【တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက်】 ဘိုင်ဒင်၏ အာရှဗျူဟာသစ် စတင်ပြီလား

【တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက်】 ဘိုင်ဒင်၏ အာရှဗျူဟာသစ် စတင်ပြီလား

ယခုတစ်ပတ်နိုင်ငံတကာသတင်းတွေကို ကြည့်ရင် စစ်ရေးနဲ့ နိုင်ငံရေးတင်းမာမှုသတင်းတွေက ဥရောပကနေ အာရှဘက်လှည့်လာနေတာကို တွေ့ရပါတယ်။ ယခုရက်ထဲမှာ အာရှခရီးစဉ်အဖြစ် တောင်ကိုရီးယားနဲ့ ဂျပန်ကို ရောက်လာပြီး တိုကျိုမှာပြုလုပ်မယ့် QUAD ထိပ်သီးအစည်းအဝေးတက်မယ့် အမေရိကန်သမ္မတဘိုင်ဒင်ရဲ့ ခရီးစဉ်က အတော်လေးကို လှုပ်ခတ်ခဲ့ပါတယ်။ ဥရောပမှာ ရုရှားကျူးကျော်စစ်ကြောင့် စစ်ရေးတင်းမာမှုတွေက အရှိန်မြင့်လာမယ့် အနေအထားရောက်ဖို့ နှစ်ဘက်စောင့်ကြည့်နေချိန်ရောက်နေတယ်လို့ ထင်နေချိန်မှာ ဘိုင်ဒင်ရဲ့ အာရှခရီးစဉ်က တရုတ်နဲ့ တင်းမာမှုကို ပြန်လည်အစပြုလာမယ့် အနေအထားဖြစ်လာခဲ့ပါတယ်။

ကမ္ဘာတစ်လွှားကိုကြည့်မယ်ဆိုရင် ယခုရက်ပိုင်း နိုင်ငံတကာဖြစ်ပေါ်မှု သတင်းတွေက စိတ်ဝင်စားစရာတွေ များခဲ့ပါတယ်။ ဒီထဲမှာ အာဏာရှင်ဟောင်းဖာဒီနန်မားကို့စ်ရဲ့သား ဖိလစ်ပိုင်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့လို့ ဖိလစ်ပိုင်အတိုက်အခံတွေက မဲရလဒ်ပိတ်ပင်ဖို့ တောင်းဆိုတဲ့သတင်းတွေ၊ အီရတ်ဝန်ကြီးချုပ်ကားတန်းကို ပြည်သူတွေက ခဲနဲ့ထုတဲ့ သတင်းတွေ၊ ကုလလူ့အခွင့်အရေးအကြီးအကဲရဲ့ တရုတ်ခရီးစဉ်ကို အမေရိကန်က ဝေဖန်ခဲ့တာတွေ၊ ရုရှားကျူးကျော်တပ်တွေကို အပြင်းအထန်ခုခံနေတဲ့ မာရီယူပိုလ်မြို့က သံမဏိစက်ရုံထဲကယူကရိန်းတပ်ဖွဲ့တွေ လက်နက်ချခဲ့တာတွေ၊ အမေရိကန်က ကျူးဘားအပေါ် ကန့်သတ်ချက်တွေ ဖြေလျှော့ပေးလိုက်တာတွေ ၊ အီရန်မှာ ကုန်ဈေးနှုန်းကြီးမြင့်လာတဲ့အတွက်  ဆန္ဒပြပွဲဖြစ်ပွားနေတဲ့ သတင်းတွေ၊ အိန္ဒိယမှာ  စံချိန်တင်အပူချိန် မြင့်တက်လို့ လူသေဆုံးမှုတွေရှိလာခဲ့တာတွေ၊ လစ်ဗျားနိုင်ငံ ထရီပိုလီမြို့မှာ တိုက်ပွဲ တွေဖြစ်ပွားနေတဲ့ သတင်းတွေ စတဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့ သတင်းတွေရှိခဲ့ပါတယ်။

ဒီတစ်ပတ်မှာ အဲဒီသတင်းတွေကို ကျော်ပြီး စိတ်ဝင်စားဖို့ ကောင်းခဲ့တာက အစောပိုင်းကဖော်ပြခဲ့တဲ့ အမေရိကန်သမ္မတရဲ့ အာရှခရီးစဉ်ပါဘဲ။ ဒီခရီးစဉ်က ယူကရိန်းအရေးကြောင့် ခေတ္တအရှိန်လျော့သွားတဲ့ အာရှ အပေါ် အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ အာရုံစိုက်မှုကို ပြန်တွေ့လာရပါတယ်။ အမေရိကန်သမ္မတရဲ့ အာရှခရီးစဉ် ဘာတွေထူးမလဲ ဘာတွေ ဖြစ်လာနိုင်ခြေရှိလဲဆိုတာ ယခုတစ်ပတ်ရဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတွေဘဲ ဖြစ်ပါတယ်။

