【တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက်】 ရုရှားရဲ့ နျူကလီးယား ခြိမ်းခြောက်အကျပ်ကိုင်မှု အလားအလာ

【တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက်】 ရုရှားရဲ့ နျူကလီးယား ခြိမ်းခြောက်အကျပ်ကိုင်မှု အလားအလာ

ယခုတစ်ပတ်နိုင်ငံတကာသတင်းတွေကိုကြည့်ရင် အများစုက ကောင်းတဲ့သတင်းနည်းသလို တချို့သတင်းတွေက စိုးရိမ်စရာကောင်းတဲ့ သတင်းတွေလည်းရှိခဲ့ပါတယ်။ သီရိလင်္ကာသမ္မတဟောင်းရဲ့ ပြည်ပထွက်ပြေး တိမ်းရှောင်နေရပြီး ထိုင်းကို ရောက်လာတဲ့ သတင်းကလည်း တရားရစရာကောင်းပါတယ်။ တခြားသော သတင်း တွေဖြစ်တဲ့ အာဖဂန်မှာ အမျိုးသမီးတွေက အလုပ်အကိုင်အခွင့်အရေးအတွက် ဆန္ဒပြရာမှာ တာလီဘန်တွေက သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းတဲ့ သတင်းတွေ၊ အမေရိကန်သမ္မတဟောင်းထရမ့်ရဲ့အိမ်ကို FBIတွေ ဝင်စီးပြီး စာရွက်စာတမ်းတွေ သိမ်းဆည်းခဲ့တာ၊ အီရန်က သတ်ဖို့ခြိမ်း ခြောက်ခံခဲ့ရတဲ့ ကမ္ဘာကျော် စာရေးဆရာ Salman Rushdie ဟာ နယူးယောက်ပြည်နယ်က ဟောပြောပွဲတစ်ခုအတွင်း တိုက်ခိုက်ခံခဲ့ရလို့ သေလုနီးပါး စိုးရိမ်ရတဲ့အခြေအနေ ရောက်နေတာ၊ပြင်သစ်နဲ့ စပိန်မှာတောမီးအကြီးအကျယ် လောင်ကျွမ်းနေတာ၊ မြောက်ကိုရီးယားက သူ့နိုင်ငံမှာ ကိုဗစ်ရောဂါတိုက်ဖျက်ရေးအောင်မြင်ပြီဆိုပြီး နိုင်ငံပိုင်ရုပ်သံကနေ ကြေညာခဲ့တာ၊ ကွန်ဂိုထောင်ကို သူပုန်တွေ ဝင်တိုက်ခိုက်လို့ အကျဉ်းသား ၇၀၀ ကျော် ထွက်ပြေးလွတ်မြောက်သွားတာ ၊ အမေရိကန်မှာ မျောက်ကျောက် ရောဂါကူးစက်မှု တိုးပွားလာလို့ ကျန်းမာရေး အရေးပေါ်အခြေအနေကြေညာရတာ စတဲ့ သတင်းတွေ  ဒီတစ်ပတ်မှာ ဖြစ်ခဲ့ပါတယ်။

သတင်းအများစုထဲမှာ အာလုံးစိတ်ဝင်စားခဲ့တာက ယူကရိန်းစစ်ရေးသတင်းနဲ့ ထိုင်ဝမ်ကို နန်စီပယ်လိုစီ သွားပြီးနောက် ဖြစ်လာတဲ့ အမေရိကန်နဲ့ တရုတ်အကြားတင်းမာမှုသတင်းတွေပါဘဲ။ အမေရိကန်- တရုတ် တင်းမာမှုသတင်းဟာ ဒေသတွင်းကိုပါ ရိုက်ခတ်လာနေတဲ့အတွက် နိုင်ငံတကာနဲ့ ဒေသတွင်းကပါ စောင့်ကြည့်နေရတဲ့ အခြေအနေဖြစ်နေပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ယူကရိန်းသတင်းတွေနဲ့ အမေရိကန်- တရုတ် ဆက်ဆံရေး အခြေအနေသတင်းတွေကို အထူးကောက်နုတ်ဖော်ပြချင်ပါတယ်။  

