【တစ်ပတ်အတွင်းနိုင်ငံတကာသတင်း သုံးသက်ချက်】 နျူလက်နက်သုံးဖို့ ရုရှားပရိယာယ်ဆင်နေပြီလား

【တစ်ပတ်အတွင်းနိုင်ငံတကာသတင်း သုံးသက်ချက်】 နျူလက်နက်သုံးဖို့ ရုရှားပရိယာယ်ဆင်နေပြီလား

 ယခုတစ်ပတ်မှာ ဖြစ်ခဲ့တဲ့ နိုင်ငံတကာသတင်းတွေကိုကြည့်ရင် ဖြစ်နေဆဲ ယူကရိန်းစစ်ပွဲက ညစ်ပတ်တဲ့ ဗုံးလို့ ခေါ်တဲ့ ဒြပ်သတ္တူကြွဗုံးတွေ သုံးဖို့အထိ ဖြစ်လာနေတာကိုတွေ့ရသလို အာရှ-ပစိဖိတ်မှာလည်း ခေါင်းဆောင် ပိုင်း အပြောင်းအလဲမရှိမူနဲ့ အားကောင်းနေတဲ့ တရုတ်ကို အံတုဖို့ ဂျပန်နဲ့ ဩစတြေးလျတို့ လုံခြုံရေးဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့တာရှိခဲ့ပါတယ်။ ဥရောပမှာဆိုရင် ယူကရိန်းစစ်ပွဲ ဂယက်ရိုက်ခတ်မှု ကြောင့် ခေါင်းဆောင်ပိုင်းအပြောင်းအလဲတွေ ဖြစ်ပေါ်နေပြီး ဗြိတိန်မှာ မကြာသေးခင်ကမှ ဝန်ကြီးချုပ်အဖြစ် နေရာရလာ သူ လစ်ထရပ်ဇ် နုတ်ထွက်သွားခဲ့သလို အီတလီမှာ လက်ယာယိမ်းပါတီတွေ အာဏာရလာတာတွေ ဖြစ်လာနေ ပါတယ်။

မတည်ငြိမ်မှုဟာ ဥရောမဟုတ်ဘဲ အာရှ၊ အာဖရိကနဲ့ တောင်အမေရိကဘက်တွေမှာလည်း ဖြစ်နေတာပါ။ အာဖရိကကို ကြည့်ရင် စစ်ပွဲတွေနဲ့ ပဋိပက္ခတွေ ကြောင့် အတော်လေးကို မငြိမ်မသက်အနေအထားပါဘဲ။ ဆူဒန် မှာဆိုရင် မြေယာလုပွဲကြောင့် လူမျိုးစုနှစ်စုကြား ထိပ်တိုက်တွေ့ တိုက်ခိုက်ခဲ့တာတွေကြောင့် နှစ်ရက်အတွင်း လူ၂၀၀ ကျော်သေဆုံးခဲ့ရသလို ချဒ်နဲ့ နိုင်ဂျီးရီးယား မှာ ဆန္ဒပြမှုတွေ ဖြစ်နေတာကိုတွေ့ရပါတယ်။ နိုင်ဂျီးရီး ယား မှာဆိုရင် နှစ် ၂၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုဖြစ် နေသလို မက္ကဆီကိုနဲ့ အမေရိကန်မှာ ဟာရီကိန်းတွေ တစ် လုံးပြီး တစ်လုံးဆိုသလို ဝင်နေတဲ့အတွက် ဒေသခံတွေ ကိုရွေ့ပြောင်းရတာတွေ ၊ အိုးအိမ်ပျက်စီးမှုတွေ လူအသေ အပျောက်တွှေရှိခဲ့ပါတယ်။အာရှမှာဆိုရင် ဒေသတွင်း တရုတ်-အမေရိကန်အားပြိုင်မှုကြောင့် ဒေသတွင်း တည်ငြိမ် မှုကို လာဂယက်ရိုက်နေတာကိုတွေ့ရပါတယ်။

