【တစ်ပတ်အတွင်းနိုင်ငံတကာသတင်း သုံးသပ်ချက် 】အမေရိကန်ကာကွယ်ရေးမူဝါဒနဲ့ အာရှ-ပစိဖိတ် တင်းမာမှု

【တစ်ပတ်အတွင်းနိုင်ငံတကာသတင်း သုံးသပ်ချက် 】အမေရိကန်ကာကွယ်ရေးမူဝါဒနဲ့ အာရှ-ပစိဖိတ် တင်းမာမှု

ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ နိုင်ငံတကာသတင်းတွေထဲ စိတ်ဝင်စားစရာဖြစ်စေခဲ့တာက အမေရိကန်ပင်တဂွန် စစ်ဌာနချုပ်ရဲ့ အမျိုးသားကာကွယ်ရေး မဟာဗျူဟာဆိုင်ရာ နောက်ဆုံးထုတ်ပြန်ချက်ပါဘဲ။ ဒီထုတ်ပြန်ချက် မှာ တရုတ်နိုင်ငံကို ဦးတည်ထားတဲ့အတွက်  အာရှ-ပစိဖိတ်ဒေသမှာ တင်းမာမှုပိုများလာဖို့ များနေခဲ့ပါတယ်။ နိုင်ငံ တကာတင်းမာမှုများနေခဲ့တဲ့ ဒီဒေသတွင်းမှာ ယခုတစ်ပတ်ထဲ ရေကြီးတာနဲ့ လူလုပ်ကပ်ဘေးတွေ ဆိုက်ရောက်နေ ခဲ့ပါတယ်။ တောင်ကိုရီးယားမှာ စနေနေ့ညပိုင်းက ပြုလုပ်ခဲ့တဲ့ ဟော်လိုးဝင်းပွဲမှာ လူအရမ်းများကာ လူအုပ်ပြိုကျ တဲ့အတွက် နိုင်ငံခြားသားတွေအပါအဝင် လူ၁၅၀ ‌ကျော် သေဆုံးခဲ့ပါတယ်။ အိန္ဒိယမှာဆိုရင်လည်း တနင်္ဂနွေနေ့ ညဦးပိုင်းကပြုလုပ်တဲ့ ကြိုးတံတားဖွင့်ပွဲမှာ တံတားပြတ်ကျတဲ့အတွက် လူ ၁၂၀ ကျော် သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဖြစ် ခဲ့တာ ရှိပါတယ်။

ဒီလို ဘေးတွေသာ ကမ္ဘာက ကြုံနေရတာမဟုတ်ပါဘူး။ ဆိုမာလီမြို့တော် မိုဂါဒစ်ရှုူးမှာ ဗုံးပေါက်ကွဲတာ တွေကြောင့် လူ၁၀၀ ကျော်သေဆုံးခဲ့တာ၊   ဖိလစ်ပိုင်မှာ အပူပိုင်းမုန်တိုင်း နာဂလေဝင်ရောက်တိုက်ခတ်တဲ့ အ တွက် ၁၀၀ နီးပါးသေဆုံးခဲ့တာ၊ဖိလစ်ပိုင်မှာဘဲ  ၆ ဒသမ ၄ အဆင့်ရှိ ပြင်းအားကြီးငလျင်လှုပ်ခတ်လို လူ ၃၀ ကျော် ထိခိုက်ဒဏ်ရာရတာ စတဲ့သတင်းတွေလည်း ဖြစ်ခဲ့တာ ရှိပါတယ်။

ဒီတစ်ပတ် နိုင်ငံတကာသတင်းတွေမှာ ယူကရိန်းတိုက်ပွဲသတင်းတွေ ရှိပေမယ့် အားလုံးစိတ်ဝင်စားနေကျ တာက အာရှအရှေ့ဖျားက သတင်းတွေပါဘဲ။ တရုတ်ခေါင်းဆောင်ပိုင်း အပြောင်းအလဲအချို့ရှိခဲ့တဲ့ တရုတ်ကွန် မြူနစ် ပါတီညီလာခံသတင်းတွေအပြီးမှာ  မြောက်ကိုရီးယားရဲ့ နူကလီးယားစမ်းသပ်ဖို့ ပြင်ဆင်နေတဲ့ သ တင်း တွေက နိုင်ငံတကာထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။

