【တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက် 】 နျူကလီးယားစစ်နှင့် ယနေ့ ကမ္ဘာ

 【တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက် 】 နျူကလီးယားစစ်နှင့် ယနေ့ ကမ္ဘာ

ယခုတစ်ပတ်နိုင်ငံတကာသတင်းတွေမှာ အဓိကရုဏ်းသတင်းတွေ၊ စစ်ပွဲသတင်းတွေ၊ စီးပွားရေးအကျပ် အတည်းသတင်းတွေ၊ နိုင်ငံတကာအကျပ်အတည်းသတင်းတွေနဲ့ ရုန်းရင်းဆန်ခတ်ရက်သတ္တပတ်လို့ ပြောရမယ့် အထိပါဘဲ။ ဒီလိုသတင်းတွေထဲမှာ သတိပြုမိစရာဖြစ်ခဲ့တာက မြောက်ကိုရီးယားရဲ့ နူကလီးယားကမ္ဘာ့အင်အား ကြီးနိုင်ငံဖြစ်ဖို့ဆိုတဲ့ သတင်းပါဘဲ။ ဒီသတင်းက ယနေ့နိုင်ငံတကာသတင်းတွေမှာ ထိပ်တန်းသတင်းအဖြစ် နေရာ ယူခဲ့သလို ယူကရိန်းကို ကျူးကျော်ပြီးနူကလီးယားနဲ့ ခြိမ်းခြောက်နေတဲ့ ရုရှားကြောင့် မတည်မငြိမ်ဖြစ်နေတဲ့ ယနေ့ကမ္ဘာ့ကို ပိုအကျပ်အတည်းတွေ့စေခဲ့ပါတယ်။

ဒီသတင်းအပြင် ဒီတစ်ပတ်မှာ အခြားသတိထားမိတဲ့ သတင်းတွေလဲရှိခဲ့ပါသေး တယ်။ အမေရိကန် ဒု သမ္မတ တရုတ်နှင့်ပိုင်နက်အငြင်းပွားနေသည့် ဖိလစ်ပိုင်ကျွန်းတွေကို သွားခဲ့တဲ့သတင်း ၊ ဖနွမ်းပင်မှာ ကျင်းပတဲ့  အာဆီယံကာကွယ်ရေးဝန်ကြီများအစည်းအဝေးကို  တရုတ်နဲ့အမေရိကန်ကာကွယ်ရေး ဝန်ကြီးတွေ တက်ရောက် ခဲ့ တဲ့သတင်း၊ မလေးရှား ရွေးကောက်ပွဲအပြီး အတိုက်အခံခေါင်းဆောင် အန်နဝါ ဝန်ကြီးချုပ် ဖြစ်လာတဲ့သတင်း၊  အီရန်နဲ့တင်းမာမှုမြင့်တက်နေချိန်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကာတာကို ရောက်လာတဲ့သတင်း၊  ရုရှကို နိုင်ငံတော်ကမကထပြု အကြမ်းဖက်နိုင်ငံအဖြစ် ဥရောပ သမဂ္ဂက  သတ်မှတ် လိုက်တဲ့သတင်း၊ တာလီဘန်တွေ က အားကစားရုံထဲက လူများစုရှေ့မှာ လူ ၁၂ ဦးကို ရိုက်နှက်ခဲ့တဲ့သတင်း၊ အယ်လ်ရှာဘက် အစွန်းရောက်အုပ်စုက ဆိုမာလီမြို့တော်မှ ဟိုတယ်ကို တိုက်ခိုက် ခဲ့တဲ့သတင်း၊တာဝန် ရပ် ဆိုင်းထားသည့် မာလာဝီဒု-သမ္မတကို အကျင့် ပျက်ခြစားမှုဖြင့် အာဏာပိုင်တွေက ဖမ်းဆီးလိုက်တဲ့ သတင်းတွေလို သတင်းတွေရှိခဲ့ပါတယ်။

ဒီတစ်ပတ်သတင်းတွေထဲ ဖြစ်လာနိုင်စရာရှိတာကို ကြိုတင်မှန်းဆဖို့ သင့်နေတာက မြောက်ကိုရီးယားရဲ့ နူကလီးယားခြိမ်းခြောက်မှုကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးဆက်ပြဿနာတွေဘဲ ဖြစ်ပါတယ်။

