【တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက် 】ဥရောပမှာ စစ်ရိပ်စစ်ငွေ့တကယ်သန်းနေပြီလား

【တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက် 】ဥရောပမှာ စစ်ရိပ်စစ်ငွေ့တကယ်သန်းနေပြီလား

ယခုနှစ်အတွင်း နိုင်ငံတကာသတင်းတွေက ယခင်ယခင်နှစ်တွေနဲ့ မတူဘဲ စစ်မက်ရေးရာနဲ့ နိုင်ငံကြီးများကြား တင်းမာမှုသတင်းတွေ ဆက်တိုက်ဆိုသလို ဖြစ်နေခဲ့ပါတယ်။ ယခုရက်သတ္တပတ်မှာ ဥရောပရဲ့ စစ်မဟာမိတ် အဖွဲ့အစည်းဖြစ်တဲ့ NATO အဖွဲ့က  တရုတ်ကို မဟာဗျူဟာကျကျစိန်ခေါ်သူအဖြစ် မူဝါဒထဲ ထည့်ခဲ့သလို ရုရှားကိုလည်း ဥရောပလုံခြုံရေးကို တိုက်ရိုက်စိန်ခေါ်သူအဖြစ်သတ်မှတ်ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ကြီးငြိမ်းချမ်းရေးအခြေအနေကို  ဒုတိယကမ္ဘာ့စစ်မဖြစ်မီ ၁၉၃၉ ခုနှစ်အခြေအနေ ပြန်ရောက်သွားစေခဲ့တာပဲ ဖြစ်ပါတယ်။

ဥရောပနဲ့ သက်ဆိုင်တဲ့ သတင်းတွေကို ဒီတစ်ပတ်ကြည့်မယ်ဆိုရင် ထူးခြားမှုတစ်ခုကို တွေ့ရမှာဖြစ်ပါတယ်။ ဒါက ဥရောပတစ်ခုလုံး ယူကရိန်းစစ်ကို အာရုံစိုက်နေကြတာဖြစ်ပြီး ရန်သူအငွေ့အသက်ရနေတဲ့ သားရဲ တိရစ္ဆာန်များပမာ အားလုံးဂဏာမငြိမ် လှုပ်လှုပ်ရွရွဖြစ်နေတာကိုပါ။ NATO ထိပ်သီးဆွေးနွေးပွဲ ပြင်ပမှာ တွေ့ဆုံတဲ့ ဂျပန်၊တောင်ကိုရီးယားနဲ့ အမေရိကန်စတဲ့ သုံးနိုင်ငံထိပ်တန်းခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲပြင်ပတွေ့ဆုံမှုကြောင့် မြောက်ကိုရီးယားက သူရဲ့ စစ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့ အရေးတကြီးလိုနေပြီဆိုပြီး ဒီတစ်ပတ်မှာ ထုတ်ပြန်ခဲ့တာကိုလည်း တွေ့ရပြန်ပါသေးတယ်။

တကယ်တော့ ဒီတစ်ပတ်မှာ စိတ်ဝင်စားစရာဖြစ်ခဲ့တာက NATO ထိပ်သီးအစည်းအဝေးပါဘဲ။ ဒီအစည်းအဝေးကနေ ဖြစ်လာတဲ့ အခင်းအကျင်းကြောင့် နိုင်ငံတကာ သံတမန်ရေးရာမှာ ဂယက်ရိုက်မှုတွေ၊ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်အပေါ် ဘယ်လိုသက်ရောက်လာနေတာတွေ၊ အင်အားကြီးနိုင်ငံတွေရဲ့ စစ်ရေးနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ကမ္ဘာတစ်ခွင်နဲ့ ဒေသတွင်းတွေမှာ တင်းမာမှုမြင့်တက်လာတာတွေက  ဒီတစ်ပတ်မှာ အကောင်းဆုံး ဖော်ပြချင်စရာ အကြောင်းအရာတွေ ဖြစ်ခဲ့ပါတယ်။