အကြမ်းဖက်မှုကို အားပေးတဲ့ နိုင်ငံအဖြစ် ရုရှားကို  သတ်မှတ်တော့မလား

မကြာသေးခင်က အရှေ့ဥရောပနိုင်ငံတစ်ခုဖြစ်တဲ့ လတ်ဗီးယားနိုင်ငံက ရုရှားနိုင်ငံကို အကြမ်းဖက်မှုကို ကမကထပြုအားပေးတဲ့ နိုင်ငံတစ်ခုအဖြစ် လတ်ဗီးယားလွှတ်တော်က အတည်ပြုခဲ့ပါတယ်။ ဒါဟာ ရုရှားအတွက် အကြမ်းဖက်နိုင်ငံအဖြစ် အီရန်၊ မြောက်ကိုရီးယား၊ ဆူဒန်၊ ဆီးရီးယား၊ အာဖဂန်နိုင်ငံတွေလို ကမ္ဘာက အလုံးစုံပိတ်ဆို့ထားတဲ့ နိုင်ငံတွေထဲ ပါဝင်သွားဖို့ လမ်းစတစ်ခုပါဘဲ။ မကြာသေးခင်က ရုရှားမီဒီယာတစ်ခုဖြစ်တဲ့ တက်စ်က ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန မြောက်အမေရိက တိုက်ခွဲ အကြီးအကဲရဲ့ ပြောစကားကိုကိုးကားပြီး ဖော်ပြခဲ့တာ တစ်ခုရှိပါတယ်။ ဒါက အမေရိကန်က ရုရှားကို အကြမ်းဖက်အားပေးနိုင်ငံအဖြစ် သတ်မှတ်ရင်၊ ရုရှားပိုင်ဆိုင်မှုတွေကို သိမ်းဆည်းခဲ့ရင် ရုရှားနဲ့ အမေရိကန်ကြား သံတမန်ဆက်ဆံရေးက အဆုံးသတ်သွားမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တာပါ။

ဒီလိုခြိမ်းခြောက်မှုတွေကို ပြန်ကြည့်မယ်ဆိုရင် အမေရိကန်နဲ့ အနောက်အုပ်စုက လုပ်စရာရှိတာတွေကို လုပ်လေ့ရှိပြီး တိုက်တွန်းတာတွေ ခြိမ်းခြောက်တာတွေကို သိပ်ဂရုစိုက်လေ့မရှိတာကိုတွေ့ရပါတယ်။ အထူးသဖြင့် ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေတာ နှစ်ဝက်ထဲ ဝင်လာချိန်မှာ ရုရှားအနေနဲ့ ပြောပလောက်အောင် ယူကရိန်းကို သိမ်းယူနိုင်တာမတွေ့ရဘဲ ယူကရိန်းစစ်နွံထဲ နစ်နေတာ ရုန်းထွက်မရဖြစ်လာနေတာကိုတွေ့ရပါတယ်။ဒီတစ်ပတ်မှာ  ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး သတင်းတွေက သိပ်ပြီးမကောင်းလှပါဘူး။ ယူကရိန်းတောင်ပိုင်း ဇာပိုရစ်ဇီယာ နျူကလီးယား စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို တိုက်ခိုက်ခံရမှုဟာ ကမ္ဘာ့ထိပ်တန်း သတင်းဖြစ်လာနေ သလို စောင့်ကြည့်နေရတဲ့ အနေအထားလဲ ဖြစ်လာပါတယ်။

ဒီနျူကလီးယားစက်ရုံကို ပြီးခဲ့တဲ့ ရက်သတ္တပတ်က စနေ၊တနင်္ဂနွေမှာ စတင်တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး နောက်ရက်တွေမှာ တိုက်ခိုက်ခံရမှုရပ်နားခဲ့ပေမယ့် ဒီတစ်ပတ် စနေနေ့မှာ ထပ်တိုက်ခိုက်ခံခဲ့ရတဲ့အတွက်  ဒါဟာ ကမ္ဘာအတွက် စိုးရိမ်စရာ အရေးကြီးကိစ္စတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ဒီလို တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ယူကရိန်း နဲ့ ရုရှားအပြန်အလှန် အပြစ်တင်နေပေမယ့် နိုင်ငံတကာကတော့ ဒီလိုပစ်ခတ်တာဟာ ရုရှားတိုက်ခိုက်မှုသာဖြစ်နိုင်မယ်ဆိုပြီး ယူဆမှုတွေလည်းရှိနေပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် နျူကလီးယားမတော်တဆမှု ဖြစ်လာနိုင်တာကို နိုင်ငံတကာအဖွဲ့အစည်းတွေက သတိပေးနေတာကိုလည်း တွေ့ရပါတယ်။ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ယူကရိန်းသမ္မတကတော့ ဒီ နျူကလီးယားစက်ရုံကို  တိုက်ခိုက်တဲ့ ရုရှားတပ်ဖွဲ့ပဲဖြစ်ဖြစ် ဒါမှမဟုတ် အဲဒီစက်ရုံကို အကာအကွယ်ယူပြီး ပစ်ခတ်တဲ့ ရုရှားတပ်ဖွဲ့ပဲဖြစ်ဖြစ် ယူကရိန်းရဲ့ ပစ်မှတ်ဖြစ်လာမယ်ဆိုပြီးပြောခဲ့ပါတယ်။

နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA)အကြီးအကဲကတော့ ယင်းဓာတ်အားပေးစက်ရုံမှာ  ဆိုးရွားသော ပဋိပက္ခပေါ်ပေါက်လာမယ်ဆိုပြီးပြောခဲ့ပါတယ်။ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးက ဒီလို နျူကလီးယားစက်ရုံကို တိုက်ခိုက်မှုဟာ ရုရှားရဲ့ နျူကလီးယား ခြိမ်းခြောက်အကျပ်ကိုင်မှုလို့ စွပ်စွဲခဲ့ပါတယ်။ ဒီအတွက်ဇာပိုရီရှားနျူကလီးယားဓာတ်အားပေးစက်ရုံ ကျူးကျော်သိမ်းပိုက်ထားတာကို စွန့်လွှတ်ဖို့ တောင်းဆိုခဲ့သလို G-7 က မော်စကိုအနေနဲ့ နျူကလီးယားသုံး ဓာတ်အားပေးစက်ရုံ အပြည့်အဝထိန်းချုပ်ထားမှုကို ချက်ချင်း ပြန်လည်လွှဲပြောင်းပေးဖို့  ဆော်သြခဲ့ပါတယ်။

ရုရှားအနေနဲ့ ယူကရိန်းသမ္မတစွပ်စွဲသလို နျူကလီးယားခြိမ်းခြောက်မှုနဲ့ အကျပ်ကိုင်ရလောက်အောင် စစ်ရေးအကျပ်တွေ့နေပြီလားဆိုတာ ပြောရခက်ပါတယ်။ ဒါပေမယ့် ရုရှားကိုနိုင်ငံရေးနဲ့ စစ်ရေးအရ အထီးကျန်အောင် ဖော်ဆောင်နေတဲ့အတွက် တဖြည်းဖြည်းရုရှားအကျပ်တွေ့နေတာကိုတော့ တွေ့ရပါတယ်။ ရေနံက လက်ရှိမှာ စျေးအမြင့်ဆုံးရနေတယ်ဆိုပေမယ့် အမေရိကန်က အီရန်နဲ့ ဗင်နီဇွဲလားလိုထိပ်တန်းရေနံ ထုတ်လုပ်နိုင်တဲ့ နိုင်ငံတွေက ရေနံတွေ စျေးကွက်ထဲဝင်လာအောင် ညှိနှိုင်းတာတွေ လုပ်နေတဲ့အတွက် ရုရှားရေနံနဲ့ သဘာ၀ဓာတ်ငွေ့က ကြာရှည်မှာ အထိနာလာဖို့ များနေပါတယ်။ ဒါ့အပြင် ရုရှားကို စီးပွားရေးအရ ကန့်သတ်ပိတ်ဆို့မှုတွေလုပ်ထားတာကြောင့်လည်း ရုရှားစီးပွားရေးက ကြာလေထိလာလေဖြစ်ဖို့အရိပ်ယောင်တွေ မြင်နေရပါတယ်။