မြောက်ကိုရီးယားဇောင်းထချိန်

အာရှအရှေ့ဖျားမှာ အဓိကအရေးပါတဲ့ ညီလာခံကျင်းပနေတဲ့အချိန်မှာဘဲ အာရှ အ ရှေ့ ဖျားက နိုင်ငံ နှစ်ခုဖြစ်တဲ့ မြောက်နဲ့ တောင်ကိုရီးယားတိုက အနောက်ပင်လယ်နယ်နိမိတ် အငြင်းပွား ရေပိုင် နက်ထဲမှာ အပြန်အလှန်သတိပေးပစ်ခတ်မှုတွေ တနင်္လာနေ့က ဖြစ်ခဲ့ပါတယ်။ တောင်ကိုရီးယားဘက်က ပိုင်နက် ကျူး ကျော်လာသည် မြောက်ကိုရီးယား ကုန်သင်္ဘောကို သတိပေးပစ်ခတ်တာလို့ ပြောခဲ့သလို မြောက်ကို ရီးယား ဘက်ကလည်း ရန်သူရေတပ်လှုပ်ရှားမှုကြောင့် အမြှောက် ၁၀ ချက်ပစ်ခတ်ပြီး သတိပေးခဲ့တယ်ဆိုပါတယ်။

၁၉၅၀-၅၃ခုနှစ်မှာ စစ်မက်ဖြစ်ပွားခဲ့တဲ့ ဒီနှစ်နိုင်ငံရဲ့ အပြန်အလှန်ပစ်ခတ်သတိပေးမှုက လတ်တလောမှာ နူကလီးယားခြိမ်းခြောက်မှု၊ ဒုံးကျည်တွေ ပစ်လွှတ်နေမှုကြောင့် မတည်မငြိမ်ဖြစ်နေတဲ့ ဒေသတွင်းကို စိုးရိမ်မှု ပို စေခဲ့ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်းစစ်ကြောင့်‌ မတည်မငြိမ်ဖြစ်နေတဲ့ ကမ္ဘာ့အတွက် တောင်နဲ့မြောက် စစ်မက်ဖြစ်ပွားလာနိုင်တဲ့အလားအလာမြင့်တက်လာတာဟာ ကောင်းတဲ့ ကမ္ဘာနဲ့ ဒေသတွင်းအတွက် ကောင်းတဲ့ အလားအလာတော့ မဟုတ်ပါဘူး။

ကုလသမဂ္ဂလက်အောက်ခံ နိုင်ငံတကာအဏုမြူအေဂျင်စီ IAEA ရဲ့အကြီးအကဲက မကြာသေးခင်ကပဲ မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး ပြောခဲ့တာရှိပါတယ်။ ဒါက မကြာခင်အချိန်အတွင်းမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယားဗုံးစမ်းသပ်မှုကို တစ်ကမ္ဘာလုံးက ရင်တမမနဲ့စောင့်ကြည့်ရဖို့ရှိနေတယ်လို့ဆိုတဲ့ သတိပေးချက်ပါဘဲ။ တောင်နဲ့မြောက်တင်းမာမှုဟာ ယခုဆယ်စုနှစ်အတွင်း အမြင့်ဆုံးအဆင့်အထိရောက်လာချိန်မှာ မြောက်ကိုရီးယား ဘက်က နျူလက်နက်စမ်းသပ်မှုဟာ ခန့်မှန်းမှုကနေ သေချာတဲ့အနေအထားကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