ဆိုင်းမဆင့်ဗုံမဆင့်လား၊ ကြိုတင် စီစဉ်မှုလား

ပြီးခဲ့တဲ့ ရက်သတ္တပတ်က အိမ်ဖြူတော်မှာ အာဆီယံခေါင်းဆောင်တွေနဲ့ ဘိုင်ဒန်တွေ့ပြီးနောက် ဘိုင်ဒင်က အာဆီယံဒေသရဲ့အရေးပါမှုကို အမြဲထည့်တွက်ထားတဲ့သဘောကို ပြောခဲ့ပါတယ်။ အထူးသဖြင့် တရုတ်နဲ့ သမိုင်းကြောင်းအရ ပဋိပက္ခဖြစ်ခဲ့တဲ့ နိုင်ငံတွေနဲ့ ဆက်ဆံမှုကို ပိုတိုးမြှင့်နိုင်အောင် အထူးအားထုတ်ခဲ့တာကိုတွေ့ရ ပါတယ်။ မေ ၁၃ ရက်က အိမ်ဖြူတော်မှာပြုလုပ်တဲ့ နှစ်ရက်ကြာ အာဆီယံခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲမှာ ဘိုင်ဒင်က ပစိဖိတ်ဒေသကို အလေးပေးကြောင်းပြသရန် ကြိုးစားတဲ့အနေနဲ့ အရှေ့တောင်အာရှရဲ့ ရာသီဥတု၊ ရေကြောင်းနဲ့ အများပြည်သူကျန်းမာရေးအခြေခံအဆောက်အအုံတွေ ပံ့ပိုးတဲ့အနေနဲ့ ဒေါ်လာသန်း ၁၅၀ ကျော် ကူညီမယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ ဒါဟာ မဲခေါင်မြစ်ဝှမ်းဒေသလို့ ခေါ်တဲ့ အင်ဒိုချိုင်းနားကျွန်းဆယ်ကို တရုတ်ရဲ့ ဩဇာရိပ်အောက်ကနေ ဆွဲထုတ်တဲ့ လုပ်ဆောင်မှုဘဲ ဖြစ်ပါတယ်။

အာရှ-ပစိဖိတ်ဒေသရဲ့ အခင်းအကျင်းက ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံတကာသတင်းတွေထဲမှာ ခေတ္တမှေးမှိန်နေပေမယ့် စစ်ပွဲစတင်တဲ့ ဖေဖေါ်ဝါရီ ၂၄ ရက်နောက်ပိုင်းကနေ ယခုချိန်ထိ တင်းမာမှုတွေ၊နိုင်ငံရေးပြောင်းလဲမှုတွေက ဆက်တိုက်ရှိနေခဲ့တာပါ။ အထူးသဖြင့် အမေရိကန်နဲ့ စစ်ရေးအရရော၊ နိုင်ငံရေးအရပါ ဒေသတွင်း မဟာ မိတ်ဖြစ်တဲ့ ဂျပန်၊တောင်ကိုရီးယား၊ဩစတြေးလျတို့မှာ ခေါင်းဆောင်အပြောင်းအလဲတွေ ဖြစ်ခဲ့သလို ထိုင်ဝမ်နဲ့ နီးစပ်ပြီး အရေးပါတဲ့ ဖိလစ်ပိုင်မှာလည်း ခေါင်းဆောင်သစ်တက်လာခဲ့ပါတယ်။ ဒီလို ခေါင်းဆောင်အသစ်တွေနဲ့ တွေ့ ဖို့ရာအပြင် ဒေသတွင်းအခင်းအကျင်းသစ်ကို ဖန်တီးဖို့အတွက် တိုကျိုမှာကျင်းပမယ့် QUAD အဖွဲ့ဆွေးနွေးပွဲဟာ ဘိုင်ဒင်အတွက်အရေးပါတဲ့ အနေအထားဖြစ်နေတာကိုတွေ့ရပါတယ်။

