【တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက်】 ပြင်းထန်တဲ့ စစ်ပွဲအချိုးအကွေ့နှင့် အာရှ-ပစိဖိတ်

【တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက်】 ပြင်းထန်တဲ့ စစ်ပွဲအချိုးအကွေ့နှင့် အာရှ-ပစိဖိတ်

ယခုရက်သတ္တပတ်ထဲ နိုင်ငံတကာသတင်းတွေထဲမှာ သတိထားစရာ သတင်းများစွာ ဖြစ်ခဲ့တာကို တွေ့ ရပါတယ်။ မျောက်ကျောက်ရောဂါလို့ အာဖရိကမှာသာ ဖြစ်လေ့ရှိတဲ့ ရောဂါတစ်မျိုးဟာ တဖြေးဖြေး ကမ္ဘာအနှံ့ ကျယ်ပြန့်စွာ ကူးစက်လာတာ၊ အမေရိကန်မှာ နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ အမျိုးသမီးတွေ တရားဝင်ကိုယ်ဝန် ဖျက်ချခွင့် အမေရိကန်တရားရုံးချုပ်က ပယ်ဖျက်လိုက်လို့ ဆန္ဒပြမှုတွေဖြစ်နေတာ ၊ သေနတ်ကိုင်အကြမ်းဖက်မှု လျော့ပါးရေးမူကြမ်းကို သမ္မတဘိုင်ဒင်က လက်မှတ်ရေးထိုးအတည်ပြုလိုက်တာ ၊ အီးယူ အဖွဲ့ထဲ ဝင်ရောက်ဖို့ ကာလကြာရှည်နေတဲ့ ယူကရိန်းရဲ့လျှောက်ထားမှုအတွက် ဇွန် ၂၃ ရက် အီးယူအစည်းအဝေးက အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် မော်လဒိုဗာနဲ့အတူ အတည်ပြုပေးခဲ့တာ၊ တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ပူးတွဲစွမ်းအင်ရှာဖွေဖို့ ဆွေးနွေးပွဲကို ဖိလစ်ပိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီလို့ ဖျက်သိမ်းလိုက်တာ၊ ရေငုပ်သင်္ဘောစာချုပ်ဖျက်သိမ်း လိုက်လို့ပျက်စီးသွားတဲ့ နှစ်နိုင်ငံဆက်ဆံရေးပြန်ကောင်းဖို့ ဩစတြေးလျဝန်ကြီးချုပ်အန်တိုနီအယ်လ်ဘာနီးစ် ပြင်သစ်ကို လာမည့်ရက်သတ္တပတ်သွားဖို့ စီစဉ်နေတာ စတဲ့ စိတ်ဝင်စားဖွယ်သတင်းတွေ ယခုတစ်ပတ်ထဲမှာ ဖြစ်ခဲ့တာကို တွေ့ရပါတယ်။

ဒီထဲမှာ သတိပြုစရာကောင်းတဲ့ သတင်းက ရုရှားရဲ့ စစ်ရေးအပြောင်းအလဲသတင်းနဲ့ အမေရိကန်-တရုတ် သံတမန်ရေးနဲ့ စစ်ရေးဆိုင်ရာ နောက်ဆုံးအခြေအနေသတင်းတွေပါဘဲ။ ဒီသတင်းတွေက ဒီတစ်ပတ်မှာ နိုင်ငံတကာက သတိထားစောင့်ကြည့်နေရတဲ့ သတင်းတွေ ဖြစ်သလို အပြောင်းအလဲများစွာ ဖြစ်လာနိုင်တဲ့အခြေအနေလည်းရှိနေလို့ ဒီသတင်းနှစ်ခုကို ယခုအပတ်မှာ အထူးအလေးထားဖော်ပြချင်ပါတယ်။  