ဥရောပရဲ့ စစ်ရေးစစ်ရာအခြေအနေ

ဇွန် ၂၉ ရက်က စတင်ကျင်းပခဲ့တဲ့ NATO လို့ခေါ်တဲ့ မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ထိပ်သီး အစည်းအဝေးမှာ အမေရိကန်အပါအဝင် အဖွဲ့ဝင် နိုင်ငံပေါင်း ၃၀က ခေါင်းဆောင်တွေဟာ လတ်တလော နိုင်ငံတကာ အခင်းအကျင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီအစည်းအဝေးမှာ နိုင်ငံတကာခေါင်းဆောင်တွေက ရုရှားကျူးကျော်မှုကိုခံနေရတဲ့ ယူကရိန်းကို ထောက်ပံ့ကူညီဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့သလို NATO အဖွဲ့ထဲဝင်ဖို့ အခက်အခဲ ဖြစ် နေတဲ့ ဆွီဒင်နဲ့ ဖင်လန်ကိစ္စကိုလည်း ရှင်းလင်းခဲ့ပါတယ်။ဆွီဒင်နဲ့ ဖင်လန်   NATO အဖွဲ့ထဲဝင်ဖို့ အဓိက ကန့်ကွက် နေတဲ့ တူရကီက ထိပ်သီးအစည်းအဝေးမစခင်မှာဘဲ သဘောတူညီချက်ရခဲ့လို့ ကန့်ကွက်ချက်ကို ရုပ်သိမ်းပေးခဲ့ပါတယ်။

ရုပ်သိမ်းချက်က လွယ်လွယ်နဲ့ ရခဲ့တာမဟုတ်ပါဘူး။ PKKလို့ ခေါ်တဲ့ တူရကီနဲ့ ဆီးရီးယားနယ်စပ်အခြေစိုက် ကာခ့်လူမျိုးလက်နက်ကိုင်တွေအပေါ်ထိုးစစ်ဆင်တာတွေနဲ့ ဆွီဒင်နှင့် ဖင်လန်တို့မှ ကာ့ဒ်တိုက်ခိုက်ရေးသမား ၃၃ ဦးအား လွှဲပြောင်းရယူဖို့တွေနဲ့ အလဲအလှယ်လုပ်ခဲ့ရသလို အမေရိကန်ဆီကနေ ကာလကြာရှည်စွာ ခွင့်ပြုချက် တောင်းခံခဲ့တဲ့ F-16 ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူခွင့်ကိုလည်း အမေရိကန်ဘက်က ခွင့်ပြုပေးခဲ့ရပါတယ်။

ဆွီဒင်နှင့် ဖင်လန် NATOအဖွဲ့ထဲ ဝင်တာဟာ ရုရှားအတွက် အိပ်မက်ဆိုးပါဘဲ။ နောဒစ်နိုင်ငံတွေလို့ ခေါ် တဲ့ ဒီနိုင်ငံတွေက အစဉ်အဆက်အားဖြင့် ကြားနေနိုင်ငံတွေပါ။ ယူကရိန်းကို ရုရှားက တစ်ဘက်သက် ကျူး‌ကျော် မှုက ဒီလိုကြားနေနိုင်ငံတွေရဲ့ အမြင်ကို ပြောင်းလဲစေခဲ့ပါတယ်။ ရုရှားနဲ့ထိစပ်နေတဲ့ ဖင်လန်အတွက်လည်း သူ့ နိုင်ငံအချုပ်အခြာအာဏာပိုင်ဆိုင်မှုအတွက် အာမခံချက်မရှိနိုင်ဘူးလို့ နားလည်လာပုံရပါတယ်။ ဒီအခြေအနေကြောင့်လည်း NATOနဲ့ ရုရှားနယ်နမိတ်ထိစပ်မှုက ရှိလာခဲ့သလို ရုရှားအတွက် အထိမခံနိုင်တဲ့ အခြေအနေတစ်ခုကို ရောက်ရှိလာခဲ့ပါတယ်။NATO ကနေ ဒီဒေသမှာ ဒုံးကျည်တွေလာဖြန့်ကျက်ထားရင် ရုရှားဘက်ကနေ ပြင်းပြင်းထန်ထန်တုံ့ပြန်မယ်ဆိုပြီး ပြောခဲ့တာတွေအထိ ဖြစ်ခဲ့ပါတယ်။