မကြာသေးခင်က ကျင်းပပြီးစီးခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီရွေးကောက်မှုမှာ လက်ရှိ ခေါင်းဆောင်ရှီကျင့်ဖျင်ဘဲ ဆက်တာဝန်ယူမှာဖြစ်တဲ့အတွက်  တရုတ်ရဲ့ အာရှ-ပစိဖိတ် မူဝါဒပြောင်းလဲမှုမရှိဘဲ ပိုအားကောင်းလာဖွယ်ရာရှိနေပါတယ်။ အမေရိကန်ဘက်ကလည်း မကြာခင်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ မှာ ရီပတ်ဗလီကင်တွေ လွှတ်တော်နှစ်ရပ်လုံးကို ထိန်းချုပ်နိုင်တဲ့ အရေအတွက်ရခဲ့ရင် အမေရိကန်ရဲ့ အာရှ-ပစိ ဖိတ်မူဝါဒက အပြောင်းအလဲရှိလာဖို့ များနေလို့ အခြေအနေက ခန့်မှန်းလို့ မရသေးပါဘူး။ 

ဒီတစ်ပတ်မှာ အဓိက သတိထား မိစရာ ဖြစ်လာခဲ့တာက ယူကရိန်းစစ်ပွဲမှာ အသုံးပြုတဲ့ လက်နက်တွေ ပြောင်းလဲလာတဲ့ သတင်းတွေပါဘဲ။

ငြိမ်းချမ်းရေးစကားထွက်လာတဲ့ ရုရှားနဲ့ Dirty Bomb

ရက်ပေါင်း ၂၄၃ ရက်ရှိလာပြီ ဖြစ်တဲ့ ယူကရိန်းကို ရုရှားကျူးကျော်မှုဟာ ယခုအခါ မြေပြင်အခြေအနေက ပြောင်းလဲလာနေပြီ ဖြစ်ပါတယ်။ ယူကရိန်းတန်ပြန်ထိုးစစ်အရှိန်ကောင်းလာနေတဲ့အတွက် သိမ်းပိုက်နယ်မြေများ ကို လက်လွှတ်နေရပြီဖြစ်တဲ့ ရုရှားတပ်ဖွဲ့တွေက ရှေ့တန်းစစ်မြေပြင်ဖြစ်တဲ့ ခါဆန်မြို့ကနေ ၃၅ ကီလိုမီတာ သာ ဝေးတဲ့ သင်္ဘောတည်ဆောက်ရေးမြို့ဖြစ်တဲ့ မိုင်ကိုလာဗစ်မြို့က အရပ်ဘက်ပစ်မှတ်တွေကို မစ်ဇိုင်းတွေ ဒရုန်းတွေ နဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒါအပြင် ခါဆန်က လူပေါင်း ခြောက်သောင်းကို ခါဆန်မြို့ကို စွန့်ခွာထွက်ပြေးဖို့ ရုရှားတွေက အမိန့်ပေးခဲ့သလို ရုရှား ကာကွယ်ရေးဝန်ကြီး Sergei Shoigu က ဗြိတိန်၊ ပြင်သစ်နှင့် တူရကီ အရာရှိများနှင့် ဖုန်းခေါ်ဆိုမှုမှာ “အလျင်အမြန် ဆိုးရွားနေသည့် အခြေအနေ”ကို ဆွေးနွေးခဲ့တယ်ဆိုပြီး ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ရေရှည်မှာ စစ်ပမ်းလာပြီး လက်နက်ထောက်ပံ့နိုင်မှုလျော့နည်းလာကာ စစ်အင်အားပြုန်းတီးလာတဲ့ ရုရှားတပ်တွေက ယူကရိန်းကို လေကြောင်းကနေ ဒုံးကျည်ပစ်လွှတ်တာတွေ ၊ အီရန်လုပ် ဒရုန်းတွေ သုံးပြီး တိုက် ခိုက်မှုကို ပိုမြင့်တင်လာနေတာကိုတွေ့ရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး ယူကရိန်းရဲ့ အရေးပါတဲ့ အခြေခံ အဆောက်အအုံဆိုင်ရာ ပစ်မှတ်တွေကို ရုရှားကအဓိက တိုက်ခိုက်လာနေတာပါ။စနေနေ့ကဆိုရင် ယူကရိန်း သမ္မတ ဇီလင်စကီးက ယူကရိန်းရဲ့ အရပ်ဘက် စွမ်းအင်ဆိုင်ရာ နေရာတွေကို ရုရှားက အကြီးအကျယ် ထပ်မံ တိုက်ခိုက်လာနေလို့ နိုင်ငံ တဝန်းမှာ လျှပ်စစ် ပြတ်တောက်လာတယ်လို့ပြောခဲ့ပါတယ်။ 