ယူကရိန်းစစ်ရေးအချိုးအကွေ့စပြီလား

သီတင်းပတ်များစွာကြာ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဆီဗာရိုဒွန်နက်စ်မြို့ဟာ ဇွန် ၂၆ ရက်မှာ ရုရှားလက်အောက်ကို ကျသွားခဲ့ပါတယ်။ဒါဟာ ပူတင်အတွက်တော့ ငါးလမြောက်လာတဲ့ ယူကရိန်းအပေါ် ရုရှရဲ့ကျူးကျော်စစ်အတွက်  အရေးပါတဲ့မဟာဗျူဟာအောင်ပွဲတစ်ခုအဖြစ် ယူဆစရာရှိပေမယ့် သူ့အနေနဲ့ဖြေရှင်းစရာတွေ တထွေးကြီးရှိနေခဲ့ပါတယ်။ဒါက ဒီ ၅ လအတွင်း သူ့နိုင်ငံပတ်လည်က အိမ်နီးချင်းတွေဟာ အီးယူနဲ့ နေတိုးအဖွဲ့ထဲဝင်ဖို့ တက်သုတ်ရိုက်ကြိုးစားနေကြတာကိုပါပဲ ။ ဒါဟာ ရုရှားအတွက် နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ထိစပ်မှု ပိုများလာမှာ ဖြစ်သလို စိန်ခေါ်မှုကလည်း ပိုပြီးကြီးမားလာမှာ သေချာနေပါတယ်။ ဒါအပြင် NATO အဖွဲ့ဝင်နိုင်ငံတွေရဲ့ အရှေ့ဘက် မျက်နှာစာကို ကာကွယ်ဖို့ အမေရိကန်တပ်ဖွဲ့ဝင်တွေ ဥရောပကိုရောက်လာမှုတွေက ရုရှားအတွက် တဖြေးဖြေးကျပ်လာတဲ့ စစ်ရေးဆိုင်ရာအခြေအနေတွေပါဘဲ။   

သီတင်းပတ်များစွာကြာ အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့တဲ့  စက်မှုလုပ်ငန်းအချက်အချာ ဆီဗာရိုဒွန်နက်စ်မြို့ ဟာ ရုရှားတပ်တွေက မြို့ကို စိစိညှက်ညှက်ကြေအောင်ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ရုရှားတပ်တွေလက်အောက် ကျသွားခဲ့ပါတယ်။ မြို့တစ်ခုလုံး ကြေမွနေလို့ ယူကရိန်းတပ်တွေ ဘယ်လိုမှကွင်းပြောင်ပြောင်မှာ ခုခံလို့မရတော့ တဲ့အတွက် အနီးနားက လိုင်ဆိုင်ချန့်စ်မြို့ကနေ ပြန်ခံချဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ဆီဗာရိုဒွန်နက်စ် မြို့ အပါအဝင်ဆုံးရှုံးခဲ့တဲ့ မြို့တွေအားလုံးကို ပြန်လည်တိုက်ယူသွားမယ်လို့ ယူကရိန်းသမ္မတဇီလင်စကီးက ကြုံးဝါးခဲ့ပေမယ့်  မြို့ကျဆုံးမှု‌ကြောင့် စိတ်ဓာတ်ထိခိုက်ရတဲ့ကြောင်းကို သူရဲ့ဗီဒီယိုမိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