မြောက်ကိုရီးယားအစိုးရဟာ လွန်ခဲ့တဲ့သီတင်းပတ်တွေအတောအတွင်း တာတိုနဲ့ တာဝေးပစ်ဒုံး ကျည် တွေကို အကြိမ်ရေတော်တော်များများ ပစ်ခတ်စမ်းသပ်ခဲ့ပြီး နောက်တစ်ဆင့်အနေနဲ့ နျူကလီးယားဗုံးကို စမ်းသပ် ဖောက်ခွဲမယ့်အရိပ်အယောင်တွေပြနေရာကနေ ယခုအခါ သေချာတဲ့အနေအထားရောက်လာတာဟာ ဒေသ တွင်းနဲ့ ကမ္ဘာ့အတွက် သိပ်ကောင်းတဲ့ အလားအလာတော့မဟုတ်ပါဘူး။ မြောက်ကိုရီးယားရဲ့ နျူလက်နက် စမ်းသပ်မှုသာ တကယ်ဖြစ်လာခဲ့ရင် ဒါဟာ ဒေသတွင်း ရန်ဘက်နိုင်ငံတွေ ဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယား တို့အပေါ် အဓိကခြိမ်းခြောက်မှုဖြစ်လာနိုင်သလို အမေရိကန်ကိုလည်း စိန်ခေါ်မှုဖြစ်မှာသေချာနေပါတယ်။

ဘာကြောင့်လဲဆို မကြာခင်က အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားမဟာမိတ် ၃ နိုင်ငံက ကြေညာ ခဲ့တာရှိပါတယ်။ ဒါက မြောက်ကိုရီးယားအနေနဲ့ အဏုမြူဗုံးစမ်းသပ်ဖောက်ခွဲခဲ့မယ်ဆိုရင် အရင်ကနဲ့မတူတဲ့ အပြင်းထန်ဆုံးစစ်ရေးတုန့်ပြန်မှုပြုလုပ်သွားမယ်လို့ ဒီမဟာမိတ် ၃ နိုင်ငံက ထုတ်ပြန်ထားတာပါ။ဒါအပြင် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း မြောက်ကိုရီးယားက အမေရိကန်နဲ့ မဟာမိတ်တွေ အကျိုးစီးပွား ထိခိုက်အောင်တိုက်ခိုက်ခဲ့ရင် ကင်ဂျုံအမ်ရဲ့ သက်တမ်းကို ကုန်ဆုံးစေမယ်ဆိုတာကို သတိပေး ထားခဲ့တာ ရှိပါတယ်။ မကြာသေးတဲ့ ၂၀၂၂ ခုနှစ် အစောပိုင်းကလည်း ဂူအမ်ရှိ အမေရိကန်၏ Anderson လေတပ်အခြေစိုက် စခန်းမှာ  B-52 ဗုံးကြဲလေယာဉ်လေးစင်းကို ဝါရှင်တန်မှ ဖြန့်ကျက်ချထားခဲ့ပါသေးတယ်။

လက်ရှိမှာ မြောက်ကိုရီးယားနူလက်နက် စမ်းသပ်မှုကို  စောင့်ကြည်နေသလို စမ်းသပ်ခဲ့ရင် ဘယ်လိုတွေ ဖြစ်ကြမလဲဆိုတာကို မေးခွန်းထုတ်နေတာ ရှိပါတယ်။ ဒါဟာ စစ်ရေးတင်းမာမှုမြင့်တက်နေတဲ့ ကမ္ဘာ့အတွက် ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။