ဘိုင်ဒင်ရဲ့ တောင်ကိုရီးယားခရီးစဉ်အစမှာဘဲ တရုတ်က တောင်တရုတ်ပင်လယ်မှာ စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတသစ်အဖြစ် သဘောထားတင်းမာသူ Yoon Suk-yeol ရဲ့ ပထမဆုံးဧည်သည်တော်ဖြစ်ခဲ့တာကိုကြည့်ရင်  ဒါဟာ အမေရိကန်အတွက် တောင်ကိုရီးယားဟာ  ဘယ်လောက်အရေးပါနေသလဲဆိုတာ ထင်ဟပ်နေပါတယ်။  ၃ ရက်ကြာတဲ့ အဲဒီခရီးစဉ်မှာ အမေရိကန်နဲ့တောင်ကိုရီးယားနိုင်ငံ ခေါင်း ဆောင်နှစ်ဦးဟာ နှစ်နိုင်ငံအကြား စစ်ရေးအရမြှင့်တင်ဆောင်ရွက်ဖို့ အပြန်အလှန်ကတိပြုခဲ့ကြပါတယ်။ ဒေသတွင်း မြောက်ကိုရီးယားရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေရှိနေတဲ့အချိန်မှာ ထွက်လာတဲ့ ဒီကတိပြုမှုထဲမှာ နှစ်နိုင်ငံစစ်ရေး ပူးတွဲလေ့ကျင်မှုတွေနဲ့ သင်တန်းတွေကို ကိုရီးယားကျွန်းဆွယ်တစ်ဝိုက် တိုးမြှင့်လုပ်ဆောင်ဖို့ဆိုတာလည်း ပါဝင်ခဲ့ပါတယ်။ ဒါဟာ ဒေသတွင်းတင်းမာမှုမြင့်တက်လာနိုင်တဲ့အနေအထားပါ။ဒီခရီးစဉ်အတွင်းမှာ ဒီလိုကတိကဝတ်ပြုမှုတွေက အမေရိကန်အတွက်လည်း အကျိုးဖြစ်ထွန်းခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် ဟွန်ဒေးကုမ္ပဏီဟာ အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်မှာ ဒေါ်လာ (၅.၅) ဘီလီယံတန်ဖိုးရှိ လျှပ်စစ်ကားစက်ရုံနဲ့ ဘက်ထရီစက်ရုံကို တည်ဆောက်ဖို့နဲ့ နောက်ထပ် (၅) ဘီလီယံကိုတော့ အလိုအလျောက် မောင်းကားတွေနဲ့ ဉာဏ်ရည်တုဆိုင်ရာ နည်းပညာလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ သဘောတူညီမှုရခဲ့လို့ဘဲ ဖြစ်ပါတယ်။

ဒီလိုဘိုင်ဒင် အာရှခရီးစဉ်ရောက်ရှိနေစဉ်မှာ ဂျပန်ဘက်က တရုတ်ဘက်ကို ကန့်ကွက်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါက အရှေ့ တရုတ်ပင်လယ်ပြင်ထဲက ရေပိုင်နက်အငြင်းပွားနေတဲ့နေရာမှာ တရုတ်နိုင်ငံဘက်က ရေနံနဲ့ ဓါတ်ငွေ့တူးဖော်ရေးစင်တွေ ဆောက်လုပ်တာနဲ့ ပတ်သက်ပြီး ဂျပန်ဘက်က ကန့်ကွက်ခဲ့တာပါ။  ဒီနေရာတွေက ၂၀၀၈ ခုနှစ်တုန်းက အဲဒီအငြင်းပွားစရာ ရေပိုင်နက်အတွင်းမှာရှိတဲ့ ပင်လယ်ရေအောက် ရေနံနဲ့ဓါတ်ငွေ့သယံဇာတ တွေကို ပူးတွဲထုတ်ယူဖို့ သဘောတူခဲ့ကြတာဖြစ်ပြီး ဆွေးနွေးမှုတွေကိုတော့ ၂၀၁၀ မှာ ရပ်ဆိုင်းထားခဲ့တာ ဖြစ်လို့  ဂျပန်ဘက်က ကန့်ကွက်ခဲ့တာပါ။