ဇွန် ၂၉ ရက်က စတင်ကျင်းပခဲ့တဲ့ NATOထိပ်သီးအစည်းအဝေးမှာ တူရကီရဲ့ ကန့်ကွက်ချက် ရုပ်သိမ်းမှုက ဥရောပအတွက် ရုရှားရန်ကိုတုံ့ပြန်ဖို့အတွက် စည်းလုံးသောဥရောပကို ပြနိုင်ခဲ့တယ်ဆိုပါတယ်။ အမေရိကန်သမ္မတက ဥရောပမှာ ပြောင်းလဲနေတဲ့ လုံခြုံရေးအခြေအနေအရ လုံခြုံရေးကို စုပေါင်းအားဖြည့်တဲ့အနေနဲ့ အမေရိကန်တပ်တွေထပ်ဖြည့်မယ်အစီအစဉ်ကို မက်ဒရစ်မှာ အစည်းအဝေးမစခင်မှာ ကြေညာခဲ့ပါတယ်။ ဒီအစီအစဉ်မှာ ကုန်းကြောင်း၊ရေကြောင်း၊လေကြောင်းကစတဲ့ ဘက်ပေါင်းစုံကနေ လာတဲ့ ရန်တွေကို NATOအဖွဲ့အနေနဲ့ ကာကွယ်နိုင်ဖို့ မဟာမိတ်တွေနဲ့ ပြင်ဆင်ထားမယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဥရောပမှာ ငြိမ်းချမ်းရေးပျက်ပြားအောင် ရုရှားသမ္မတ ပူတင်ကလုပ်နေပေမယ့် အမေရိကန်နဲ့ မဟာမိတ်တွေက လုံခြုံတည်ငြိမ်အောင် တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ အမေရိကန်သမ္မတက ပြောကြားခဲ့သလို NATO အဖွဲ့ဝင်နိုင်ငံတွေမှာ အမေရိကန် တိုက်လေယဉ်တွေ၊ ဖျက်သင်္ဘောတွေအပြင် တပ်သားအင်အားကို တိုးမြှင့်သွားမယ်လို့လည်း ကြေညာခဲ့ပါတယ်။

ဒီလိုကြေညာမှုကြောင့်‌ ဒီနှစ်အစောပိုင်းက ဥရောပကို အမေရိကန်တပ်ဖွဲ့ ၂၀၀၀၀ လွတ်ထားခဲ့တဲ့ အတွက်တပ်ဖွဲ့ဝင် တစ်သိန်းအထိရှိနေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်အရေအတွက်ဟာ နောက်ထပ်တပ်ဖွဲ့ဝင်တိုးလာမှာ ဖြစ်လို့ ဥရောပမှာ ဒုတိယကမ္ဘာစစ်နဲ့စစ်အေးခေတ်နောက်ပိုင်း အင်အားအများဆုံးချထားမှု ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ အမေရိကန်အနေနဲ့  ပိုလန်မှာ အမေရိကန် အမှတ် ၅ စစ်တပ် အဖွဲ့အတွက် အမြဲတမ်း ဌာနချုပ်ထားရှိမယ့် အကြောင်း၊ ရိုမေးနီးယားက ဌာနချုပ်မှာတော့ တပ်ဖွဲ့ဝင် ၃၀၀၀ နဲ့ တခြားတာဝန်ရှိသူ ၂၀၀၀ တို့ ပါဝင်တဲ့ အလှည့်ကျ တပ်မဟာ တစ်ခု ထပ်မံထားရှိမယ့် အကြောင်းနဲ့ ဗြိတိန်မှာတော့ F-35 တိုက်လေယာဉ် တပ်ဖွဲ့ ၂ ဖွဲ့ ထပ်မံစေလွှတ်မယ့် အကြောင်း သမ္မတ ဘိုင်ဒင်က ပြောဆိုခဲ့ပါတယ်။ NATO အဖွဲ့အကြီးအကဲ ဂျွန်စတိုလန်ဘာဂျ် က လည်း  မဟာမိတ်အဖွဲ့အင်အားကို သုံးသိန်းအထိ တိုးချဲ့ဖို့ ပြောလာခဲ့ပါတယ်။