လက်ရှိမှာ ယူကရိန်းစစ်ပွဲဟာ ဘယ်အခြေအနေဖြစ်နေပြီလဲ ၊ ရုရှားရဲ့ရည်မှန်းချက်ကဘာလဲ၊ အနောက်အုပ်စုက ရုရှားကို ဘယ်လိုတုံ့ပြန်နေလဲဆိုတာသိမှ ဒီစစ်ပွဲမှာ ဘယ်သူက အနိုင်ရလဲဆိုတာသိမှာ ဖြစ်ပါတယ်။ ရုရှားရဲ့ ယူကရိန်းကို စစ်ဆင်နွှဲရတဲ့ ရည်မှန်းချက်က အစောပိုင်းက နေတိုးအဖွဲ့ထဲဝင်မှာ စိုးလို့ ဆိုတဲ့ အကြောင်းပြချက်ပါ။ နောက်ပိုင်းမှာ ရုရှားလိုလားတဲ့ ဒွန်ဘတ်စ်ဒေသကို သိမ်းယူဖို့ ဖြစ်လာပါတယ်။ ဒါပေမယ့် ရုရှားထိုးစစ်စတဲ့ ဖေဖေါ်ဝါရီ ၂၄ ရက်က အခြေအနေကိုကြည့်ရင် ယူကရိန်းကို သိမ်းပြီး ရုရှားလိုလားတဲ့အစိုးရကို တင်ကာ ရုရှားဩဇာအာဏာခံအဖြစ်ထားဖို့ ရည်ရွယ်တာကိုတွေ့ရပါတယ်။ ဒီအတွက် ဖြစ်မြောက်နိုင်/မဖြစ် မြောက်နိုင် ဆိုတာ ပင်လယ်နက်ရေတပ်ဆိပ်ကမ်းကို သိမ်းယူခဲ့တုန်းက ယူကရိန်းတပ်တွေ လျင်လျင်မြန်မြန် ကျရှုံးခဲ့တာကို အခြေခံတွက်ချက်ထားပြီး ယခုစစ်ပွဲမစခင်ကလည်း  ရုရှားက နောက်ဆုံးပေါ် အစွမ်းထက်စစ်လက်နက်တွေ စမ်းသပ်ပြပြီး ယူကရိန်းကို အညံ့ခံအောင် စိတ်ဓာတ်ရေးရာအရ ခြောက်လှန့်ထားခဲ့ပါတယ်။

ဒါပေမယ့် ယူကရိန်းစစ်ပွဲဟာ စကတည်းက ထင်သလို ဖြစ်မလာခဲ့ပါဘူး။ ရက်သတ္တပတ်ပေါင်းများစွာ ကြာလာတဲ့အခါ ယူကရိန်းကို အလွယ်ရဖို့ ဆိုတာ မဖြစ်နိုင်မှန်းကို ပူတင်သိလာခဲ့ပါတယ်။ ရုရှားတပ်တွေ အကျအဆုံးများလာတာ၊ ယူကရိန်းနိုင်ငံသားတွေ စစ်ပွဲမှာ အသေအကြေခုခံလာကြတာတွေကြောင့် တွက်ချက်မှု လွဲခဲ့မှန်းသိလာတဲ့ ရုရှားသမ္မတပူတင်ဟာ အလျင်အမြန်ဘဲ ရည်မှန်းချက်ပြောင်းလိုက်တာကို တွေ့ရပါတယ်။ ဒါက ယူကရိန်းအရှေ့ပိုင်းကို အဓိကထားသိမ်းယူဖို့ ကြိုးစားလာတာပါ။ ဒါကြောင့် မာရီယူပိုးလ်၊ ဆီဗာရိုဒွန်နက်စ်မြို့ တွေဟာ သာလွန်အင်အားသုံးတဲ့ ရုရှားလက်ချက်ကြောင့်  စိစိညှက်ညှက်ကြေခဲ့ရသလို ဒေသခံတွေကိုလည်း ရုရှားတပ်တွေက ဓားစာခံသဘော သူပိုင်နက်ထဲ ပြန်ပေးဆွဲသလို ခေါ်ဆောင်သွားခဲ့ပါတယ်။ ရုရှားရဲ့ ဒွန်ဘတ်စ် ဒေသ မှာ စစ်ဆင်ရေးလုပ်နေတာတွေကိုကြည့်မယ်ဆိုရင် သူ့လုံခြုံရေးအတွက် ဆိုတာထက် ယူကရိန်းကို နာလန်ပြန်မ ထူနိုင်အောင် အလုံးစုံချေမှုန်းခဲ့ချင်တဲ့သဘောဖြစ်နေတာကိုတွေ့ရပါတယ်။  

