ပိုင်းက ရုရှားကနေ  တိုက်ချင်းပစ် ဒုံးကျည်တစ်စင်းကို စမ်းသပ် ပစ်လွှတ်ခဲ့ပါတယ်။ ဒီတိုက် ချင်းပစ်ဒုံးကျည်ဟာ နောက်ဆုံးပေါ်အဖြစ် ရုရှားကဆိုပြီး သူရဲ့ပြိုင်ဘက်တွေ တွေဝေသွားစေရမယ် စွမ်းရည်ရှိတယ်ဆိုပြီး ရည်ညွှန်းခဲ့ပါတယ်။ လက်ရှိ လေကာစနစ်တွေက မတားနိုင်ဘူးလို့ ဆိုပြီး ပူတင်ကပြောခဲ့ပါတယ်။ ဒီလို ကြီးမားသောနျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သည့် တိုက်ချင်း ပစ်ဒုံးကျည်နဲ့ပတ်သက်ပြီး ရုရှားဘက်က ဂုဏ်ယူအမွှမ်းတင်နေပေမယ့် ပင်တဂွန်ကတော့ ဒါဟာ အမေရိကန်အတွက် သိသိသာသာ ခြိမ်းခြောက်မှု မဟုတ်ဘူးဆိုပြီး ယူဆခဲ့ပါတယ်။ ရုရှားက ပစ်လွှတ်စမ်းသပ်တဲ့ RS-28 Sarmat ဟာ ရုရှားရဲ့အင်အားအပြင်းဆုံး ICBM ဖြစ်ပြီး အလွန်လေးလံကြီးမားတဲ့ နျူကလီးယားလက်နက် တပ်ဆင်ထားတဲ့ တိုက်ချင်းပစ် ဒုံးကျည်ပါ။ ဒါပေမယ့် ဒီICBMကို နေတိုးအဖွဲ့က Satan 2 ဆိုပြီးမှတ်ထားခဲ့တာပါ။

ဒီဒုံးကျည်ကို ရုရှားက ၂၀၁၈ ခုနှစ်မှာ စမ်းသပ်ခဲ့ပြီး ဖြစ်လို့  အနောက်အုပ်စု အထူးသဖြင့် အမေရိကန်အတွက်  အသစ်မဟုတ်ပါဘူး။ ဒါပေမယ့် ဒီတိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်တဲ့နေ့မှာဘဲ ရုရှားက ယူကရိန်းအရှေ့ ပိုင်း စက်မှု အချက်အခြာဒေသကို ထိန်းချုပ်ဖို့ အသေအကြေ ထိုးစစ်စတင်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေးသာ ရုရှားအခြေလှခဲ့ရင် ယူကရိန်းဟာ နှစ်ပိုင်းကွဲထွက်သွားမယ် အနေအထားပါ။ ဒါပေမယ့် ဒီတစ်ခေါက်မှာ ယူကရိန်းရဲ့အနေအထား က ဖေဖေါ်ဝါရီ ၂၄ ရက် ရုရှားတပ်တွေ ထိုးစစ်ဆင်သလို အခြေအနေမျိုးမဟုတ်တော့သလို ရုရှားတပ်တွေကို အနောက်အုပ်စုထုတ်လက်နက်တွေနဲ့ ဖောဖောသီသီ ပြန်ခုခံနေနိုင်တဲ့အနေအထားဖြစ်သလို ရုရှားတပ်တွေ တပ်လှန်လာရတဲ့ ကိယက်ဗ့်လို ထိုးစစ်တွေက အတွေ့အကြုံကောင်းတွေရခဲ့ပြီးဖြစ်ပါတယ်။ ဒါအပြင် နိုင်ငံတကာထောက်ခံမှုနဲ့ ပြည်တွင်းထောက်ခံမှုတွေကြောင့် စိတ်ဓာတ်ရေးရာအရ အကောင်းဆုံးအနေအထားမှာရှိနေတဲ့အချိန်ပါ။