အမေရိကန်ပင်တဂွန်ရဲ့ အမျိုးသားကာကွယ်ရေး မဟာဗျူဟာ

ဒီရက်ထဲ   သြစတြေးလျနဲ့ ဂျပန်တို့ ထောက်လှမ်းရေးသတင်းတွေဖလှယ်ဖို့နဲ့ စစ်ဘက် ပူးပေါင်းဆောင် ရွက်ရေး ဆိုင်ရာသဘောတူညီချက်ရေထိုးခဲ့ပါတယ်။ ဒါဟာ အာရှ-ပစိဖိတ်ဒေသမှာ အင်အားကြီးလာတဲ့ တရုတ်ကို အန်တုနိုင်ဖို့အတွက် ရည်ရွယ်ပြီး လက်မှတ်ထိုးခဲ့တာပါ။ အောက်တိုဘာ ၃၀ ရက်က သြစတြေးလျအသံလွှင့် ကော် ပိုရေးရှင်း (ABC) ရဲ့ သတင်းထုတ်ပြန်ချက်မှာ အမေရိကန်က နျူကလီးယားလက်နက်တပ်ဆင်နိုင်တဲ့ B-52 ဗုံးကြဲ လေယာဉ်ခြောက်စင်းကို သြစတြေးလျမြောက်ပိုင်းရှိ လေတပ်အခြေစိုက်စခန်းတစ်ခုမှာ ဖြန့်ကျက်ချထားဖို့ စီစဉ် နေတယ်ဆိုတဲ့ သတင်းတွေပါဘဲ။

အမေရိကန်နှင့် ကာကွယ်ရေးဆိုင်ရာ မဟာမိတ်များအဖြစ် ပူးပေါင်းဆောင်ရွက်နေတဲ့ ဩစတြေးလျမှာ ဒီလို B-52 ဗုံးကြဲလေယာဉ်တွေချထားမှုဟာ ဝါရှင်တန်နှင့် ပေကျင်းအကြား တင်းမာမှုများပိုမိုကြီးထွားလာစေမည့် လှုပ်ရှားမှုတစ်ခုပါဘဲ။ ဒီလိုအမေရိကန်-တရုတ် တင်းမာလာနိုင်မှု မြင့်တက်လာနေချိန်မှာ ဥရောပတစ်ခွင်မှာလည်း လက်ယာစွန်းဝါဒီတွေ ပြန်ခေါင်းထောင်လာနိုင်တဲ့ အန္တရာယ်ကိုတွေ့လာနေရပါတယ်။ အီတလီမှာဆိုရင် လက်ယာ ယိမ်းပါတီခေါင်းဆောင် ဂျီယိုဂျီယာမယ်လိုနီက ရွေးကောက်ပွဲမှာ အနိုင်ရပြီး ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။

ဒီလို လက်ယာယိမ်းပါတီခေါင်းဆောင် အီတလီဝန်ကြီးချုပ်ရာထူးယူပြီး မကြာခင်မှာ ဖက်ဆစ်အာဏာရှင် မူဆိုလိုနီကို ထောက်ခံသူ ထောင်နဲ့ ချီပြီးရောမကို ချီတက်တဲ့ အခမ်းအနားလုပ်ခဲ့တာကိုတွေ့ရပါတယ်။ ဒါဟာ ကမ္ဘာ့အတွက် ကောင်းတဲ့ လက္ခဏာတော့မဟုတ်ပါဘူး။  ဗြိတိန်မှာ လစ်ဇ်ထရပ်နုတ်ထွက်ပြီး အိန္ဒိယနွယ်ဖွား ဆူနပ်ခ် တက်လာခဲ့သလို သူတာဝန်စယူတဲ့နေ့မှာဘဲ အမေရိကန်သမ္မတဘို င်ဒင်နဲ့ ဆွေးနွေးခဲ့ပြီး ယူကရိန်း အရေးမှာ အတူလက်တွဲလုပ်ဖို့ သဘောတူခဲ့ကြပါတယ်။ဒါအပြင် တရုတ်ကြောင့်ဖြစ်ပေါ်လာတဲ့ စိန်ခေါ်ချက် တွေကိုလည်း ကိုင်တွယ်ကြဖို့ သဘောတူကြတယ်လို့ အိမ်ဖြူတော် ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။ ဒီလို ဖော်ပြမှုကို တရုတ်ဘက်က တုံပြန်ရာမှာတော့ တရုတ်က တိုင်းပြည်အားလုံးရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းနဲ့ မိတ်ဘက်ဖြစ်ပြီး စိန်ခေါ်ချက်လည်းမဟုတ်သလို အန္တရာယ်လည်းမဟုတ်ပါဘူးလို့ ပြောခဲ့ပြီး  “ခေတ်အောက်သွားပြီဖြစ်တဲ့ တရုတ်အန္တရာယ်သဘောတရားကို ပျံ့နှံ့စေမယ့်အစား ပွင့်လင်း၊ အားလုံးပါဝင်၊ သူကျိုးကိုယ်ကျိုးရှိ ပူးပေါင်းဆောင်ရွက်ပြီး ကမ္ဘာ့ ငြိမ်းချမ်းရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်သင့်တယ်လို့ ပြောခဲ့ပါတယ်။  