နေတိုးအပါအဝင် အနောက်နိုင်ငံတွေနဲ့ အမေရိကန်ရဲ့ ထောက်ပံ့မှုတွေက ရုရှားရဲ့ ရည်မှန်းချက်တွေကို ပျက်ဆီးစေတဲ့ အကြောင်းအရင်းတစ်ခုအဖြစ်ပါဝင်ခဲ့ပါတယ်။  စစ်ပွဲစကတည်းက အနောက်အုပ်စုရဲ့ လက်နက်နဲ့ ဘဏ္ဍာရေး တောက်လျှောက်ထောက်ပံ့မှုတွေက ပူတင်ရဲ့အိပ်မက်ကို ဖျက်ဆီးစေသလို ဖြစ်ခဲ့စေပါတယ်။ ယခု တနင်္ဂနွေနေ့ညမှာဆိုရင် ရုရှားကို ဆန်ရှင်ချဖို့ နောက်ဆုံးသဘောတူခဲ့တဲ့ ရုရှားရွှေ ဥရောပတင်သွင်းတာ ပိတ်ပင်မှု ဆိုရင် ရုရှားစီးပွားရေးကို အထိနာစေကာ ပူတင်ရဲ့တည်မြဲမှုကိုတောင် ခြိမ်းခြောက်မှုဖြစ်လာပါတယ်။ နောက်ဆုံး သတင်းတွေအရဆိုရင် ရုရှားမှာ စီးပွားရေးလုပ်ငန်းရှင်သူဌေးတွေ နိုင်ငံတွင်းကနေ နည်းပေါင်းစုံနဲ့ ထွက်ခွာနေကေတယ်ဆိုပါတယ်။ဒါဟာ ရုရှားအတွက် အခက်အခဲပါဘဲ။

ရုရှားစီးပွားရေးဟာလက်ရှိမှာ ခံနိုင်ရည်ရှိပေမယ့် ရေရှည်မှာ ဒီလိုဆက်ဖြစ်နေမယ်ဆိုရင် ပြိုလဲသွားနိုင်တဲ့ အနေအထားပါ။ တနင်္ဂနွေနေ့က ဘာလင်မှာကျင်းပတဲ့ G-7 အစည်းအဝေးမှာဆိုရင် ဥရောပသမဂ္ဂမှာ ရုရှားစွမ်းအင်မပါတဲ့ အနာဂတ်ကို ဆွေးနွေးနေပြီဆိုတဲ့အတွက် ရေရှည်ရုရှားအတွက် သိပ်ကောင်းတဲ့ အလားအလာတော့ မဟုတ်ပါဘူး။ ဒီလိုအခြေအနေမှာ ရုရှားဘက်က စစ်ရေးအတွက် ပြောင်းလဲမှုတွေ လုပ်လာတာကိုတွေ့ရပါတယ်။  ဒါက ယူကရိန်းကို တိုက်နေတဲ့စစ်ကို ဘီလာရုစ်နဲ့ လွှဲပြီး NATO နဲ့ တိုက်ရိုက်စစ်ဆင်မှုကို ရုရှားစတော့မလား ဆို တာပါ။ ဥရောပနဲ့ ကမ္ဘာ့စစ်ရေးသုတေသီတွေက တွက်ချက်မှုအရဆိုရင် ဘီလာရုစ်ကနေ ယူကရိန်းကို ဒုံးကျည် တွေနဲ့ပစ်နေတာဟာ သိပ်ရိုးရှင်းတဲ့ ပုံစံမဟုတ်ပါဘူး။ နောက်တစ်ခုက ယူကရိန်းကနေ မိုင် ၅၀ အထိပစ်နိုင်ပြီး တိကျတဲ့ HIMARS ဟု လူသိများတဲ့ တာဝေးပစ် အမေရိကန်ဒုံးပျံစနစ်စသုံးနေလို့ ဒွန်ဘတ်စ်က ရုရှားစစ်ရေး ပစ်မှတ်တွေထိလာရင် စစ်ပွဲက ပိုကျယ်ပြန့်ဖို့ သေချာနေပြီဆိုတာကိုပါ။