ယူကရိန်း စစ်တပ်က အသာစီး ရလာတာနဲ့ အတူဘဲ ရုရှား ခန့်ထားတဲ့ အရာရှိတွေနဲ့ သောင်းနဲ့ချီတဲ့ အရပ် သားတွေကို ဘေးလွတ်ရာ စပြီး ပြောင်းရွှေ့နေရသလို ပြီးခဲ့တဲ့ လက တရားမဝင်သိမ်းယူခဲ့တဲ့ ယူကရိန်းရဲ့ Donetsk , Luhansk, Kherson နဲ့ Zaporizhzhia ဒေသတွေမှာ စစ်အုပ်ချုပ်ရေး ကြေညာချက် အမိန့်ကို ပူတင်က လက်မှတ်ရေးထိုးကြေညာခဲ့ပါတာကိုတွေ့ရပါတယ်။ အခြေအနေတွေက ရုရှားအတွက် အတော်လေးကို အကျပ် တွေ့နေသလို သိက္ခာကျစရာလည်း ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ပူတင်က ထွက်ပေါက်ရရေးနဲ့ စစ်ပြင်ဖို့ အချိန်ရ ရေးအတွက် ဆွေးနွေးပွဲတွေ ပြန်စဖို့ စကားထွက်လာခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ တွန်းလှန်တိုက်ခိုက်နေတဲ့ ယူ ကရိန်းတပ်တွေ ရုရှားသိမ်းပိုက်ထားတဲ့ တောင်ပိုင်းက ခါဆန် ဆိပ်ကမ်းမြို့နားကို ကပ်လာနေချိန်မှာ ရုရှား ဘက် က   ရုရှား-ယူကရိန်း နှစ်နိုင်ငံကြား ညှိနှိုင်းနိုင်ဖို့ လမ်းသစ်ပွင့်လာတယ်ဆိုပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austinဆီကို ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoyguက ဖုန်းဆက်သွယ်ခဲ့ပါတယ်။ ဒီဖုန်းဆက် စကား ပြောမှုမှာ ယူကရိန်းမှာ ဖြစ်ပွါးနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး ဦးစားပေး ဆွေးနွေးခဲ့ကြတယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားအစိုးရက ဆွေးနွေးပွဲတွေ လုပ်ဖို့ စိတ်အားထက်သန်နေကြောင်း ပြသခဲ့တဲ့ နောက်မှာ သူတို့ ၂ ဦး ခုလို ဆက်သွယ်ပြောကြား ခဲ့ကြတာလို့ဆိုပါတယ်။ ရုရှားအစိုးရ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ၂ နိုင်ငံ အရာရှိကြီးတွေဟာ နိုင်ငံတကာ လုံခြုံရေး ပြဿနာတွေ အထူးသဖြင့် ယူကရိန်း အခြေအနေကို ဆွေးနွေးခဲ့ ကြ ကြောင်း ဖေါ်ပြထားပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကဆိုရင် ကရင်မလင်ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်တဲ့ ပက်စကော့ဗ်က သတင်းမီဒီယာတွေကို ရုရှားသမ္မတ ပူတင်က ညှိနှိုင်းမှုတွေကို အစကပြန်စဖို့ လုပ်နေကြောင်းပြောခဲ့ပါသေးတယ်။