လက်ရှိမှာ အနောက်နိုင်ငံတွေ ပိတ်ဆို့မှုကို အတိုင်းအတာတစ်ခုထိ တောင့်ခံနိုင်တယ်ဆိုပေမယ့် ကြာရှည်မှာ ရုရှားအနေနဲ့ စီးပွားရေးနဲ့ နိုင်ငံတကာရေးရာမှာ အထီးကျန်ဖြစ်လာခဲ့ရင် ဒါဟာ ရုရှားပြည်တွင်းရေးကို အနည်းနဲ့အများဆိုသလို ထိခိုက်လာစေနိုင်တဲ့ အတွက် ယူကရိန်းစစ်နွံကနေရုန်းထွက်ဖို့ဆိုတာ ရုရှား အတွက် အရေးတကြီးလုပ်ဆောင်ရမယ့် ကိစ္စဖြစ်လာနေပါတယ်။ ဒီလိုအချိန်မှာ နျူကလီးယားစက်ရုံအရေးပေါ် ပေါက်လာတဲ့အတွက် စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။ဒီအတွက် ယူကရိန်းသမ္မတပြောသလို နျူကလီးယား ခြိမ်းခြောက်မှုနဲ့ ရုရှား အကျပ်ကိုင်နေပြီလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ပြင်းထန်လာတဲ့ တရုတ်-အမေရိကန်တင်းမာမှု

တရုတ်က ခွဲထွက်ပြည်နယ်လို့ သတ်မှတ်ထားတဲ့ ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီ လာရောက်ပြီးတဲ့နောက် တရုတ်နဲ့ အမေရိကန်အကြားတင်းမာမှုဟာ ပိုပြီး ပြင်းထန်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ အပတ်မှာ အမေရိကန်က တစ်ပိုင်းလျှပ်ကူးပစ္စည်းလို့ခေါ်တဲ့ ဆီမီးကွန်ဒပ်တာ ပြည်တွင်း ထုတ်လုပ်မှုကိုအားပေးဖို့အတွက် Chip and Science Act လို့ခေါ်တဲ့ ဥပဒေမူကြမ်းကို ဩဂုတ် ၉ ရက်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။ ဒီထဲမှာ  တရုတ်-အမေရိကန်နည်းပညာနှင့် သိပ္ပံဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများကို ကန့်သတ်ထားသော အချက်တွေပါလို့ ပြိုင်ဆိုင်မှု ကြီးမားတဲ့ နည်းပညာနယ်ပယ်မှာ တရုတ်ရဲ့ အားနည်းချက်ကို ထိရောက်စွာထိုးနှက်ဖို့အတွက် ရည်ရွယ်နေတယ်ဆိုတာ ထင်ရှားနေပါတယ်။

တရုတ်ဘက်ကလည်း မကြာသေးခင်ရက်မှာ အမေရိကန်စတော့စျေးကွက်ကနေ တရုတ်ကုမ္ပဏီကြီး ၅ ခုကို နုတ်ထွက်ခဲ့တာရှိပါတယ်။အကြောင်းပြချက်ကတော့ ပွင့်လင်းမြင်သာစွာ စာရင်းဇယားတွေ ရှင်းလင်းပြသရတာ လုံခြုံရေးဆိုင်ရာ အကြောင်းပြမှုကြောင့်ပါဘဲ။ အမေရိကန်အနေနဲ့ ဥရောပမှာ ရုရှားကို ယူကရိန်းစစ်နဲ့ မလှုပ်သာအောင် နစ်စေပြီးနောက် တရုတ်ကို ဦးတည်ထားတဲ့ မဟာဗျူဟာက ပိုပြီး ရုပ်လုံးကြွစေခဲ့ပါတယ်။ ဒီရက်ပိုင်းမှာ သီရိလင်္ကာဟန်ဘိုတာဆိပ်ကမ်းကိုဆိုက်ကပ်မယ့် တရုတ်သုတေသနသင်္ဘောကို သူလျှိုလုပ်နိုင်တယ်၊ ဒေသတွင်း ခြိမ်းခြောက်ရာရောက်စေတယ်ဆိုပြီး အမေရိကန်နဲ့ အိန္ဒိယက ကန့်ကွက်ခဲ့‌ပေမယ့် ခိုင်မာတဲ့ သက်သေမပေးနိုင်တဲ့အတွက် အဆိုပါသင်္ဘော Yuan Wang 5 သင်္ဘောကို ဆိုက်ကပ်ခွင့် ပေးခဲ့တဲ့ ဖြစ်ရပ်တွေ့ခဲ့ရပါတယ်။