တရုတ်နဲ့ ပတ်သက်ပြီး ဒေသတွင်းနိုင်ငံတွေက ထရမ့်လက်ထက်ကနဲ့ ဘိုင်ဒင်လက်ထက် မတူညီခဲ့ပါဘူး။ ဘိုင်ဒင်လက်ထက်မှာ တရုတ်နဲ့ပတ်သက်လာရင် အကဲပိုဆတ်လာခဲ့ပါတယ်။ မကြာသေးမီက အတိုက်အခံ လေဘာပါတီ အနိုင်ရခဲ့တဲ့ ဩစ‌တြေးလျဆိုရင် ရွေးကောက်ပွဲမှာ တရုတ်ရဲ့ဒေသတွင်းခြိမ်းခြောက်မှုက အကောင်းဆုံး မဲဆွယ် အသုံးချစရာ အကြောင်းပြချက်ကောင်းဖြစ်ခဲ့ပါတယ်။ အထူးသဖြင့်  ဆော်လမွန်ကျွန်းနဲ့ တရုတ်သဘော တူညီချက်လက်မှတ်ရေးထိုးခဲ့မှုပါဘဲ။ ဒီလို တရုတ်အပေါ် သဘောထားတင်းမာမှုရှိတဲ့ ဩစတြေးလျနိုင်ငံက ဒီတစ်ပတ်ထဲမှာ သူ့နိုင်ငံအနောက်ဘက်ကမ်းရိုးတန်းအနီး ခပ်လှမ်းလှမ်းမှာ တရုတ်စစ်သင်္ဘောတစ်စီး ရစ်ဝဲနေလို့ ဒါရန်စတာဆိုပြီး ဩစတြေးလျကာကွယ်ရေးဝန်ကြီးက ပြောခဲ့တာ ရှိပါသေးတယ်။ ဒီလို အခြေအနေတွေရှိနေတဲ့အတွက် တိုကျိုမှာ ကျင်းပမယ့် QUAD ထိပ်သီးအစည်းအဝေးမှာ တရုတ်နဲ့ ပတ်သက်ပြီး ဘယ်လို ဆွေးနွေးဖို့ရှိနေကြသလဲဆိုတာ စိတ်ဝင်စားစရာကောင်းလာခဲ့ပါတယ်။

အစောပိုင်းထွက်လာတဲ့ သတင်းတွေအရဆိုရင် ဒီထိပ်သီးအစည်းအဝေးမှာ တရုတ်ရဲ့ BRIကို တန်ပြန်ဖို့ တစ်စိတ်တစ်ပိုင်းအဖြစ် “၂၁ ရာစု စီးပွားရေး အစီအစဉ်” လို့ အိမ်ဖြူတော်က ဖော်ပြထားတဲ့  အင်ဒို-ပစိဖိတ် စီးပွားရေး မူဘောင်ကို စတင်ကြေညာဖို့ရှိနေတယ်ဆိုတာပါဘဲ။ ဘိုင်ဒင်ရဲ့ အာရှခရီးစဉ်ကို မေ ၂၂ ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အမေရိကန်ပြည်ထောင်စု၏ အာရှဒေသဆိုင်ရာ သံတမန်ရေးမဟာဗျူဟာ ကျရှုံးနေပြီဆိုပြီး ပြောခဲ့ပါတယ်။ QUADထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်ကြေညာမယ့် အင်ဒို-ပစိဖိတ်ဒေသ မဟာဗျူဟာနဲ့ ပတ်သက်ပြီး ဒါဟာ ကွဲလွဲမှုတွေဖြစ်အောင် ဖန်တီး၊ အချင်းချင်း ထိပ်တိုက်တွေ့အောင် လှုံ့ဆော်ပြီး တည်ငြိမ်မှုပျက်ပြားအောင် လုပ်ဆောင်နေတဲ့ နည်းလမ်းပဲဖြစ်ပါတယ် ဆိုပြီး ပြောခဲ့ပါတယ်။

တရုတ်နဲ့ အမေရိကန်ဟာ ယခင်ကတည်းက တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်မှာ တရုတ်ရဲ့လှုပ်ရှားမှုတွေ ၊ ထိုင်ဝမ်အရေး၊ တရုတ်နိုင်ငံ ရှင်ကျန်းဒေသ၏ လူ့အခွင့်အရေးအခြေအနေတို့အပါအဝင် ကိစ္စရပ်အများအပြားနှင့်ပတ်သက်ပြီး တင်းမာမှု ဖြစ်ပွားလျက်ရှိနေတာပါ။ ဒီကြားထဲမှာ မြောက်ကိုရီးယားရဲက နျူလက်နက် တကျော့ပြန်စမ်းသပ်နိုင်တဲ့ အခြေအနေနဲ့လည်းကြုံနေရချိန်ဖြစ်လို့ အမေရိကန်သမ္မတဘိုင်ဒင်လာ ရောက်မှုဟာ အာရှ-ပစိဖိတ်ဒေသကို လှုပ်ခတ်မှုပြင်းထန်စေခဲ့ပါတယ်။