ပူတင်အနေနဲ့ ကြာလေ ယူကရိန်းစစ်ပွဲကနေ ရုန်းထွက်ဖို့ မဖြစ်မနေလိုနေတာကို သတိပြုမိနေပြီဖြစ် ပါ တယ်။ သူရဲ့ လှိမ်လုံး၊ခြောက်လုံးတွေဖြစ်တဲ့ နူကလီးယားလက်နက်သုံးလာနိုင်တယ်ဆိုတာကို အမေရိကန်နဲ့ အ နောက်အုပ်စုတွေက ဂရုမပြုသလို ယူကရိန်းကို အင်တိုက်အားတိုက် စစ်လက်နက်နဲ့ ဘဏ္ဍာရေးထောက်ပံ့မှု တွေ ကို အရှိန်ကောင်းကောင်း ထောက်ပံ့နေတာတွေကြောင့် စစ်ပွဲရဲ့ အခြေအနေက ပြောင်းလဲလာနေပါတယ်။

စစ်အင်အားအတွက် အရန်စစ်သားစုဆောင်းမှုမှာ ကသောင်းကနင်းနဲ့ အတင်းအကျပ်အာဏာ သုံးပြီး ခက်ခက်ခဲခဲ စု ဆောင်း နေရချိန်မှာ ယူကရိန်းတစ်နိုင်ငံလုံးက ထွက်ပြီး ခုခံတိုက်ခိုက်နေတဲ့အတွက်ရေရှည်မှာ စစ်အင်အားကလည်း ရုရှားကို အကျပ်ရိုက်စေမှာ သေချာနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ပူတင်က တစ်ဘက်မှာ အလျော့ပေးသလိုလိုနဲ့ အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်ပြီး ယူကရိန်းစီးပွားရေးကိုဖြိုချမယ့် အရပ်ဘက်ပစ်မှတ်တွေကို တိုးမြှုင့်တိုက်ခိုက်တာတွေ လုပ်လာနေပါတယ်။

ရုရှားဘက်ကနေ ဝင်ပါနေတဲ့ အီရန်နဲ့ ဘီလာရုစ်ကို အီးယူနဲ့ နေတိုးက ပြင်းပြင်းထန်ထန်သတိ ပေးခဲ့ပါ တယ်။ အထူးသဖြင့် ယူကရိန်းကို တိုက်ခိုက်နေတဲ့ ဒရုန်းတွေ အဓိကထောက်ပံ့နေတဲ့ အီရန်ကို အီးယူက ဗုဒ္ဓဟူး နေ့ က ဒဏ်ခတ် အရေးယူခဲ့ပါတယ်။ အီရန်ကတော့ ရုရှားကို မထောက်ပံ့ဘူးလို့ တောက်လျှောက်ငြင်း နေခဲ့ပေ မယ့် ယူကရိန်းကပစ်ချခဲ့တဲ့ ဒရုန်းတွေက အီရန်ရဲ့ကာမိကာဇေဒရုန်းတွေ ဖြစ်နေတာကိုတွေ့ခဲ့ရပါတယ်။ ဒီလို အီးယူက အရေးယူတာမှာ ဒရုန်းတွေ ပေးပို့ရာမှာ တာဝန်ရှိတဲ့ အဖွဲ့အစည်း တခုနဲ့ လူပုဂ္ဂိုလ် ၃ ဦး တို့ရဲ့ ပိုင်ဆိုင် မှုတွေကို အီးယူက ထိန်းချုပ်ခဲ့သလို အရင်တုန်းက ဒဏ်ခတ်ထားတဲ့ အီရန်ကုမ္ပဏီ ၄ ခု ကိုလည်း သက်တမ်းတိုးဖို့ ပြင်ဆင်ခဲပါတယ်။