ဒီထိပ်သီးအစည်းအဝေးမှာ NATO အဖွဲ့ရဲ့ မူဝါဒ အလှည့်အပြောင်းအဖြစ် ရုရှားကို အရေးကြီးဆုံးနဲ့ တိုက်ရိုက်ခြိမ်းခြောက်မှုအဖြစ်သတ်မှတ်ခဲ့သလို ရုရှားရဲ့ရန်လိုမှု၊ တရုတ်နိုင်ငံကြောင့် ဖြစ်ပေါ်လာတဲ့ စိန်ခေါ် အကဲစမ်းမှုတွေနဲ့ နှစ်နိုင်ငံကြား မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုပိုပြီး ခိုင်မာလာမှုဟာလည်း အဓိက ဦးစားပေး ဖြေရှင်းရမယ့်ကိစ္စတွေအဖြစ် ဖော်ပြခဲ့တာကိုတွေ့ရပါတယ်။ဒီလို NATOအဖွဲ့က သတ်မှတ်ခဲ့တဲ့အပေါ် သက်ဆိုင်ရာနိုင်ငံတွေဘက်က ပြန်လည်တုံ့ပြန်မှု ပြင်းထန်ခဲ့ပါတယ်။

ရုရှားနိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က နေတိုးအဖွဲ့သည် ရုရှားအား မဟာဗျူဟာ လုံခြုံရေးခြိမ်းခြောက်မှုအဖြစ် ရှုမြင်နေခြင်းက အမှန်မဟုတ်ကြောင်းနှင့် NATO ကသာလျှင် ရုရှားအပေါ် ခြိမ်းခြောက်မှု ရှိနေခြင်းဖြစ်ကြောင်း ထိုနေ့ မှာဘဲ  မီဒီယာများကို ပြောခဲ့ပြီး NATO အဖွဲ့ဟာ တာဝန်ယူမှုမရှိတဲ့ အပြင် ဥရောပလုံခြုံရေးမူဝါဒကိုလည်း ဖျက်ဆီးနေကြောင်း ရှုတ်ချခဲ့ပါတယ်။ ဒါအပြင် မက်ဒရစ်ထိပ်သီးအစည်းအဝေးဆုံးဖြတ်ချက်ဟာ  ရုရှားမူဝါဒအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။  

တရုတ်ဘက်ကလည်း တရုတ်အား “စနစ်ကျသော စိန်ခေါ်မှု” အဖြစ် သတ်မှတ်ခြင်းက မှားယွင်းနေကြောင်း၊ တရုတ်နိုင်ငံသည် ယင်းအပေါ် အထူးဂရုပြုကြောင်းနှင့် အခိုင်အမာဆန့်ကျင်ကြောင်း၊ “နေတိုး အဖွဲ့ ကသာ ကမ္ဘာ့တည်ငြိမ်ရေးနှင့် လုံခြုံရေး၏ ‘စနစ်ကျသော စိန်ခေါ်မှု’ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက  ပြောခဲ့ပါတယ်။