အောက်တိုဘာ ၂၇ ရက်က အမေရိကန်ပင်တာဂွန်စစ်ဌာနချုပ်ရဲ့ အမျိုးသားကာကွယ်ရေး မဟာဗျူ ဟာ ဆိုင်ရာ နောက်ဆုံးထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်မှုမှာ ရုရှားဟာ ယူကရိန်းမှာ ဆိုးဝါး တဲ့စစ်ပွဲ ဆက်လက်ဆင်နွှဲပြီး ကြီးမားတဲ့ ခြိမ်းခြောက်မှုလုပ်နေချိန်မှာပဲ တရုတ်ကတော့ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး အကျိုးစီးပွါးကို စိန်ခေါ်နေတဲ့ ထိပ်ဆုံးနိုင်ငံအဖြစ် ဆက်ရှိနေဆဲပဲလို့ ဖော်ပြခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် က သတင်း ထောက်တွေကို တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ အမေရိကန်အတွက် တဦးတည်းသော ပြိုင်ဘက်အနေနဲ့ ရှိနေ ပြီး အင်အားကြီးမားဖို့ ကြိုးစားနေတာနဲ့ အတူ၊ ကမ္ဘာ့နိုင်ငံတွေကြား တည်ရှိမှု အနေထားကို ပြောင်း လဲဖို့ပါ လုပ်ချင်နေတာဖြစ်ကြောင်း ပြောခဲ့သလို အမည်မဖေါ်လိုတဲ့ ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်း အရာရှိတစ်ဦးကလည်း သတင်းထောက်တွေကို တရုတ်ဟာ စစ်ရေး၊ စီးပွါးရေး၊ နည်းပညာနဲ့ သံတမန်ရေးလို ကျယ်ပြန့်တဲ့ ကဏ္ဍတွေမှာ အမေရိကန်ပြည်ထောင်စုကို စနစ်တကျ စိန်ခေါ်နိုင်စွမ်းရှိအောင် ဆက်ပြီး ကြိုး စားနေတယ်ဆိုပြီးပြောခဲ့ပါတယ်။

ရုရှားရဲ့ ခြိမ်းခြောက်မှုမြင့်တက်လာနေချိန်မှာ ထုတ်ပြန်တဲ့ ဒီအမေရိကန် အမျိုးသားကာကွယ်ရေး မဟာဗျူ ဟာမှာ တရုတ်ကို ပိုအလေးထားဖော်ပြထားနေတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ အောက် တိုဘာ ၃၀ ရက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဖုန်းဖြင့်ဆက်သွယ် ဆွေးနွေးခဲ ကြတယ်လို သတင်းဖော်ပြမှုတွေရှိပါတယ်။  အမေရိကန်နိုင်ငံခြားရေးဌာန၏ ထုတ်ပြန်ချက်မှာတော့ ဆက်သွယ် စကားပြောဆိုမှုအတွင်း ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနှင့် စီးပွားရေးအပေါ် ခြိမ်းခြောက်မှုများနှင့် ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်စစ်ပွဲ အခြေအနေတို့အား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်ဆိုပါတယ်။ ဒါအပြင် အမေရိ ကန်နှင့် တရုတ်အကြား ပွင့်လင်းမြင်သာသည့် ဆက်သွယ်ရေးလမ်းကြောင်းကို ထိန်းသိမ်းထားရန် လိုအပ်တာ ကိုလည်း ဆွေးနွေးခဲ့တာကို ဖော်ပြခဲ့ပါတယ်။  