ဥရောပအနေနဲ့ ရုရှားကို အဘက်ဘက်က ပိတ်ဆို့ဒဏ်ခတ်တာကိုလုပ်နေရပေမယ်  အီးယူနိုင်ငံတွေမှာ ရုရှားဘက်က ဓာတ်ငွေ့ဖြတ်ချတဲ့ ဂယက်ကြောင့် စွမ်းအင်စျေးနူန်းမြင့်တက်မှုတွေ ကြောင့် ဆန္ဒပြမှုတွေကို ထိန်း နေရပါတယ်။ ဥရောပသမဂ္ဂရှိ နိုင်ငံများ၏ နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်းမှာ ဆယ်စုနှစ်များအတွင်း အမြင့်ဆုံးသို့ ရောက်ရှိနေသလို အဆိုးရွားဆုံးက ဘောလ်တစ်နိုင်ငံတွေဖြစ်ပြီး အဆိုးရွားဆုံး ငွေကြေးဖောင်းပွမှုကို ခံနေရသလို စွမ်းအင်စျေးတက်မှုကြောင့် လူနေမှုစရိတ်ကြီးမြင့်မှုတွေကြောင့် ဆန္ဒပြမှုတွေ ဖြစ်လာပါတယ်။ ဒီလိုအခြေအနေ ကို တောင့်ခံပြီး ရုရှားကို ဆန့်ကျင်နေတာဟာ ပူတင်အတွက် ရေရှည်မှာ ရုရှားနိုင်ငံအတွက် ကောင်းတဲ့အလား အလာ မဟုတ်ပါဘူး။

ပူတင်ဦးဆောင်တဲ့ ရုရှားရဲ့ ခြိမ်းခြောက်လာမှုကို ဥရောပက နေတိုးနဲ့ အမေရိကန်ဦးဆောင်မှုအောက်မှာ ညီညီညွတ်ညွတ်နဲ့ ပြန်တုံပြန်နေတာက ယခုအခါ ကမ္ဘာ့စီးပွားရေးကိုထိခိုက်လာနေသလို စစ်ပွဲကလည်း ပိုကျယ် ပြန် လာနိုင်ခြေမြင့်တက်နေတဲ့အနေအထားကို ရောက်လာနေပါတယ်။ ဒီအခြေအနေမှာ နိုင်ငံတကာအခင်းအ ကျင်းတွေက ပြောင်းလဲမှုမြန်လာနေသလို ကမ္ဘာ့နိုင်ငံကြီးတွေမှာ ထိပ်ပိုင်းခေါင်းဆောင်အပြောင်းအလဲတွေကို ကြည့်ရင် သဘောထားတင်းမာသူတွေ နေရာရလာနေတာကိုတွေ့ရပါတယ်။ နိုင်ငံတကာသုံးသပ်သူတွေ အမြင်မှာ ယခုအခြေအနေက  ဒုတိယကမ္ဘာ့စစ်မဖြစ်ခင်အခြေအနေမျိုးဖြစ်နေတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါ တယ်။ 

မကြာခဏ နူကလီးယားလက်နက်နဲ့ ယူကရိန်းကိုခြိမ်းခြောက်နေတဲ့ ရုရှားဘက်က မကြာသေးခင်က ယူကရိန်းကို စွပ်စွဲမှုတစ်ခုလုပ်ခဲ့ပါတယ်။ ဒါက ရေဒီယိုသတ္တိကြွပစ္စည်းများ ပျံ့နှံ့စေသည့် ဗုံးတစ်လုံးကို အသုံးပြု ရန် ယူကရိန်းက ပြင်ဆင်နေတယ်ဆိုပြီး အကြောင်းမဲ့ စွပ်စွဲခဲ့တာပါ။ ဒီလိုရုရှားရဲ့ စွပ်စွဲမှုက ခိုင်မာတဲ့ သက်သေ မရှိဘဲ စွပ်စွဲတာဖြစ်ပေမယ့် သတိထားရမယ့်အခြေအနေရှိပါတယ်။ လက်ရှိမှာ တရစပ်နောက်ဆုတ်နေရတဲ့ ရုရှားတပ်ဖွဲ့တွေကို သိမ်းယူထားတဲ့ ယူကရိန်းမြေထဲကနေ ထပ်မဆုတ်ပေးရဖို့ ရုရှားက နူကလီးယား လက်နက် သုံးမယ်ဆိုရင် ကမ္ဘာကို ခိုင်မာတဲ့ အကြောင်းပြချက်ပေးဖို့ လိုနေပါတယ်။ဒီအချိန်မှာ ယူကရိန်းက Dirty Bomb လို့ခေါ်တဲ့ ရေဒီယိုသတ္တိကြွပစ္စည်းများ ပျံ့နှံ့စေသည့် ဗုံးတစ်လုံးသုံးဖို့ ပြင်နေတယ်ဆိုပြီး စွပ်စွဲမှု ပေါ်ထွက်လာခဲ့ တာပါ။