ဒီယူဆချက်ကို ပိုခိုင်မာစေတာက ဒီရက်ထဲမှာဘဲ ရုရှားက ဘီလာရုစ်ကို Islander-M လို့ ခေါ်တဲ့ အဆင့်မြင့်မစ်ဇိုင်းဒုံးကျည်စနစ်တွေပေးအပ်မယ်ဆိုတဲ့ သတင်းတွေတက်လာခဲ့လို့ပါဘဲ။ ဒါဟာ ယူကရိန်းနဲ့ ဘီလာရုစ် အကြား စစ်ဖြစ်အောင် တည်ပေးနေတဲ့ ရုရှားအခင်းအကျင်းလားဆိုတာ တွေးဆစရာပါ။ သတင်းတွေမှာတော့ ဘီလာရုစ်နိုင်ငံအနေနဲ့ အိမ်နီးချင်း လစ်သူရေးနီးယားနဲ့ ပိုလန်နိုင်ငံတို့ရဲ့ ရန်လိုပြီး ထိပ်တိုက်တွေ့ရေး မူဝါဒတွေကို စိုးရိမ်ကြောင်း ဘဲလာရုစ် သမ္မတ လူကာရှန်ကိုကပြောလို့ ပူတင်ကထောက်ပံ့တဲ့ သဘောမျိုး တွေ့ ရပါတယ်။ ဒါပေမယ့် Iskander-M ဒုံးကျည်တွေဟာ ရိုးရိုးထိပ်ဖူးရော နျူးကလီးယား ထိပ်ဖူးပါ သယ်ဆောင် နိုင်ပြီး ကီလိုမီတာ ၅၀၀ ကျော်ထိ ပစ်ခတ်နိုင်လို့ အနီးနား နိုင်ငံနဲ့ NATOအတွက်ပါ စိုးရိမ်စရာပါ။ အထူးသဖြင့် ဘီလာရုစ်ဟာ အာဏာရှင်နိုင်ငံဖြစ်နေတာမို့ သတိထားစရာပါ။ လက်ရှိယူကရိန်းစစ်ပွဲမှာ ဘီလာရုစ်ဟာ တိုက်ရိုက်မပါဝင်သေးပေမယ့် သူ့ပိုင်နက်ကို  ရုရှားပေးသုံးထားလို့  အဲဒီကနေ ယူကရိန်းမြောက်ပိုင်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တာ၊ Tu-22 တာဝေး ဗုံးကြဲလေယာဉ်တွေသုံးပြီး  ဘီလာရုစ်ကနေ ယူကရိန်းကို လာဗုံးကြဲတာတွေ ရှိနေပါတယ်။ ဒါကြောင့် လည်း Islander-M လို့ ခေါ်တဲ့ အဆင့်မြင့် မစ်ဇိုင်းဒုံးကျည်ထောက်ပံ့တာတွေက သမားရိုးကျထက် ဘီလာရုစ်ကို စစ်ပွဲအတွင်း ဆွဲသွင်းမယ့် ရုရှားရဲ့ တိုက်ရိုက်ကြိုးပမ်းမှုဖြစ်နိုင်တယ်လို့ ယူကရိန်းထောက်လှမ်းရေးတွေက  သုံးသပ်သတိပေးခဲ့ကြတာပါ။