ကမ္ဘာ့ နျူကလီးယားအင်အားကြီးနိုင်ငံရည်မှန်းချက်

မကြာသေးခင်က မြောက်ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံး ပဲ့ထိန်းဒုံးကျည် ပစ်ခတ်မှုမှာ ပါဝင်ခဲ့တဲ့ စစ်ဘက် အရာရှိကြီးတွေကို ရာထူးတိုးပေးခဲ့ချိန်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်းက မိမိတို့နိုင်ငံရဲ့ အန္တမ ရည်မှန်းချက် က ကမ္ဘာမှာ အင်အားအတောင့်တင်းဆုံး နျူကလီးယားအင်အား ထူထောင်ရေး ဖြစ်ကြောင်း ပြောခဲ့ ပါတယ်။ ဒါဟာ ယခုနှစ်အတွင်းခပ်စိပ်စိပ် ဒုံးကျည်ပစ်လွှတ်စမ်းသပ်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ ရည်ရွယ်ချက် တစ် စိတ်တစ်ပိုင်းကို လှစ်ပြလိုက်တာလို့ ယူဆကြပါတယ်။

ဒီလိုပြောကြားမှုက မကြာသေးခင်က ဂျပန်နိုင်ငံကိုကျော်ပြီး နိုဝင်ဘာ ၁၈ ရက်က IBM အမျိုးအစား တိုက်ချင်းပစ် ဒုံးကျည်သစ်  ဟွာဆန်-၁၇ ကို ပစ်လွှတ်ခဲ့ပြီး အမေရိကန်ရဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေကို နျူကလီးယားနဲ့ပဲ တုံ့ပြန်သွားမယ်လို့ ကြုံးဝါးခဲ့ပြီးနောက်မှာ ထွက်လာတာဖြစ်လို့ ဒါဟာ မြောက်ကိုရီးယားက ရှေ့ဆက်တိုးနေပြီဆိုတဲ့ အမှတ်အသားပါဘဲ။

ဒီပစ်လွှတ်ခဲ့တဲ့ ဟွာဆန် ၁၇ ကြောင့် ဗန်ကောက်မှာကျင်းပနေတဲ့ အေပက်အစည်းအဝေးအတွင်း အမေရိကန်၊ဂျပန်၊တောင်ကိုရီးယား၊ဩစတြေးလျ၊နယူးဇီလန်နိုင်ငံတွေ ဒီခြိမ်းခြောက်မှုကို ဆွေးနွေးခဲ့ရပါသေး တယ်။ ဒီIBM တိုက်ချင်းပစ် ဒုံးကျည်သစ်က အမေရိကန်ထိရောက်နိုင်တယ်ဆိုတဲ့ အကဲဖြတ်မှုကြောင့် မြောက် ကိုရီးယား ခြိမ်းခြောက်မှုက အမေရိကန်ရဲ့အချုပ်အခြာအာဏာကို ထိပါးလာနိုင်တဲ့ အနေအထားရောက်လာတဲ့ ဖြစ်လာလို့ စိတ်ဝင်စားစရာဖြစ်လာပါတယ်။ ကင်ဂျုံအမ်ကတော့ ဟွာဆန်-၁၇ ဒုံးကျည်က ကမ္ဘာမှာ အင်အား အကောင်းဆုံး မဟာဗျူဟာလက်နက်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။  