ရုရှားက ယူကရိန်းအရှေ့ ပိုင်း စက်မှုအချက်အခြာဒေသကို အသေအကြေ ထိုးစစ်စတင်တဲ့အခါ အမေရိ ကန်သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေကို အိမ်ဖြူတော်ခေါ်ပြီးဆွေးနွေးခဲ့ပါတယ်။ သတင်းတွေအရဆိုရရင် ယူကရိန်းကိုဆင်နွှဲနေတဲ့ ရုရှားတပ်တွေနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေနဲ့ ယူကရိန်းကိုလက်နက် တောက်ပံ့ဖို့ ဖြစ်ပါတယ်။ ယူကရိန်းအနေနဲ့  ရုရှားကိုအလဲလဲအကွဲကွဲ ဖြစ်အောင် တုံ့ ပြန်နိုင်တာဟာ အထူးသဖြင့် အမေရိကန်က ထောက်ပံ့တဲ့ လက်နက်တွေ စစ်ရေးအကူအညီတွေက အဓိက အထောက်အပံ့ပါဘဲ။ဒါကြောင့်လည်း ရုရှားက စစ်ရေးထောက်ပံ့ရင် ပြင်းပြင်းထန်ထန်တုံ့ ပြန်မယ်ဆိုပေမယ့်  အမေရိကန်ဘက်က ဂရုတောင်မစိုက်ခဲ့ပါဘူး။ လက်ရှိမှာ အမေရိကန်က သန်း၈၀၀ ဖိုးရှိတဲ့ လက်နက်တွေ ယူကရိန်းသို့ ထောက်ပံ့ခဲ့ပြီး ဖြစ်ပေမယ့် လာမည့်ရက်ပိုင်းအတွင်းတွင်လည်း စစ်ဘက်ဆိုင်ရာအကူအညီအသစ်များ ပေး ဆောင်သွားဖို့ ပြင်ဆင်နေတဲ့ သတင်းတွေ ထွက်နေပါတယ်။ ရုရှားအတွက် ဒါက မခံချိမခံသာဖြစ်စေမယ် လုပ်ရပ်တွေပါ။  

လက်ရှိမှာ အမေရိကန်နဲ့ အနောက်အုပ်စုဖြစ်တဲ့ နေတိုးအုပ်စုဝင်တွေ ထောက်ပံ့တဲ့ စစ်ရေးအကူအညီက ဒေါ်လာ ၃ ဘီလျံကျော်လောက်ရှိနေသလို  ရုရှားဘက်က မြို့ပြတွေ အများစုရှိရာ အရှေ့ပိုင်းကို တိုက်ခိုက်လာနေတဲ့ အတွက် အရေးတကြီးလိုလာတဲ့ လက်နက်ကြီးတွေ၊အမြှောက်တွေ တင့်ကားတွေ ပို့ပေးဖို့ အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါက ကတိပြုထားသလို စလည်းပေးပို့နေပြီ ဖြစ်ပါတယ်။

ရုရှား ကျူးကျော်မှုကြောင့် ယခုထိ ပူတင်အနေနဲ့ ထိမိတဲ့ သိမ်းပိုက်မှုကို မပြနိုင်သေးပေမယ့် အပြင်းအထန်ကာကွယ်နေတဲ့ ယူကရိန်းပြည်သူတွေကြောင့် ရုရှားအထိနာမှုက အဘက်ဘက်မှာ ဖြစ်နေလို့ ပူတင်အနေနဲ့ ကျားနာခဲ.. ခဲသလို  စေ့စပ်ပြေငြိမ်းရေးကို လက်မခံသလို အရပ်သားတွေကို သတ်ဖြတ်မှုတွေဟာလည်း တစ်နေရာ ပြီး တစ်နေရာပေါ်ပေါက်လာနေပါတယ်။ဒါဟာ ရုရှားဘက်မှာ ထိန်းချုပ်မှု ဘယ်လောက်ဖရိုဖရဲဖြစ်နေသလဲဆို တာ ကို ပြနေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ ယူကရိန်းပြည်သူတွေနဲ့ အတူ နိုင်ငံတကာခေါင်းဆောင်တွေ ရပ်တည်နေပြီး မော်လ်ဒိုဗာကို သိမ်းဖို့အထိ ရည်မှန်းချက်ရှိနေတဲ့အတွက်  ရုရှားကို အရင်က တိတိလင်းလင်း မဆန့်ကျင်တဲ့ နိုင်ငံတွေတောင် ဆန့်ကျင်လာနေကြပြီ ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာ စစ်ရေးနိုင်ငံရေးအပြောင်းအလဲတွေက ဥရောပမှာ ဆက်တိုက် ဆိုသလို ဖြစ်ခဲ့ပါတယ်။ ပင်လယ်နက်ဒေသကို ဖြတ်ပြီး စစ်လေယာဉ်တွေ ရေယာဉ်တွေ ဖြတ်ခွင့်ကို တူရကီက ပိတ်ချလိုက်သလို ပြင်သစ်ကလည်း ယူကရိန်းကို တင့်ကားတွေ စစ်လက်နက်တွေထောက်ပံ့မှုတွေ လုပ်ခဲ့ပါတယ်။ အထူးသဖြင့် တူရကီရဲ့ ပင်လယ်နက်ဖြတ်သန်းခွင့် ရုရှားကိုပိတ်ချခြင်းက ပူတင်ကိုဒေါသူပုန်ထစေသလို တူရကီ အနေနဲ့လည်း အရှေ့အလယ်ပိုင်းက စစ်သွေးကြွတွေကို ယူကရိန်းကို ခေါ်ဆောင်မယ့် ရုရှားအစီအစဉ်က ရေရှည် မှာ သူ့နိုင်ငံအတွက် ထိခိုက်နိုင်စေမှာဖြစ်လို့ နောက်ထပ် ရုရှား-တူရကီ ပြဿနာတစ်ခုကို တွေ့ရဖို့ များနေပါ တယ်။