လက်ရှိမှာ ယူကရိန်းမှာဖြစ်နေတဲ့ စစ်က ကျယ်ပြန်လာနိုင်တဲ့ အလားအလာရှိနေပြီး ပူတင်ကတော့ နူလက်နက်မသုံးဘူးဆိုပြီး ဒီတစ်ပတ်မှာ ပြောခဲ့ပါတယ်။ဒါပေမယ့် ကရိုင်းမီးယားမှာ ရုရှားပင်လယ်နက်ရေတပ် သင်္ဘောအုပ်စုမှ သင်္ဘောတစ်စီး ဒရုန်းဖြင့်တိုက်ခိုက်ခံရလို့ ရုရှားက ယူကရိန်းဆိပ်ကမ်းတွေကို ပြန်ပိတ်ဆို့ပြီး ယူကရိန်းမှ သီးနှံသင်္ဘောများ ဘေးကင်းစွာသွားလာခွင့်ကို ရုတ်သိမ်းလိုက်လို့ တင်းမာမှုက  တစ်ဖန်ပြန်မြင့် တက်လာနေပါတယ်။

ယူကရိန်းစစ်ပွဲမှာ ကျူးကျော်တဲ့ ရုရှားတပ်တွေ ပြန်ဆုတ်ပေးနေရပြီး မကြာခင်က ရုရှားပိုင်နက်ထဲ ထည့် သွင်းခဲ့တဲ့ ယူကရိန်းဒေသလေးခုထဲက အရေးပါတဲ့ တစ်ခုဖြစ်တဲ့ ခါဆန်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။  ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ ရုရှားတပ်ဖွဲ့ များ ထိန်းချုပ်ခဲ့သည့် အဓိက ခံတပ်မြို့ဖြစ် သော လီမန်မြို့ကို ပြန်လည် သိမ်းယူနိုင်ခဲ့ပြီး မြေပြင်မှာအခြေအနေ မကောင်းတဲ့အတွက်  ရုရှားက လေကြောင်းကနေ ဒရုန်းတွေ၊ မစ်ဇိုင်းတွေ သုံးပြီး ယူကရိန်းအရပ်ဘက်ပစ်မှတ်တွေကို တိုက်နေလို့ ယူကရိန်းရဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးပါ ထိခိုက်ခဲ့ ပါတယ်။ ယူက ရိန်း အကြီးတန်း အရာရှိ တစ်ဦး ပြောကြားချက်အရဆိုရင် ရုရှားတပ်ဖွဲ့များဟာ မဟာဗျူဟာ ကျ တဲ့ ခါဆန်မြို့ကို စွန့်ခွာရန်ပြင်ဆင်နေတဲ့ လက္ခဏာမရှိဘူးဆိုပါတယ်။ ဒီအစား အပြင်းထန်ဆုံးတိုက်ပွဲများ အတွက် ကတုတ်ကျင်းများ တူးကာ ပြင် ဆင်နေပြီး နေထိုင်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် လုပ်ဆောင် နေတယ် ဆိုပါတယ်။ လီမန်မြို့သိမ်းယူမှုမတိုင်မီ နာရီပိုင်းအလိုမှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယင်းဒေသများတွင် အဝိုင်းခံရမည့်အန္တရာယ် ရှိနေသဖြင့် ရုရှားစစ်သားများကို ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

အခြေအနေတွေကို ပြန်ကြည့်မယ်ဆိုရင် ကမ္ဘာ့ဟာ ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးတစ်လုံးပမာဖြစ်ဖို့ အနည်းငယ်သာလိုတော့တဲ့အနေအထားပါဘဲ။ ရှေ့လာမယ့်ရက်သတ္တပတ်တွေမှာ ဒီအရှိန်အတိုင်းဆက်သွားနေရင် အာရှ-ပစိဖိတ်ဒေသအခြေအနေက မတွေးဝံ့စရာအခြေအနေဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် နိုင်ငံတကာ သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မင်းထက်