ယူကရိန်းကို အနောက်အုပ်စုက လက်နက်ထောက်ပံ့မှုကလည်း ရုရှားအတွက် သတိပြုစရာထက် ပိုလာပြီ ဖြစ်နေပါတယ်။ NATO အစည်းအဝေးကျင်းပတဲ့ တနင်္ဂနွေနေ့မှာ ရုရှားက ယူကရိန်းကို  ကတ်စပီယံပင်လယ်ထဲ ပျံသန်းနေတဲ့ လေယာဉ်တွေကနေ အစုလိုက်အပြုံလိုက်ခရုဇ်ဒုံးကျည်တွေ ပစ်ခတ်ခဲ့ပါတယ်။ ဒီထဲက ဒုံးကျည် တစ်ခု ကိယက်ဗ်မြို့တော်က ကိုးထပ်တိုက်အပေါ်ကျလို့ တစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ပါတယ်။ဒါဟာ မော်စကိုရဲ့ ကိယက်မြို့တော်ကို ပြန်တိုက်ခိုက်ခြင်းပါဘဲ။ ယူကရိန်းကလည်း  အမေရိကန်၊ဗြိတိန်၊ဂျာမနီ၊ ပြင်သစ်နဲ့ နေတိုးနိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်က ထောက်ပံ့မှုတွေကြောင့် ရုရှားကို တုံ့ပြန်မှုက ယခင်ကထက် ပိုကောင်းလာနေတာကိုတွေ့ရပါတယ်။ အထူးသဖြင့် အမေရိကန်၊ဗြိတိန်၊ဂျာမနီကနေ ဒုံးကျည်စနစ်တွေကို  ထောက်ပံ့ရာမှာ ပစ်ခတ်နည်းပါသင်ပေးပြီး ကူညီတာမို့လို့  ယခုမှစတင်သုံးနေရပြီ ဖြစ်လို့ စစ်ပွဲဟာ ပိုပြင်းထန်လာတော့မှာသေချာနေပါတယ်။ ယူကရိန်းစစ်ကိုကြည့်ရင် စစ်ပွဲဟာ တဖြေးဖြေးနည်းပညာဘက် ရောက်လာပြီမို့ မကြာခင်မှာ အပြောင်းအလဲအချို့ကို စတွေ့ဖို့ ရှိနိုင်တယ်လို့ နိုင်ငံတကာက သုံးသပ်ထားကြပါတယ်။ ဒီအပြောင်းအလဲက ဘယ်သူအတွက်လည်း ဆိုတာ စိတ်လှုပ်ရှားစရာပါဘဲ။သေချာတာကတော့ နှစ်ဘက်စလုံးက သတိကြီး ကြီးနဲ့ စစ်ကစားနေကြပြီဆိုတာပါဘဲ။  

စစ်ရေး-သံတမန်ရေးရာ ပိုတင်းမာလာတဲ့ တရုတ်-အမေရိကန်          

ယခုနှစ်အတွင်း နိုင်ငံတကာဖြစ်ရပ်တွေမှာ တရုတ်နိုင်ငံဟာ အဓိကဇာတ်ကောင်ဖြစ်လာသလို မကြာခင်မှာ ကျင်းပဖို့ရှိတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ထိပ်တန်းအစည်းအဝေးတွေက နိုင်ငံတကာမှာ အာရုံစိုက်စရာ စောင့်ကြည့်စရာ ဖြစ်လာပါတယ်။ ယခုနှစ်ဟာ တရုတ်ခေါင်းဆောင်အတွက် တတိယသက်တမ်းဆက်ယူမယူဆိုတာ ကွဲကွဲပြားပြားသိဖို့ အဲဒီအစည်းအဝေးတွေက အရေးပါနေပါတယ်။  သတင်းတွေအရဆိုရင်  လာမည့်အပတ်မှာ ကျရောက်တဲ့ ဟောင်ကောင်ကို ဗြိတိန်ထံမှ ပြန်လည်လွှဲပြောင်းလက်ခံမှု ၂၅ နှစ်ပြည့် အခမ်းအနားကို တရုတ် သမ္မတရှီကျင့်ဖျင်တက်ရောက်ဖို့ ရှိနေပါတယ်။ တရုတ်ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ပေတိုင်ဟဲ မှာ ဇူလိုင် ၁ ရက်ကနေ ၂ လကြာကျင်းပသွားဖို့ရှိတဲ့ ကွန်မြူနစ်ပါတီ၏ အရေးကြီးသော အစည်းအဝေးလည်းရှိနေပါတယ်။ မကြာသေးခင်ကဘဲ တရုတ်ရဲ့ ပထမဆုံးပြည်တွင်းဒီဇိုင်းနဲ့ တတိယမြောက် လေယာဉ်တင်သင်္ဘောကို တရုတ်က ရေချခဲ့တာတွေရှိပါတယ်။