ယူကရိန်းအရေးဟာ တဖြေးဖြေးကျယ်ပြန့် လာနေပြီး ရုရှားအနေနဲ့ နျူကလီးယားလက်နက်သုံးနိုင်တဲ့အထိ ကို ဖြစ်လာနိုင်ခြေက အရမ်းများလာနေပါတယ်။ ယခင်ဆိုဗီယက်အုပ်စုဝင်နိုင်ငံဟောင်းတွေရော၊ ဩဇာခံတွေ ကို ပါ လက်နက်နဲ့ခြိမ်းခြောက်ပြီး အနိုင်ကျင့် သိမ်းယူဖို့ရည်ရွယ်ရင်းရှိနေတဲ့ ရုရှားကြောင့် စစ်ဟာ ဥရောပအနောက် ပိုင်းထိ ကျယ်ပြန့် လာနိုင်ခြေရှိနေပါတယ်။ ဥရောပနိုင်ငံရေးမှာလည်း ပြင်သစ်မှာဆိုရင်  သမ္မတက မက်ခရွန်ဘဲ ပြန်ရွေးကောက်ခံရတဲ့အတွက် ဥရောပဟာ ရုရှားကို ခုခံဖို့ သဘောထားတင်းမာသူတွေချည်းစုထားသလို ဖြစ်လာ နေပါပြီ။ ဒီရက်ထဲမှာ ကိယက်ဗ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်နဲ့ ‌ကာကွယ်ရေးဝန်ကြီးဘလင်ကန် သွားခဲ့သလို ဘလက်ကန်က ရုရှားစစ်ရေးမှာ ရှုံးတော့မယ်ဆိုပြီး ပြောခဲ့ပါတယ်။

ရုရှားကို နျူလက်နက်မသုံးဖို့ အမေရိကန်က ဒီတစ်ပတ်မှာပြောခဲ့သလို အမေရိကန်တပ်တွေ မလွှတ်ဘူး ဆိုတာ မဖြစ်ဘူးလို့  ပြောခဲ့တာလည်းရှိခဲ့လို့ ထိပ်တိုက်တွေ့နိုင်တဲ့အလားအလာက မြင့်တက်လာနေပါတယ်။ နေတိုးကလည်း ရုရှားနဲ့အနီးဆုံးထိ နေတိုးအဖွဲ့ဝင်နိုင်ငံတွေမှာ စစ်အခြေစိုက်စခန်းတွေ ထားဖို့ ပြင်နေတဲ့အတွက် စစ်ရေးက အတော်လေးခန့်မှန်းရခက်တာထက် ဘယ်အချိန်ထဖြစ်မလဲဆိုတာ ပိုစိတ်ဝင်စားစရာပါ။မနက်ဖြန် ဘာတွေ ဖြစ်ဦးမလဲဆိုတာ စောင့်ကြည့်ရုံကလွဲပြီး မရှိပါဘူး။

 

မင်းထက်