လက်ရှိ အရှေ့အာရှအခင်းအကျင်းက လက်နက်ပြိုင်ဆိုင်ပွဲအသွင်ဆောင်လာသလို တောင်ကိုရီးယား မှာလည်း သဘောထားတင်းမာတဲ့ သမ္မတတက်ရောက်လာတာဖြစ်လို့  မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်ပစ်လွှတ် မှုကို တန်ပြန်ဒုံးကျည်စမ်းသပ်ပစ်လွှတ်တာတွေနဲ့ တုံပြန်လေ့ရှိတာမို့ အချိန်မရွေးထိပ်တိုက်တွေ့နိုင်တဲ့ အနေ အ ထားပါ။ ဒါအပြင် အဲဒီဒေသတွင်းမှာ  အဓိက ပြိုင်ဘက်အဖြစ်ရှိနေတဲ့ တရုတ်နဲ့ အမေရိကန်အကြားအားပြိုင်မှုက မကြာသေးခင်က ကျင်းပပြီးစီးခဲ့တဲ့ G-20၊ အေပက်အစည်းအဝေးမှာ အတန်အသင့်လျော့ချသယောင်ဖြစ်ခဲ့ပေမယ့် ဒီတစ်ပတ်မှာ အမေရိကန်က တရုတ်ကုမ္ပဏီဖြစ်တဲ့ Huawei, ZTE ရဲ့ ပစ္စည်းတွေကို လုံခြုံရေးအကြောင်းပြ ပိတ် ပင်လိုက်တဲ့ အတွက် ပြန်လည်တင်းမာမယ့် အရေးကလည်းရှိလာနေပါတယ်။ ဒီလိုအခြေအနေမှာ ဖိအားကနေ လွတ်နေတဲ့ မြောက်ကိုရီးယားရဲ့ နူကလီးယားလက်နက်အင်အားကြီးနိုင်ငံဖြစ်အောင်တည်ဆောက်ဖို့ စိတ်ပိုင်း ဖြတ်ထားကြောင်းဖော်ပြမှုက  ဒေသတွင်းနဲ့ ကမ္ဘာ့အတွက် စိုးရွံစရာပါ။

မြောက်ကိုရီးယားရဲ့ နူကလီးယားနည်းပညာဘယ်အဆင့်ရောက်နေပြီလဲဆိုတာ သိဖို့ ခက်ခဲ့ပြီး နောက် ဆုံးပစ်လွှတ်ခဲ့တဲ့  ဟွာဆန်-၁၇ ဒုံးကျည်ကိုကြည့်ရင် အတော်လေးစိုးရိမ်စရာအဆင့်တစ်ခုရောက်နေပြီလို့ ယူဆ လို့ရတဲ့အနေအထားပါ။ ဒီဘက်နှစ်ပိုင်းမှာ မြောက်ကိုရီးယားနဲ့ရုရှားကြား ပူးပေါင်းမှုကလည်း ယူကရိန်းအရေးမှာ ပိုပြီးပေါ်လွင်လာနေတာကိုတွေ့ရမှာဖြစ်ပါတယ်။

လက်ရှိမှာ မြောက်ကိုရီးယားရဲ့ လက်နက်စမ်းသပ်မှုတွေက ဟန်ပြခြိမ်းခြောက်မှုလား၊ တကယ်ခြိမ်း ခြောက်မှုလားဆိုတာ ဝေခွဲမရနိုင်လောက်အောင် ဖြစ်လာဖို့ နီးစပ်နေပါပြီ။ မြောက်ကိုရီးယားနဲ့ ရုရှား ပေါင်းမိ သွား ခြင်းက နူကလီးယားခြောက်အိပ်မက်ရှိနေတဲ့ ကမ္ဘာ့အတွက် ကိုယ်တွယ်ရခက်တဲ့ တကယ်ပြဿနာတစ်ခုပါဘဲ။