ဆိုလိုချင်တာက တရုတ်ဘက်မှာ အရေးကြီးတဲ့အချိန်ကာလတွေ ဖြစ်နေတာကိုပါ။ ဒီကာလအတွင်းမှာ  နိုင်ငံတကာနဲ့ ဒေသတွင်းမှာ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ လှုပ်ရှားမှုတွေက ပိုပြီးသွက်လက် လာတာတွေ့ရပါတယ်။ အာရှ-ပစိဖိတ်ဒေသဟာ ယူကရိန်းကို ရုရှားဆင်နွဲနေတဲ့ ကျူးကျော်စစ်ရဲ့ရိုက်ခတ်မှုကို ခံနေရသလို အဲဒီက အားပြိုင်မှု

နဲ့တင်းမာမှုကိုလည်း ခံနေရတာကို တွေ့ရပါတယ်။ ဒေသတွင်းမှာ စစ်ရေး ပြိုင်ဆိုင်မှုတွေ တိုးလာနေတာကို ပြီးခဲ့တဲ့ရက်က တောင်ကိုရီးယား ဒုံးပျံနူရီ စမ်းသပ်မှုကိုကြည့်ရင်မြင်နိုင်သလို ဒီတစ်ပတ်ထဲဖြစ်တဲ့ ဇွန် ၂၅ ရက်က အမေရိကန်-ပစိဖိတ်ရေတပ် တပ်မှူး နဲ့ ဂျပန်ကာကွယ်ရေးဝန်ကြီး တွေ့ဆုံမှုကို ကြည့်ရင်လည်း မြင်နိုင်ပါတယ်။ ဒီတွေ့ဆုံမှုမှာ ဂျပန်ကာကွယ်ရေးဝန်ကြီး နို ဘူရိုကီရှီက ဒေသတွင်းမှာ အမေရိကန်ရေတပ်ရှိနေခြင်းဟာ လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို ထိန်းသိမ်းတောင့်တင်း ကြံ့ခိုင်စေရေးအတွက် မရှိမဖြစ်လိုအပ်တယ် ဆိုပြီး ပြောခဲ့တာကိုတွေ့ရပါတယ်။ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန ကထုတ်ပြန်ချက်တွေမှာတော့ ဂျပန် ကမ်းရိုးတန်းပတ်ဝန်းကျင်မှာ‌တော့ တရုတ်နှင့်ရုရှားရေတပ်များ ပူးပေါင်းလှုပ်ရှားမှုများ ကြီးထွားနေတယ်ဆိုပြီး ထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။

အဲဒီဒေသတွင်းမှာ လေကြောင်းနဲ့ ရေကြောင်းဆိုင်ရာ တင်းမာမှုတွေက မကြာခဏဆိုသလိုကို ဖြစ်နေတာပါ။ ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်က ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ)  အနောက်တောင်ဘက်ခြမ်းကို တရုတ်စစ်လေယာဉ် ၂၉ စင်း ဝင်ရောက်မှုနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက တရုတ်အစိုးရကို  ထိုင်ဝမ်အပေါ် စစ်ရေး၊ သံတမန်ရေးနဲ့ စီးပွားရေးအရ ဖိအားပေးတာတွေ ခြိမ်းခြောက်မှုတွေ ရပ်တန့်ဖို့ တရုတ်နိုင်ငံကို တိုက်တွန်းပါတယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဒါဟာ အာရှဒေသတွင်းမှာ ဖြစ်နေတဲ့ တရုတ်နဲ့ အမေရိကန်အကြားက အားပြိုင်မှုတစ်ခုပါဘဲ။ ဒီလိုဝင်ရောက်မှုဟာ ဇန်နဝါရီ ၂၃ ရက်က တရုတ်လေယာဉ် ၃၉ စီးနဲ့ မေ ၃၀ ရက်ကအစီး ၃၀ ဝင်ရောက်မှုအပြီး ယခုနှစ်အတွင်း တတိယမြောက် အများဆုံး ဝင်ရောက်မှုဘဲ ဖြစ်ပါ တယ်။ နောက်ဇွန် ၂၃ ရက်မှာ တရုတ်လေယာဉ် ၂၂ စီးထိုင်ဝမ်လေကြောင်းကာကွယ် ရေးဇုန်အတွင်းထပ် ဝင်ရောက်ခဲ့တယ်ဆိုပါတယ်။