လက်ရှိမှာ နန်စီပယ်လိုစီလာရောက်ခဲ့တဲ့ ထိုင်ဝမ်ဂယက်မငြိမ်သေးခင်မှာ မက်ဆာချူးဆက်ပြည်နယ် ဒီမိုကရက်အထက်လွှတ်တော်အမတ် Ed. Markey ဦးဆောင်လာတဲ့ အဖွဲ့ဝင် ၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်ဝမ်ကို  အာရှခရီးစဉ်တထောက်အဖြစ် တနင်္ဂနွေနေ့မှာ ရောက်ရှိလာခဲ့ပါတယ်။ ဒါဟာ ဒေသတွင်း မတည်မငြိမ် ဖြစ်စေမှုကို ပိုအားကောင်းလာစေသလို တရုတ်နဲ့ အမေရိကန်အကြားတင်းမာမှုက ပြေလည်ဖို့ လမ်းစမရှိ နိုင်လောက်အောင် အမေရိကန်ဘက်က လုပ်နေသလို ဖြစ်လာပါတယ်။ တနင်္ဂနွေနေ့က လာရောက်တဲ့ အမေရိကန် ဒီမိုကရက်တစ်အမတ်ခေါင်းဆောင်တဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး တရုတ်ဘက်က ထုတ်ပြန်ချက်တွေ မထွက်သေးတဲ့အတွက် ဘယ်လိုတုံ့ပြန်မလဲဆိုတာ  နိုင်ငံတကာက စောင့်ကြည့်နေပါတယ်။

တရုတ်အနေနဲ့ နန်စီပယ်လိုစီ လာရောက်တာဟာ အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ်လာတဲ့ ခရီးစဉ်ဖြစ်လို့ ကန့်ကွက်တာဖြစ်ဖို့များပြီး ယခုခရီးစဉ်က ယခင်လို လွှတ်တော်အမတ်တွေ လာတဲ့ခရီးဖြစ်လို့ အရေးအရာလုပ်ပြီး ကန့်ကွက်စရာမလိုတဲ့ သဘောမို့ မတုံ့ပြန်တာလားဆိုတာလည်း ထည့်သွင်းစဉ်းစားချင်စရာပါ။ ဒီလွှတ်တော်အမတ်‌တွေ မလာခင် လာရောက်ခဲ့တဲ့ လစ်သူယေးနီးယားဒု-ဝန်ကြီးအဆင့်ကို တရုတ်ကဒဏ်ခတ်ပိတ်ဆို့ခဲ့တာကို တွေ့ရပါသေးတယ်။ ဒါ့အပြင် အမေရိကန်ဘက်က ထိုင်ဝမ်နဲ့ ကုန်သွယ်ရေးတိုးမြှင့်ဖို့ ပြောခဲ့တာတွေကြောင့် အာရှ-ပစိဖိတ်ဒေသမှာ အမေရိကန်အနေနဲ့ တရုတ်ကို ကျော်ပြီး ဩဇာလွှမ်းမိုးဖို့အတွက် တရုတ်ကိုဆန့်ကျင်တဲ့ နည်းလမ်းတောက်လျှောက် အသုံးပြုဖို့ များနေတဲ့ သဘောမျိုးတွေ့နေရပါတယ်။

ယခုလာရောက်တဲ့ ခရီးစဉ်မှာ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တွေက ထိုင်ဝမ်ခေါင်းဆောင်တွေနဲ့ “အမေရိကန်-ထိုင်ဝမ် ဆက်ဆံရေး၊ ဒေသတွင်း လုံခြုံရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များ၊ ရာသီဥတုပြောင်းလဲမှုနှင့် အပြန်အလှန် အကျိုးစီးပွားဆိုင်ရာ အခြားအရေးပါတဲ့ ပြဿနာများကို အဓိကထား ဆွေးနွေးမယ်ဆိုပြီး သတင်းထုတ်ပြန်ထားတဲ့အတွက် ဒါဟာလည်း တရုတ်အတွက် သတိထားစရာ ခရီးစဉ်ဖြစ်လာနိုင်တာမို့ တုံ့ပြန်မှု့ဘယ်လိုထွက်လာနိုင်မလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဒီအတွက် ထိုင်ဝမ်ကို တည်ပြီးလှုပ်ကစားနေတဲ့ အမေရိကန်ရဲ့နိုင်ငံရေးကစားကွက်ကို တရုတ်ဘက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာ တွက်ဆကြည့်ရင်း ဒီတစ်ပတ်နိုင်ငံတကာသတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ပါတယ်။

မင်းထက်