စစ်ဗျူဟာအပြောင်းအလဲက တစ်နိုင်ငံလုံးကိုဖျက်ဆီးဖို့ လား

ယူကရိန်းကို ရုရှားကျူးကျော်စစ်ဆင်နွဲနေတာ ပြီးခဲ့တဲ့ ၂၄ ရက်က ၉ လပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီစစ်ပွဲမှာ အစောပိုင်းကတည်းက အတွက်အချက်မှားခဲ့တဲ့အတွက် ထင်သလို အောင်မြင်မှုမရခဲ့တဲ့ ရုရှားဘက်က ထိခိုက် ကျဆုံးမှုသတင်းတွေက ထိန်းချုပ်ထားတဲ့ကြားကနေ ထိန်းမရနိုင်အောင်ပါဘဲ။ပြီးခဲ့တဲ့ အပတ်က ခါဆန်က နေ ဆုတ်ခွာပေးခဲ့ရတဲ့ ရုရှားတပ်တွေဟာ မစ်ဇိုင်းတွေနဲ့ ယူကရိန်းနိုင်ငံမြို့တွေကို ပစ်ခတ်လို့ ယူကရိန်းမြို့တော် ကိယက်ဗ့်မှာ လျှပ်စစ်ပြတ်တောက်မှုတွေ အချိန်အတော်ကြာကြာဖြစ်ခဲ့တဲ့အထိပါဘဲ။ လျင်မြန်တဲ့ ယူကရိန်း တန်ပြန်ထိုးစစ်တွေကြောင့် ကျူး‌ကျော်စစ်အတွင်း ဆုတ်ယုတ်မှုများဖြစ်ပေါ်ခဲ့လို့ နောက်ပိုင်းမှာ ရုရှားတပ်တွေက ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက် အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာမှာ အတော်လေးကို ဆိုးဆိုးဝါး ဝါးတွေ ဖြစ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့အပတ်ကဆိုရင် ဗြိတိန်ဝန်ကြီးချုပ်သစ်ဆူနပ်ခ်ဟာ  ယူကရိန်းသို့ ရုတ်တရက်သွားရောက် ခဲ့ပြီး ရုရှားမစ်ဇိုင်းတွေရန်က ကာကွယ်ပေးနိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးစနစ် တွေ၊လေယာဉ်ပစ် အမြှောက် တွေ ထောက်ပံ့ပေးဖို ကတိပြုခဲ့တာကိုတွေ့ရပါတယ်။ ဒီရက်ထဲမှာဘဲ ဥရောပသမဂ္ဂက ရုရှားကို အကြမ်းဖက်မှု အား ပေးအားမြောက် လုပ်တဲ့နိုင်ငံအဖြစ် မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်က စစ်ရေးမှာ အခြေမလှဖြစ်နေတဲ့ ပူတင်အတွက် နိုင်ငံရေးမှာ ကျဆုံးမှုဖြစ်သလို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ဆက်ဆံရေးကလည်း အနိမ်ဆုံး အဆင့်ကို ကျရောက်သွားမှာလည်းဖြစ်ပါတယ်။

ဒီတစ်ပတ်မှာ ရုရှားရဲ့ ဥရောပ မဟာမိတ်လို့ပြောလို့ရတဲ့ တူရကီက ယူကရိန်းကို (TRLG-230) လေဆာ ပဲ့ထိန်းဒုံးကျည် ဒါဇင်ပေါင်းများစွာကို ထောက်ပံ့ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒီသ တင်း ကို ကာကွယ်ရေးဘလော့ဂ်တစ်ခုဖြစ်သည့် Oryx ကလည်းဖော်ပြခဲ့သလို အချို့သော သတင်းရင်းမြစ် များကမူ လက်ရှိအချိန်အထိ တူရကီမှ ယူကရိန်းသို့ ဒုံးကျည်အစင်း ၂၀၀ ခန့် ပေးပို့ထားပြီးဖြစ်ကာ ဆက် လက်ထောက်ပံ့ပေးလျက်ရှိနိုင်ကြောင်း ဆိုထားပါတယ်။ ဒါဟာ စစ်ပွဲအစမှာ တူရကီဒရုန်းတွေကြောင့် ထိခိုက်ခဲ့ ရတဲ့ ရုရှားအတွက် ဒုတိယမြောက် ထိခိုက်မှုဖြစ်လာဖွယ်ရှိနေပါတယ်။ နေတိုးနဲ့ ရုရှားကို ခွပြီး မီးစတစ်ဖက် ရေမှုတ်တစ်ဖက်လုပ်နေတဲ့ တူရကီရဲ့ လုပ်ရပ်ကလည်း နောင်မှာ သတိထားဖွယ်အနေအထားပါ။

ဒီတစ်ပတ်မှာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ သတင်းက နူက လီးယားထိပ်ဖူးတပ်ဒုံးကျည်တွေကို နူကလီယားထိပ်ဖူးဖယ်ပြီး ရုရှားက နှစ်ကြိမ်သုံးခဲ့တယ်ဆိုတဲ့ သတင်းပါဘဲ။  ဗြိတိသျှ ထောက်လှမ်းရေး အရာရှိတွေက ယူကရိန်းမှာ အနုမြူ ထိပ်ဖူးတပ်ဆင်သုံးရန် အထူး ဒီဇိုင်းထုတ်ထားတဲ့  AS-15 KENT ဝေဟင်ပစ် ခရုဇ် ဒုံးကျည်တွေကို သုံးခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီလို သုံးတာနဲ့ ပတ်သက်ပြီး ထင်မြင်ယူဆချက်နှစ်မျိုးရှိခဲ့ပြီး ခေတ်မမီတော့လို ထိပ်ဖူးဖြုတ်ပြီးသုံးတာလား၊ သတိပေးချင်လို့ သုံးတာလားဆိုပြီးတော့ ယူဆချက်တွေပါ။ ဒီသတင်းနောက်ဆက်တွဲအဖြစ် ယူကရိန်းကို ပက်ထ ရီယော့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေ ထောက်ပံ့ပေးဖို့ ပိုလန်ကတောင်းဆိုတဲ့ သတင်းတွေ တက်လာခဲ့ပါ တယ်။   