ရုရှားရဲ့ ဒီလို အကွက်ဆင်လာမှုကို အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့က ပူးတွဲငြင်းဆိုခဲ့ပြီး ပဋိပက္ခကို ပိုမိုဆိုးရွားစေနိုင်သည့် အကြောင်းပြချက်များမပေးဖို့ သတိပေးခဲ့ပါတယ်။ ဒီသတင်းက  အနောက်နိုင်ငံကာကွယ် ရေး အကြီးအကဲများနဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးမှုမှာ ရုရှားဘက်က ထွက်လာတာပါ။ သုံးနိုင်ငံထုတ်ပြန်ချက်မှာ အဆိုပါမှားယွင်းတဲ့စွပ်စွဲချက်ကို အမှန်လို့ ထင်မြင်လာစေဖို့ ရုရှားရဲ့ ကြိုးပမ်းမှုကို ကမ္ဘာ က မြင်တွေ့လာမှဖြစ်တယ်ဆိုပြီး ဖော်ပြခဲ့တာကိုတွေ့ရပါတယ်။

အနောက်အုပ်စုက စစ်လက်နက်အလုံးအရင်းထောက်ပံ့ပေးထားလို့ မြေပြင်မှာ ယူကရိန်းတန်ပြန်ထိုးစစ် က ရုရှားကိုအထိနာနေစေသလို သံတမန်ရေးရာနဲ့ စီးပွားရေးမှာလည်း ပိတ်ဆို့မှု့တွေက စတင်အသက်ဝင်လာနေ တဲ့အတွက် ပူတင်အနေနဲ့ ဒီစစ်ပွဲကို အနိုင်နဲ့ ပိုင်းနိုင်ဖို့ဆိုတာ ခက်ခဲလာနေတာကိုတွေ့ရပါတယ်။ ဒီလိုအခြေအနေ မှာ ဘာမဆိုလုပ်ဖို့ ပူတင်အနေနဲ့ စဉ်းစားလာမှာ သေချာနေပြီး အနောက်အုပ်စုအနေနဲ့ကလည်း ဒီတစ်ခါမှ ပူတင် ကို မဖြိုလဲနိုင်ရင် နောက်တစ်ခါဆိုရင်ကမ္ဘာ့အတွက် စိုးရိမ်လာရတဲ့ အခြေအနေမို့လို့ ပူတင်နဲ့ ရုရှားကို ဖြိုလှဲခွင့် ရမယ့် ဒီအခြေအနေကို လက်လွတ်ခံမယ်မထင်ပါဘူး။

ရောဂါကပ်ဘေးတွေပြီးရင် စစ်မက်ဘေးတွေလာတာ ကမ္ဘာမြေအတွက် အစဉ်အလာလို့ ဖြစ်နေလို့ ကမ္ဘာ့စစ်ဖြစ်မယ်ဘေးကို ဦးတည်နေတဲ့ လက်ရှိ အခြေအနေကို ဘယ်သူက ပြောင်းလဲနိုင်မလဲဆိုတာ တွေးလို့ မရသေးပါဘူး။ ဒီအတွက် လာမယ့်ရက်တွေမှာ ဘာတွေ ဖြစ်လာဦးမလဲဆိုတာ ရင်တမမ ဆက်ကြည် ရဦးမယ့် အခြေအနေပဲ ဖြစ်ပါတယ်။ 

 

မင်းထက်