သောကြာနေ့မှာတော့ အမေရိကန်ရေတပ်လေယာဉ်က အဆိုပါထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခဲ့လို့ တရုတ်ဘက်က လေကြောင်းနဲ့မြေပြင်ကို တပ်လှန့်ခဲ့ရတယ်ဆိုပါတယ်။ စနေနေ့ မှာတော့ တရုတ်ဘက်က ထိုင်ဝမ်ရေလက်ကြားမှဖြတ်သန်း သွားတဲ့ အမေရိကန်ရေတပ်လေယာဉ်ကြောင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို အန္တရာယ်ကျရောက်စေတယ်ဆိုပြီးပြောခဲ့တာကိုတွေ့ရပါတယ်။ 

လတ်တလောမှာ အမေရိကန်နဲ့ မဟာမိတ်တွေအမြင်မှာ တရုတ်နဲ့ပတ်သက်ပြီး အတော်လေးကို သတိထားနေတာကိုတွေ့ရပါတယ်။ မနှစ်တုန်းက ပြုလုပ်ခဲ့သော နေတိုးထိပ်သီးအစည်းအဝေးမှာတော့ နေတိုးအဖွဲ့က တရုတ်ကို စနစ်ကျသော စိန်ခေါ် မှုကြီးဟု သုံးနှုန်းထားပြီး ရုရှားကိုတော့ အန္တရာယ်ဟု သတ်မှတ်ထားပါတယ်။ ဒါကြောင့် ဒီနှစ်ကျင်းပမယ့် NATOထိပ်သီးအစည်းအဝေးကတော့ တရုတ်အတွက် ပိုဂရုစိုက်စရာ ဖြစ်ခဲ့ပါတယ်။ ဒါက တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံကို နေတိုးက အာရှမိတ်ဖက်နိုင်ငံများအဖြစ် အစည်းအဝေးတက်ရောက်ဖို့ ခေါ်ထားပြီး ဩစတြေးလျနှင့် နယူးဇီလန်ကို NATOအဖွဲ့နဲ့ ပူးပေါင်းမှုမြှင့်တင်ဖို့လုပ်နေတာ ရှိပါတယ်။ ဒါဟာ တရုတ်အတွက် စိုးရိမ်စရာပါဘဲ။ တရုတ် သမ္မတ ရှီကျင့်ဖျင်က ယခုတစ်ပတ်ကျင်းပတဲ့ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက နိုင်ငံတွေပါဝင်တဲ့ BRICS ထိပ်သီး အစည်းအဝေးမှာ စစ်အေးအယူအဆနဲ့ ထိပ်တိုက်တွေ့ရေး ဆန့်ကျင်ဖို့ကို ပြောခဲ့တာကို ထူးထူးခြားခြားတွေ့ရပါတယ်။

ဒါကြောင့်လည်း ဇွန်လ ၂၃ ရက်လုပ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ ဝမ်ဝေပင်က အာရှနိုင်ငံများနဲ့ NATO အကြား ပူးပေါင်းမှုများ တိုးမြှင့်ရန် ကြိုးပမ်းနေ မှု များကို အပြင်းအထန် ကန့်ကွက်ကြောင်းပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီအစည်းအဝေးမှာ အမေရိကန်သမ္မတ ဘိုင်ဒင်နဲ့ တောင်ကိုရီးယားသမ္မတ၊ဂျပန်ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးမှာဖြစ်လို့ ဒါဟာ သိသာတဲ့ပူးပေါင်းမှု ဖြစ်လာနိုင်လို့ တရုတ်အတွက် သတိထားစရာဖြစ်လာပါလိမ့်မယ်။

သေချာတာကတော့‌ အာရှ-ပစိဖိတ်ဒေသဟာ နောက်ကာလအတွင်း စစ်ရေးအရ ပိုတင်းမာမှုတွေ မြင်တွေ့ရဖို့ သေချာနေပြီဆိုတာ တင်ပြရင်းယခုရက်သတ္တပတ်နိုင်ငံတကာသတင်းဖော်ပြမှုကို ရပ်လိုက်ချင်ပါတယ်။

မင်းထက်