ပိုလန်က သူနိုင်ငံကို ရုရှားလေကြောင်းကနေတိုက်ခိုက်လာနိုင်တာကိုကာကွယ်ဖို့ နေတိုးကနေ ပက်ထ ရီယော့ဒုံးကျည်ကာကွယ်ရေးစနစ် ချထားဖို့ စီစဉ်ရာမှာ ဒီလို ပြောင်းလဲဖို့ တောင်းဆိုတာပါ။ဒါဟာ ပိုလန်နိုင်ငံ အရှေ့ပိုင်းတွင် မတော်တဆ ဒုံးကျည်ကျရောက်မှုဖြစ်ပွားပြီးနောက် နေတိုးအဖွဲ့ဝင် ပိုလန်လေပိုင်နက်ကို ကာ ကွယ်နိုင်ရေးအတွက် လမ်ဘရစ်ခ်ျမှ ပက်ထရီယော့ဒုံးကျည်ကာကွယ်ရေးစနစ်နှင့် Eurofighter ဂျက်လေယာဉ် များ ပံ့ပိုးပေးရန် အဆိုပြုခဲ့တာကို ပိုလန်ဘက်က ယူကရိန်းကို ပေးဖို့ ပြောခဲ့တာပါ။ဒါပေမယ့် ဂျာမန်ကာကွယ်ရေး ဝန်ကြီးကတော့ နေတိုးအဖွဲ့ပြင်ပနိုင်ငံဖြစ်နေလို့ အကုန်လုံးသဘောထားရယူရမယ်ဆိုပြီး ပယ်ချခဲ့ပါတယ်။

လက်ရှိမှာ ဥရောပဆောင်းရာသီကို ဝင်နေပြီဖြစ်လို့ ရုရှားက ဖြတ်တောက်ဆင်နွဲထားတဲ့ စွမ်းအင်စစ်ပွဲကို ဥရောပနိုင်ငံတွေ အလူးအလဲမဖြစ်အောင် တောင့်ခံဖို့ ပြင်နေကြပါတယ်။ ဒီနှစ်ဥရောပခရစ္စမတ်တောင် စွမ်းအင် ခြိုး ခြံချွေတာတဲ့အနေနဲ့  မီးတွေထွန်းမလားမထွန်းဘူးလားဆိုတာ ဝေခွဲမရဖြစ်နေတဲ့အထိပါဘဲ။ ဒါပေမယ့် ရုရှား ရဲ့ ဗိုလ်ကျမှုကို ဥရောပက လက်မခံဘဲ တစ်ညီတစ်ညွတ်တည်းရှိနေပြီး ဒီရက်ပိုင်းမှာ ဘယ်လ်ဂျီယံ ၊ ပိုလန် နဲ့ လစ်သူယေးနီးယား ဝန်ကြီးချုပ်တို့ပါဝင်တဲ့ ဥရောပခေါင်းဆောင်တွေ က သွေးစည်းညီညွတ်မူပြသတဲ့ အနေနဲ့ ကိဗ်မြို့ကို သွားရောက်လည်ပတ်ခဲ့ကြပါတယ်။

ကမ္ဘာ့အရေးတွေက အချိန်နှင့်အမျှ ပြောင်းလဲနေပါတယ်။ ရှေ့ဘာဆက်ဖြစ်မလဲဆိုတာ ခန့်မှန်းမရတဲ့ အထဲမှာ ယူကရိန်းစစ်ပွဲနဲ့ မြောက်ကိုရီးယားခြိမ်းခြောက်မှုက ရှေ့ဆုံးမှာ ပါပါတယ်။

မင်းထက်