ဒီလို ရုရှားနဲ့တရုတ်ကို အရေးကြီးဆုံးစိန်ခေါ်သူနဲ့ မဟာဗျူဟာမြောက် စိန်ခေါ်သည့်နိုင်ငံတွေအဖြစ် NATO အဖွဲ့ရဲ့သတ်မှတ်မှုက ဥရောပမှာ ရှိတဲ့တင်းမာမှုကို ပိုပြီး ဆိုးရွားလာစေခဲ့သလို ရုရှားနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ တရုတ်အပေါ် ဖိအားလည်းဖြစ်စေခဲ့ပါတယ်။ ဒီလို သတ်မှတ်ချက်တွေ ထွက်ပြီး နောက်မှာ ဥရောပ အခင်းအကျင်းဟာ အတော်လေး အကဲဆတ်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ယူကရိန်းအပေါ် ဆင်နွဲနေတဲ့ ရုရှားကျူးကျော်စစ်ဟာ စစ်ပွဲကြီးတစ်ခုရဲ့ အစဖြစ်လာမလားဆိုတာ ထင်မြင်ခဲ့မှုတွေဟာ လက်ရှိအခင်းအကျင်းတွေအရ ဖြစ်လာနိုင်ခြေရှိတဲ့ဘက်ကို တရွေ့ရွေ့နီးကပ်လာနေပါတယ်။ ဒုတိယကမ္ဘာ့စစ်အပြီး အနောက်နိုင်ငံတွေဖွဲ့ခဲ့တဲ့ NATOအဖွဲ့ဟာ ယခုအချိန်မှာ အင်အားတိုးချဲ့မှုတွေသာမက သူ့အဖွဲ့ဝင်နိုင်ငံတွေရဲ့ပိုင်နက်မြေတစ်လက်မကိုမှ ထိပါးမခံဘူးလို့ပြောခဲ့သလို ရုရှားပတ်လည်က အနီးစပ်ဆုံး နေရာတွေအထိ NATOတပ်တွေ ရွှေ့ပြောင်းနေရာချနေတာတွေက စစ်ပွဲတစ်ခုအတွက် လက်ဦးမှုရယူဖို့ ပြင်ဆင်နေတဲ့ သဘောကိုတွေ့ရပါတယ်။ NATO အဖွဲ့ ထိပ်သီးစည်းဝေးပွဲ နောက်ဆုံးနေ့မှာ အဖွဲ့ အကြီးအကဲ ဂျွန်စတိုလန်ဘာချ်က တကယ်လို့ မြောက်အတ္တလန်တိတ်စာချုပ် NATO အဖွဲ့နဲ့ ရုရှားကြား စစ်ပွဲတွေဖြစ်လာခဲ့မယ်ဆိုရင် ကြီးမားတဲ့ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်လာမယ်ဆိုပြီး ရုရှားကို သတိပေးခဲ့ပါတယ်။

ရုရှားအတွက် ယူကရိန်းစစ်ဟာ အဝင်လွယ်ပြီး အထွက်ခက်တဲ့ စစ်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီရက်ပိုင်း ယူကရိန်းစစ်ပွဲသတင်းတွေကိုကြည့်ရင် စစ်ပွဲစကတည်းက သိမ်းယူခဲ့တဲ့ မြွေကျွန်းကနေ ရုရှားတပ်တွေ ဆုတ်ခွာခဲ့ရသလို ယူကရိန်းအရှေ့ပိုင်း Luhansk ဒေသက ယူကရိန်းတွေထိန်းချုပ်ထားဆဲဖြစ်တဲ့ နောက်ဆုံးမြို့ Lysychansk ကို သိမ်းယူနိုင်ခဲ့တာလည်းရှိခဲ့ပါတယ်။ ဇူလိုင် ၃ ရက်က ဆိုရင် ရုရှားဘက်က မြို့ကို ယူကရိန်းက ဒုံးကျည်နဲ့ ပစ်ခတ်လို့ ရုရှားဘက်မှာ လူသေဆုံးတာတွေ ထိခိုက်တာတွေ ရှိခဲ့ပါတယ်။ ဒီအတွက် ယူကရိန်းဘက်က ပြောခဲ့တာက ဒီဖြစ်ရပ်တွေဟာ ရုရှားကျူးကျော်မှု၏ အကျိုးဆက်များသာဖြစ်တယ်ဆိုပြီး ပြောခဲ့ပါတယ်။ နှစ်ဘက်အကြား အပြန်အလှန်စစ်သုံးပန်းလဲလှယ်တာတွေ၊ အင်ဒိုနီးရှားသမ္မတရဲ့ ယူကရိန်း-ရုရှားနှစ်နိုင်ငံခရီးစဉ်မှာ စစ်ပွဲရပ်ဖို့ ကြားဝင်ခဲ့တာတွေ ရှိခဲ့ပေမယ့် လက်ရှိအခြေအနေကိုကြည့်ရင် အနောက်အုပ်စုအနေနဲ့ ရုရှားကို စစ်ပွဲထဲကနေ ထွက်ခွင့်ပေးမယ့် အခြေအနေမရှိပါဘူး။