ဒီလိုအခြေအနေမှာ ဘိုင်ဒင်က တောင်ကိုရီးယားကနေ ဂျပန်ကို ရောက်တဲ့အခါ အဖွဲ့ဝင် ၁၂ နိုင်ငံ ပါဝင်တဲ့ အင်ဒို-ပစိဖိတ် ကြွယ်ဝချမ်းသာရေး စီးပွားရေး မူဘောင် IPEF ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီ ၁၂ နိုင်ငံက တောင်ကိုရီးယား၊ သြစတြေးလျ၊ ဘရူနိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင်လာပါတယ်။ဒီ မူဘောင်အဖွဲ့ဟာ သမ္မတဟောင်း ထရမ့် နုတ်ထွက်ခဲ့တဲ့ ပစိဖိတ်ဖြတ်ကျော် မဟာမိတ် ကုန်သွယ်ရေးသဘောတူညီချက်အစား ပြန်ဖွဲ့ခဲ့တာဖြစ်လို့ အဲဒီအဖွဲ့မှာပါဝင်တဲ့ တရုတ်ဘက်က ကန့်ကွက်ပြောခဲ့တာပဲ ဖြစ်ပါတယ်။

မေ ၂၃ ရက်မှာ အမေရိကန်သမ္မတဘိုင်ဒင်က မထင်မှတ်ထားတဲ့ စကားတစ်ခွန်းကို သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ တိုကျိုမှာပြုလုပ်တဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနှင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ ဘိုင်ဒင်ကို သတင်းထောက်တစ်ဦးက “သမ္မတကြီးက ယူကရိန် ပဋိပက္ခမှာ စစ်ရေးအရ ပါဝင်ပတ်သက်လိုခြင်း မရှိရတဲ့ အကြောင်းက ထင်ရှားပါတယ်။ ထိုင်ဝမ်မှာ အဲဒီလိုမျိုးဖြစ်ရင် ကာကွယ်ဖို့ စစ်ရေးအရ ပါဝင်ပတ်သက်လိုပါသလား”လို့ မေးရာမှာ ဘိုင်ဒင်က “ဟုတ်ကဲ့၊ ပါဝင်သွားမှာပါ” လို့ ခပ်ပြတ်ပြတ်ဖြေပြီး “ဒါဟာ ကျနော်တို့ ပေးထားတဲ့ ကတိကဝတ်ဖြစ်တယ်” လို့ ဆက်ပြောခဲ့တဲ့အတွက် အားလုံးအံအားသင့်ခဲ့ရပါတယ်။

နောက်ပိုင်းမှာ ကာကွယ်တဲ့အနေနဲ့ ဒီလိုသဘောမျိုးမပေါက်အောင် သတင်းထောက်များထံ အိမ်ဖြူတော်က  အလျင်အမြန်ပေးပို့တဲ့ ကြေညာချက်ထဲမှာ  ထိုင်ဝမ်အနေနဲ့ သူ့ကိုယ်သူကာကွယ်ဖို့ စစ်ရေးနည်းလမ်းတွေ ထိုင်ဝမ်ပေးဖို့ ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေပါ ကတိကဝတ်ကိုသာ ပြောကြားတာဖြစ်တယ် လို့ဖော်ပြခဲ့ပေမယ့် ဒါဟာ တရုတ်အတွက် ဒေါသူပုန်ထစရာဖြစ်သလို မကြာခင်က ရုရှားက ယူကရိန်းကို မကျူးကျော်ခင် ပူတင်ကို ဆွပေးသလိုပြောခဲ့တဲ့ ဘိုင်ဒင်စကားတွေကို အမှတ်ရစရာပါ။

ယခုထိ တရုတ်ဘက်က ထုတ်ပြန်ချက်မထွက်သေးပေမယ့် တရုတ်ကို ဘိုင်ဒင်လက်ထက်မှာ အဓိကထားတဲ့ မဟာဗျူဟာက စတင်လာနေပြီလားဆိုတာ စိတ်ဝင်စားစရာပါဘဲ။ ယူကရိန်းစစ်ရေးအရှိန်လျော့ချိန်မှာ အာရှကိုလာရောက်တဲ့ အမေရိကန်သမ္မတဘိုင်ဒင်ရဲ့ မဟာဗျူဟာက ဘာလဲဆိုတာ မကြာခင် သိရဖို့များနေပါတယ်။

မင်းထက်