လက်ရှိမှာ ရုရှားဘက် လှုပ်ရှားမှုတွေက အနည်းငယ်ငြိမ်လာနေပြီး အနောက်အုပ်စုဘက်က ဖိလာ နေတာကို တွေ့ရပါတယ်။ ဒါဟာ နောက်ထပ်စစ်ပွဲတစ်ခုအတွက် ပြင်နေကြတာလားဆိုတာ စဉ်းစားစရာပါ။ ရုရှားအနေနဲ့ ယူကရိန်းကို စစ်ပွဲမှာ အသာစီးရယူနေတာ၊ ဥရောပကို လောင်စာဖြတ်တောက်မှုနဲ့ ခြိမ်းခြောက်တာတွေကြောင့် အသာရနေတယ်ထင်ရပေမယ့် နိုင်ငံတကာပိတ်ဆို့မှုနဲ့ ဥရောပက ရုရှားစွမ်းအင်မှီခိုနေရမှုကို လျော့ချလာတာတွေကြောင့် ရေရှည်မှာ အထိနာဖို့ သေချာသလောက်ရှိနေပါတယ်။ ဒီအခြေအနေက ရုန်းထွက်ဖို့ဆိုရင် စစ်ပွဲမှာ သိမ်းထားတဲ့ နယ်မြေတွေကို ယူကရိန်းကို ပြန်ပေးဖို့နဲ့ အလဲအလှယ်လုပ်ဖို့ဆိုတဲ့ နည်းလမ်းတစ်ခုကို ရုရှားက ဆွဲကိုင်ထားသလားဆိုတာ တွေးဆစရာပါ ။ဘာပဲဖြစ်ဖြစ် သတင်းတွေကို ကြည့်ရင် ဥရောပမှာ စစ်အငွေ့ အသက်တွေ လွှမ်းနေတာတော့ အမှန်ဘဲဖြစ်ပါတယ်။

သတိထားစရာ ဒီလိုသတင်းတွေအပြင် ဒီတစ်ပတ်မှာ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်က စျေးဝယ်စင်တာမှာ သေနတ်သမားတစ်ဦးပစ်ခတ်မှုကြောင့် လူ ၃ ဦးသေဆုံးပြီး အတော်များများထိခိုက်ဒဏ်ရာရခဲ့တာ၊ ဩစတြေး လျနိုင်ငံ ဆစ်ဒနီမှာ ရေကြီးလို့ ဒေသခံတွေကို ရွှေ့ပြောင်းပေးနေရတာ၊ တရုတ်မှာ တိုင်ဖွန်းမုန်တိုင်း ချာဘာ ကြောင့် ပြည်နယ်အတော်များများမှာ မိုးကြီးနေတာ၊ အိုဟိုင်းအိုးပြည်နယ်မှာ ရဲတွေက အမေရိကန် လူမည်းတစ်ဦးကို ပစ်သတ်ခဲ့တာ၊အီဂျစ်ပင်လယ်နီဒေသမှာ ငါးမန်းအကိုက်ခံရလို့ ဒုတိယမြောက်အမျိုးသမီးတစ်ဦးသေဆုံးခဲ့တာစတဲ့ သတင်းအချို့လည်း ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ်နိုင်ငံတကာသတင်း သုံးသပ်ချက် ကို ရပ်နားလိုက်ချင်ပါတယ်။

မင်းထက်